ဂရန်ရှိသည် ပိုင်ရှင်မရှိ
ဂရန်ရှိသည် ပိုင်ရှင်မရှိ
အခုလို မေလ ရောက်တိုင်း မှတ်မိနေပါတယ် ။ ပြီးခဲ့တဲ့ တစ်လကျော် မေလက ကျွန်တော်ထံ သင်တန်းသား
တစ်ယောက် ရောက်လာပါတယ် ။ နာမည်က “ဂွမ်ဂျာလ” တဲ့ ၊ တိုင်ရင်းသားပါ ။ သူက မြန်မာစကားတောင် ပီပီသသ မပြောနိုင်သေးပါဘူး။ဒါပေမဲ့ အလုပ်လုပ်တာမှာတော့ တော်တော်လေး စေ့စပ်သေချာပါတယ်။
“ကိုဂွမ်ဂျာလ” က သူ မ / ဒဂုံမှာ တစ်ကိုယ်တော် အကျိုးတော်ဆောင် လုပ်နေကြောင်းနဲ. အခုလို ဆရာ့ဆီမှာ သင်တန်းတက်ရတာကလဲ ပြည့်ပြည့်စုံစုံ သိချင်တတ်ချင်တာရယ် ၊
အခုလောလောဆယ်မှာ သူရဲ့မိဘတွေအတွက် သဘောကျလွန်းလို့ မ / ဒဂုံ ( ၄၂ ) ရပ်ကွက်က ( ပေ ၄၀ x ပေ ၆၀ ) မြေတစ်ကွက်ကို စရန် ပေးပြီးပြီ ဆိုတာရယ် ၊
ပြီးတော့ အဲဒီမြေကွက်ပိုင်ရှင်ကို ဘယ်လိုမှ စုံစမ်းလို့ မရဘူး ဖြစ်နေတယ် ဆိုတာရယ်ကစလို့ အလုပ်ကိစ္စတွေ တစ်ပြုံကြီးနဲ့ သင်တန်းလာတတ်တဲ့သူ တစ်ယောက်ပါ။
ကျွန်တော်ကလည်း ရိုးရိုးစဉ်းစဉ်း အလုပ်တွေ ကူညီပေးရတာတတ် ခက်ခက်ခဲခဲလေးရှိတဲ့ အရာကို ကူညီဖြေရှင်းရတာ ပိုပြီး ပျော်စရာကောင်းပါတယ်ဆိုတဲ့ လူစားမျိုးဆိုတော့ ပျော်သွားမိပါတယ် ။
ဆရာ့ကို ပြောပြီးတဲ့အတိုင်း ဂရန်မူရင်းပိုင်ရှင်ကို ရှာမရပါဘူး ၊ ဆက်စပ် စာချုပ်ကလည်း ( ၆ ) ဆင့် ရှိနေပါပြီ ၊
ဝယ်ရောင်းတွေ လက်ထဲက မြေကွက်ပါ ။ ကျွန်တော့်မိဘကလည်း သိပ်ကြိုက်နေတာမို့ ကျွန်တော် ဘာလုပ်ရမလဲ ဆရာတဲ့…
ကျွန်တော်က ကိုဂွမ်ဂျာလရေ ခင်ဗျားတို့က အမည်ပေါက် ဝယ်ရမယ်ဆိုရင်ကော ဝယ်မှာလားလို့ မေးလိုက်တော့။
ကိုဂွမ်ဂျာလက ဝယ်ပါ့မယ် ဆရာ ၊ ကျွန်တော်မိဘတွေကလည်း ရိုးရိုးကြီးတွေဆိုတော့ အားလုံး ရှင်းရှင်းလင်းလင်း ဖြစ်သွားရမှာမျိုးကို ကြိုက်ကြပါတယ်။
ကဲ “ဂွမ်” ရေ ဒါဆို ဆရာ အပြည့်အဝ ကူညီပါမယ် ။ ဆရာ့အတွက်တော့ မဆန်းပါဘူး ။ အခု အခြေအနေက ခင်ဗျားတို့ အလုပ်
နဲနဲရှုပ်မယ် ၊
“ပြီးရင် အားလုံးပျော်စရာဖြစ်သွားမှာပါဗျာ ” လို့ပြောပြီး ပထမဦးဆုံး အဆင့်အနေနဲ့ မြို့တော်စည်ပင်မှာ ဂရန်ရယ် ၊ အမည်ပေါက် နာမည်ရယ် မှန် မမှန် သွားစစ်ခိုင်းလိုက်ပါတယ် ။
“ဂွမ် ကိုယ်တိုင် သွားပါတယ် ၊ ရန်ကုန်မြို့တော်စည်ပင် “ မြို့ပြစီမံကိန်း နှင့် မြေခန့်ခွဲမှုဌာန ” မှာ “ မြေအမည်ပေါက် စိစစ်ခြင်း ” အတွက် ဂရန်မိတ္တူနဲ့ စစ်ဆေးခ ကျပ် ၅၀ဝဝ ပေးဆောင် ရပါတယ် ။
သုံးရက်ပဲ ခွာပြီး ချိန်ပါတယ် ။ “ စိစစ်ပြန်ကြားချက် ” မှာ မ / ဒဂုံ မြေတိုင်းရပ်ကွက် ( ၄၂ ) ၊ မြေကွက်အမှတ် (xxxxx) ၏ လက်ရှိအမည်ပေါက်မှာ “ ဦးတင်ဝင်း ” ဖြစ်ကြောင်းနှင့် မှန်ကန်မှု ရှိကြောင်း ဌာနမှုး ( မြေတိုင်း ) ရဲ့ လက်မှတ်နဲ့ ပြန်ကြားစာကို ရရှိခဲ့ပါတော့တယ်။
ဒီတော့ ကျွန်တော်က “ ဂွမ် ” ရေ ဆက်သာ ဝယ်ပါတော့လို့ Green Light ပေးလိုက်တော့ ယုံယုံကြည်ကြည် ဆက်ဝယ်ကြပါတော့တယ်။ဝယ်ယူတာတော့ အရပ်စာချုပ်နဲ့ပဲ ဝယ်ပါတယ် ၊ (ပေ ၄၀ x ပေ ၆၀ ) မြေနဲ့ အိမ်လေးတစ်လုံးကို လက်ရောက်ယူပြီး ငွေပြေ ချေလိုက်ကြပါတယ်။
“ ဂွမ်ရေ ဆရာလဲ ကူညီလမ်းပြရတာ သွေးပူလာပါပြီကွာ ” လို့ပြောပြီး ဒုတိယအဆင့်နေနဲ့ ဂရန်မူရင်းထဲမှာ ပါတဲ့ “ ဦးတင်ဝင်း” ရဲ့လိပ်စာနဲ့ စာတစ်စောင် ရေးပါတယ် ။
အရောင်းအဝယ် စာချုပ်စာချုပ်ကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ လာရောက် ချုပ်ဆိုပေးဖို့နဲ့ ဆက်သွယ်ရမယ့် တယ်လီဖုန်း နံပါတ်တွေကိုပါ ထည့်ပြီးရေးပါတယ် ဂရန်ထဲက လိပ်စာအတိုင်း ရေစစ္စလီလုပ်ပြီး စာတိုက်မှ ပို့ပေးလိုက်ပါတယ် ။
( ဦးတင်ဝင်း တစ်ယောက် အခုရေးသားပေးလိုက်တဲ့ လိပ်စာမှာ မရှိမှန်း သိလျက်နဲ့ ရေးလိုက်ရတာတော့ စိတ်မကောင်းဖြစ်မိပါတယ်။)
နောက်တစ်ဆင့် အနေနဲ့ ဦးတင်ဝင်းကို မှတ်ပုံတင်စာချုပ် လာရောက်ချုပ်ဆိုပေးပါရန် သတင်းစာမှာ ကြော်ငြာ ထည့်ပါတယ် ။
ဆင့်ဆို အကြောင်းကြားစာလဲ ရေးပြီးပြီ / မပြန်ပါ ။ သတင်းစာမှာလည်း ကြော်ငြာ ပြီးပြီ / မဆက်သွယ်ပါ ဆိုပြီး အရောင်းအဝယ်စာချုပ်ကြီး ချုပ်ပေးစေလိုမှုနဲ့ တရားစွဲဆို လိုကြောင်း မ / ဒဂုံမြို့နယ် တရားရုံးကို ဦးတိုက် လျှောက်ထားပါတော့တယ် ။
( ဒီအဆင့်လဲ ရောက်တော့ ဂွမ်ရဲ့ သူငယ်ချင်း ရှေ့နေ “ ဒေါ်သူဇာ ” က ကူညီပေးပါတော့တယ် ) မ / ဒဂုံမြို့နယ် တရားရုံးကလည်း လက်ခံ စစ်ဆေးပေးပါတယ် ။
ကျွန်တော်တို့လိုပဲ အကြောင်းကြားစာ ရေးတာပါပဲ ၊ ဒါပေမဲ့ တရားရုံးက ရေးတော့ “ နို့တစ်စာ ” လို့ ခေါ်ပါတယ် ။ ပြီးတော့
သတင်းစာမှာလည်း ကြော်ငြာဖို့ တရားရုံးကပဲ စီစဉ်ပေးပါတယ် ။ ကျွန်တော်တို့က သတင်းစာတိုက်ကို သွားပြီး ထည့်ခဲ့ပါတယ် ။
ကျွန်တော်တို့ ဘယ်လိုမှ ရှာလို့မတွေ့တဲ့ “ ဦးတင်ဝင်း ” တရားရုံးတော်သို့ မလာရောက်သောကြောင့် မ / ဒဂုံမြို့နယ် တရားရုံးက တရားမကြီးအမှု အမှတ် —-/ ၂၀၁၃ အမှုတွင် ပဋိညာဉ်အတိုင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးစေရန် စရိတ်နှင့်တကွ အနိုင်ဒီကရီချမှတ်ပေးလိုက်ပါတော့တယ်။
ကျွန်တော်က ပြောပြ ၊ ဂွမ်က လှုပ်ရှားနဲ့ နှစ်လကျော်လောက်ပဲ ကြာတယ် ။ “ အနိုင်ဒီကရီ ” တော့ ရလိုက်ပါပြီ ။
“ တရားရုံး အနိုင်ဒီဂရီ ” ဆိုတာက စာရွက်ကြီးဗျ ။ တရားသူကြီး လက်မှတ် ၊ တံဆိပ်တုံးနဲ့ တရားရုံးတံဆိပ်တုံးပဲ ပါတယ် ။ ဒီစာရွက်ကြီး က ကျွန်တော်တို့ကို ဘာမှ မကူညီနိုင်တာမို့ အကူအညီရဖို့ အတွက် တရားသူကြီးမင်းက “ ဇာရီမှု ” ဖွင့်ပေးလိုက်ပါတယ် ။
“ ဇာရီမှု ” ဆိုတာကို အလွယ်ဖြစ်အောင် ပြောရင် “ အလုပ်လုပ်နိုင်တဲ့ အမှုတွဲတစ်ခု ” လို့ နားလည်ထားရင် ရပါတယ် ။
ဇာရီမှု ဖိုင်တွဲဆိုတာ အစမှာတော့ ဖိုင်တွဲ အလွတ်ပါ ။
• ပထမဆုံးစာရွက်က တရားသူကြီးရဲ့ အမိန့်စာနဲ့ ဇာရီမှု အမှတ် ။
• ဒုတိယစာရွက်က တရားရုံးကိုယ်စား နှင့် တရားရှုံး ကိုယ်စား ဘီလစ်စာရေးကို ခန့်တဲ့စာ ။
• နောက်တစ်ရွက်က ဒီအမှုအတွက် တရားရုံးကိုယ်စား ဘိလစ်က မြေပုံမြေရာဇဝင် တောင်းခံလာရင်
ထုတ်ပေးဖို့ မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ အကြောင်းကြားစာရဲ့ မိတ္တူ ။
• နောက်တစ်ရွက်က ယခုအမှုအတွက် တရားရုံးကိုယ်စား ဘိလစ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုခွင့်ပြုဖို့
စာရွက်စာတမ်း မှတ်ပုံတင်အရာရှိထံ ရေးတဲ့ စာရဲ့ မိတ္တူ ။ ဒီလိုနဲ့ “ ဇာရီအမှုတွဲ ” က တဖြည်းဖြည်း ထူလာပါတယ် ၊ အသက်ဝင်လာ တယ်ပေါ့။
ဒီအခြေအနေလည်း ရောက်ရော တရားရုံး ဘိလစ်စာရေးကြီးက တရားရှုံး ဦးတင်ဝင်းကိုယ်စား မြေပုံမြေရာဇဝင် ထုတ်ယူလို့ ရခဲ့ပါပြီး။ ကျွန်တော့် သင်တန်းသားလည်း အဲဒီ မြေပုံမြေရာဇဝင်ကို ယူပြီးတိုင်း ကာလတန်ဖိုး စိစစ်ရေးအဖွဲ့ကို တင်ပြပြီး မြေကွက်ရဲ့
“ ရာဖြတ်တန်ဖိုး ” သိခဲ့ရပါပြီ ။
နောက်တစ်ဆင့်မှာ ရထားပြီးဖြစ်တဲ့ မြေကွက်ရဲ့ ရာဖြတ်တန်ဖိုးနဲ့ လိုအပ်တဲ့ တံဆိပ်ခေါင်းခွန်ကို ပေးဆောင်ပြီး စာချုပ်စာတမ်းမှတ်ပုံတင်ရုံးကို သွားလို့ရပါပြီ ။
လက်မှတ်ထိုးမည့် သူကတော့ တရားရှုံး ဦးတင်ဝင်းကိုယ်စား တရားရုံး ဘိလစ်စာရေးကြီးက နာမည် ၊ မှတ်ပုံတင် နံပါတ် အပြည့်အစုံနဲ. လက်မှတ်ရေးထိုး ၊ သက်သေ စုံလင်စွာလည်း လက်မှတ်ရေးထိုးပြီး ဂွမ်လိုချင်တဲ့ စာချုပ်စာတမ်း မှတ်ပုံတင်ချုပ်ဆိုခြင်းလည်း ပြီးဆုံးသွားပါပြီ။
နောက်ထပ် လိုအပ်တာလေးတွေကိုတော့ ဂွမ်ကိုယ်တိုင်ပဲ အေးအေးဆေးဆေး ဆက်ပြီး လုပ်ဆောင်လို့ ရသွားပါပြီ ။
ဆရာ ဒါဆိုရင် မူလမြေကွက် ဂရန်ပိုင်ရှင် ဦးတင်ဝင်း မရှိဘဲ စာချုပ်ချုပ်ကြတယ်ပေါ့နော် ဆရာ ။
ကဲပါဗျာ ကျားကိုက်ပါတယ်ဆိုမှ အပေါက်ကလေးနဲ့လား မေးနေပြန်ပါပြီ ။ အဲဒီကိစ္စကိုပဲ သင်နေတာလေဗျာ ကိုယ်ဝယ်ယူထားတဲ့မြေကွက်မှာ ဂရန်မူရင်း မှန်မှန်ကန်ကန် ရှိပါတယ် ၊
ဒါပေမဲ့ မူရင်းဂရန်ပိုင်ရှင်ကို ရှာမတွေ့တော့တဲ့ ဘယ်အခြေအနေမျိုးမှာ ဘယ်လို ဆောင်ရွက်နိုင်သေးတယ် ဆိုတာ သင်တာလေဗျာ။ ဆရာ ဒါဆိုရင် ရှေ့နေ ခေါ်ဖို့ မလိုတော့ဘူးပေါ့နော် ဆရာ လို့ တစ်ဦးက မေးလာပြန်ပါတယ် ။
ရှေ့နေ မလိုပါဘူးလို့ ကျွန်တော် မပြောဘူးလေ ။ ခင်ဗျား ရှေ့နေတစ်ယောက်လောက် ကျွမ်းကျင်မယ် ဆိုရင်တော့ ရှေ့နေ မလိုပါဘူး။
ဒီလောက်တော့လည်း ကျွန်တော်တို့ မတတ်နိုင်ပါဘူး ။ ဒါပေမဲ့ ကျွန်တော်တို့က အဆင့်ဆင့်တွေကို သေသေချာချာ သင်ထားရင် အကောင်းဆုံးပါပဲ။
ဂွမ်ရဲ့ ကိစ္စမှာလည်း ဂွမ်ရဲ့ သူငယ်ချင်း ရှေ့နေ ဒေါ်သူဇာက အစအဆုံးလိုလို ကူညီပေးပါတယ်။
“ ကဲပါဗျာ ၊ ကျွန်တော်သင်ချင်တာကတော့ တကယ်လို့ မြေကွက်တစ်ကွက်ကို ဝယ်ဖို့ စီစဉ်တာမှာ ( ဒါမှမဟုတ် ) စရန်ပေးထားမိပြီးမှ မူရင်းဂရန်ပိုင်ရှင်တွေနဲ့ အဆက်အသွယ် လုံးဝ မရတော့တဲ့ ကိစ္စတွေမှာ ဒီနေ့ ကျွန်တော်သင်လိုက်တဲ့ အဆင့်ဆင့်တွေ အတိုင်းသာ ရွှေ့သွားပါ ။ အောင်မြင်ပါတယ် ၊ အခက်အခဲ မရှိပါဘူး ၊
လုံးဝ ပိတ်ဆို့နေတဲ့ အခြေအနေမျိုး မဟုတ်ပါဘူးလို့ သင်တာပါ ” လို့ ပြောပြီး သင်တန်းသား “ ဂွမ်ဂျာလ ” ရဲ့ ကိစ္စကို နမူနာပေးလို့ သင်ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။
Note :
မြေကွက်တစ်ကွက်ကို အတုအပွား မရှိသော မြေငှားဂရံ နှင့်တကွ ဝယ်ယူ ပိုင်ဆိုင်ထားပြီး ဂရံအမည်ပြောင်းရန် ပိုင်ရှင်ကို လုံးဝရှာမရတော့လျှင်
” မှတ်ပုံတင် စာချုပ်ချုပ် ပေးစေလိုမှု “ နှင့် မြို့နယ်တရားရုံးတွင် တရားစွဲဆိုခြင်းဖြင့် အမည်ပြောင်း စာချုပ်ချုပ်ဆိုခြင်းသည်သာ
နည်းလမ်း အမှန် ဖြစ်ပါသည် ။
( ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ - ၅၅ ( ဃ ) ကို ညွှန်းသည် )
မှတ်ပုံတင်စာချုပ် ချုပ်ပေးစေလိုမှု ” နှင့် တရားစွဲ အနိုင်ဒီဂရီ ရပြီးလျှင် အရေးကြီးဆုံး အချက်မှာ ထိုအနိုင်ဒီဂရီကို ( ၄ ) လအတွင်း စာချုပ်စာတမ်းရုံးတွင် မှတ်ပုံတင် ရမည့်ကိစ္စပင် ဖြစ်ပါသည် ။ ထိုသို့ မှတ်ပုံမတင်မိပါက အနိုင်ရပြီးသား အမှုကိစ္စပြန်၍ ပျက်ပျယ် နိုင်ပါသည်။
( စာချုပ်စာတမ်း မှတ်ပုံတင်ရေး ဥပဒေပုဒ်မ - ၂၃ ဒုတိယအပိုဒ် )
ဆရာကြီး ဦးကြည်စိုး IC ( အိမ်ဘုရင် )
Credit Sayar Gyi U KYI SOE IC
Credit ( ဥပဒေရေးရာ )
Related Posts
ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံး နှင့် မြို့နယ်ရုံး များ၏ ရုံးတည် နေရာလိပ်စာ နှင့် ဖုန်းနံပါတ် များစာရင်;
ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံးနှင့် မြို့နယ်ရုံးများ၏ ရုံးတည်နေရာ လိပ်စာနှင့် ဖုန်းနံပါတ် များစာရင်း================================၁ ။ ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံး ( ၁၆၃ / ၁၆၇ ) ၊ ပန်းဆိုး တန်းလမ်း ၊ ကျောက်တံတား မ...
မြေ အမျိုး အစားကို အလွယ်တကူ သိစေရန်
မြေ အမျိုးအစားကို အလွယ်တကူ သိစေရန် မြေနဲ့ ပတ်သတ်လာရင် မြေစာရင်းဌာနက ထုတ်ပေးတဲ့ ပုံစံ ( ၁၀၅ ) မှာပါတဲ့ သင်္ကေတနဲ့ အရောင်ကို ကြည့်ရင် မြေပုံမှာ ပါတဲ့မြေက ဘာအမျိုးအစားလဲဆိုတာ အလွယ်တကူ သိနိုင်တယ်။ ၁ ။ ဂရန်မြေ ဆိုရင...

မြေ စာရင်းပုံစံ ( ၁၀၅ ) တွင် “ ပိုင်ဆိုင်ခွင့် ” ရေးသားမှု ပုံစံနှင့် မြေမျိုးနှင့် အတန်း နေရာတွင် ရေးသားခြင်း များအား အများပြည်သူ သိရှိနိုင်ရန် ၊ သတိပြုနိုင်ရန် မြေစာ ရင်းပုံစံ ( ၁၀၅ ) ရေးကူးခြင်း ဆိုင်ရာ နည်းလမ်း ညွှန်ကြားချက် များအား တင်ပြ လိုက်ပါတယ် ။ ( ၁၀၅ ) တွင်ပိုင်ဆိုင်ခွင့် ရေးသား ရာ၌...
မြေ စာရင်းပုံစံ ( ၁၀၅ ) တွင် “ ပိုင်ဆိုင်ခွင့် ” ရေးသားမှု ပုံစံနှင့် မြေမျိုး နှင့်အတန်း နေရာတွင် ရေးသားခြင်း များအား အများပြည်သူ သိရှိ နိုင်ရန် ၊ သတိပြု နိုင်ရန် မြေ စာရင်းပုံစံ ( ၁၀၅ ) ရေးကူးခြင်း ဆိုင်ရာ နည်းလမ်...