ခုခေတ်မှာ ဘိုးဘွားပိုင် လယ်ယာမြေ ဆိုတာ ကျန်သေးလား

ခုခေတ်မှာ ဘိုးဘွားပိုင် လယ်ယာမြေ ဆိုတာ ကျန်သေးလား

          ခုခေတ်မှာ ဘိုးဘွားပိုင် လယ်ယာမြေ ဆိုတာ ကျန်သေးလား ၊ ယနေ့

ခေတ် ပုံစံ ( ၇ ) ဆိုတာကရော အရင်က ဘိုးဘွားပိုင် လယ်ယာမြေလို မြေပိုင် 

အခွင့်အရေး ရှိရဲ့လား ။ ပထမဦးဆုံး အင်္ဂလိပ်ခေတ်က ဘိုးဘွားပိုင် အခွင့်အရေး 

ပေးခဲ့တဲ့ မြေတွေကို တင်ပြပါမယ် ။ အင်္ဂလိပ်ခေတ်က ဘိုးဘွားပိုင်မြေမှာ 

မြို့မြေတင်မက လယ်ယာမြေ တွေလည်း ပါပါတယ် ။ မြို့မြေတွေမှာ ယနေ့အထိ 

ဘိုးဘွားပိုင်မြေ အတွက် ပေးအပ်ထားတဲ့ အခွင့်အရေးတွေ မဆိတ် သုဉ်းသေးပေမဲ့ 

လယ်ယာ စိုက်ပျိုးမြေတွေမှာ အဲဒီ အခွင့် အရေးတွေ အခုဆက်လက် တည်ရှိ 

သေးသလား ၊ မရှိတော့ဘူးလား ဆိုတာ မြေယာ ဥပဒေ ပညာရှင်တွေ အကြား 

အငြင်းပွားရတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ် ။ ရှေးယခင်က ဘိုးဘွားပိုင် လယ်ယာမြေကို 

အမည်ပေါက် ပိုင်ဆိုင်ခဲ့သူတွေ လေ့လာ သိရှိနိုင်အောင် ရေးသားတင် ပြချင်ပါတယ် ။ 

ဘိုးဘွားပိုင်မြေ တွေထဲက လယ် ၊ ယာ ၊ ဥယျာဉ် မြေမျိုး ပေါက်နေတဲ့ လယ်ယာ 

စိုက်ပျိုးမြေတွေကို ဆိုလိုတာ ဖြစ်ပါတယ် ။ ဘိုးဘွားပိုင် မြေအဖြစ် သတ်မှတ်ပြီး 

အခွင့်အရေး ရထားခဲ့တဲ့ ၊ မြေစာရင်း ဌာနရဲ့ မြေပုံစာရင်းတွေမှာ ယနေ့အထိ 

ဘိုးဘွားပိုင်လို့ မှတ်သားထားဆဲ ဖြစ်တဲ့ လယ်ယာမြေ တွေမှာ စိုက်ပျိုး လုပ်ကိုင်ခြင်း 

မရှိရင် နိုင်ငံတော်က ပြန်လည် သိမ်းယူနိုင်ခွင့် ရှိ / မရှိနဲ့ ဘိုးဘွားပိုင် လယ်ယာမြေတွေရဲ့ 

အခွင့်အရေးတွေ ယနေ့ကာလမှာ ကျန်ရှိနေသေးလား ဆိုတာ တင်ပြပါမယ် ။

 

          မြန်မာနိုင်ငံကို သိမ်းပိုက် ရရှိသွားတဲ့ အင်္ဂလိပ်က မြေနဲ့အခွန်တော် ဥပဒေတွေ 

ပြဌာန်းပြီး မြန်မာပြည်ရဲ့ မြေယာစနစ်ကို ပြင်ဆင် သတ်မှတ် လိုက်တဲ့အခါ ဘိုးဘွားပိုင် 

မြေတွေ ၊ ဓားမဦးချ လုပ်ကိုင်ခဲ့တဲ့ မြေတွေ ၊ ၁၂ နှစ်တိုင် လက်ရှိထား လုပ်ကိုင်လာတဲ့ 

မြေတွေ ၊ ဘေးဘိုး စဉ်ဆက်မှသည် သားမြေးအထိ တစ်ဆက် တည်း လုပ်ကိုင်လာတဲ့ 

မြေတွေကို မြေပိုင် အခွင့်အရေး ၊ ဘိုးဘွားပိုင် အခွင့်အရေး ပေးပါတယ် ။ ဘိုးဘွားပိုင် 

မြေရဲ့ ပိုင်ရှင် ၊ LHR ( Landholder's Right ) ရထားတဲ့ မြေပိုင်ရှင်တွေ အနေနဲ့ 

အဲဒီမြေနဲ့ မပတ်သက် မဆက်စပ်တော့တာ နှစ်နှစ် ရှိပြီ ဖြစ်တဲ့ မြေတွေ ၊ လက်ရှိထားခြင်း ၊ 

စိုက်ပျိုး လုပ်ကိုင်ခြင်းလည်း မရှိ ၊ မြေကနေ စွန့်လွှတ် သွားတာလည်း နှစ်နှစ်တိုင် 

ရှိနေတဲ့ မြေတွေကို မူလ ပေးထားတဲ့ မြေပိုင်ရှင် အခွင့်အရေး လက်လွှတ်သွားပြီလို့ 

သတ်မှတ်ပြီး အပိုင်မြေ အဖြစ်က ပယ်ဖျက်ပြီး အစိုးရမြေ (state land) အဖြစ် 

ပြောင်းလဲ သတ်မှတ်နိုင်ကြောင်း ပြဌာန်းခဲ့ပါတယ် ။ (LBTVL Section 11; UBLR 

Section 23 ) ။

 

        မြေပိုင်ဆိုင်မှု အခွင့်အရေးတွေကို Tenture ခေါ်ပါတယ် ။ Tenure 

ဟာသီးစား မဟုတ်ပါဘူး ။ ပိုင်ဆိုင်မှုပါ ။ Tenancy ကမှ သီးစား ဖြစ်ပါတယ် ။ 

မြေစာရင်း ဌာနရဲ့ အစဉ်အလာအရ ကွင်းတစ်ကွင်း မှာရှိတဲ့ လုပ်ကွက်တွေကို

မြေပုံ တစ်ချပ်အဖြစ် တိုင်းတာ ပုံထုတ်ပြီးရင် ဦးပိုင်ခွဲခြင်း ဒါမှမဟုတ် ပိုင်ဆိုင်မှု 

ခွဲခြားခြင်း ဆိုတဲ့ လုပ်ငန်း လုပ်ရပါတယ် ။ ဘယ်မြေကွက် တွေကို ဘယ်သူက 

ဘယ်လို ပိုင်ဆိုင်ထားတယ် ဆိုတဲ့ စာရင်း ပြုစုရပါတယ် ။ ဦးပိုင် စုံစမ်းခြင်း 

( tenure enquiries ) လို့ ခေါ်ပါတယ် ။ ဒီနေရာမှာ ဦးပိုင် ( holding ) ဆိုတာ 

ရှင်းပြ ချင်ပါတယ် ။ မြေစာရင်း လက်စွဲ ဥပဒေ အပိုဒ် ( ၅၂၃ )  မှာ ဒီလို 

ဖွင့်ဆို ပါတယ် ။ “ ကွင်း သို့မဟုတ် အကွက် တစ်ကွက် အတွင်းရှိ မြေမျိုး 

တစ်ရပ်တည်း အတွက် တစ်ဦး တစ်ယောက် တည်းက နယ်နိမိတ် တစ်ဆက် 

တစ်စပ်တည်း ပိုင်ဆိုင်ပြီး လုပ်ကိုင်ခွင့် အမျိုးအစား မှာလည်း တစ်မျိုးတစ်စား

တည်းသာ ဖြစ်သည့် မြေယာ အဝန်းအဝိုင်းကို ဦးပိုင် တစ်ဦးပိုင်ဟု သတ်မှတ်

ကြောင်း ” ဆိုပြီး ဖော်ပြ ထားပါတယ် ။ Burma Land Records Manual : 

Para 523. A holding ordinarily consists of all the land of the same

 main kind enclosed within one continuous boundary in the same

 kwin and village-tract held by one person or a number of persons

 jointly on the same tenure and the same title' 

 

        ရှင်းအောင် ပြောရမယ် ဆိုရင် ဦးပိုင်တစ်ခု ဖြစ်ဖို့ 

( ၁ ) ကွင်းတစ်ကွင်း အတွင်း

( ၂ ) ( လယ် / ယာ / ကိုင်းကျွန်း / ဓနိ / တောင်ယာ စသည့် မြေမျိုး များထဲမှ 

မြေမျိုး တစ်ရပ်တည်း အတွင်းတွင်

( ၃ ) နယ်နိမိတ် တစ်ခုအတွင်း တစ်ဆက် တစ်စပ်တည်း တည်ရှိနေပြီး

( ၄ ) ယင်း အဝန်းအဝိုင်းကို တစ်ဦး တစ်ယောက်တည်းက အမည်ပေါက် ပိုင်ဆိုင် 

နေသော နယ်နိမိတ် ဖြစ်ရမည် ။ 

အဲဒီ ဦးပိုင် တွေအတွက် ပိုင်ဆိုင်မှုစာရင်း ပြုစုတဲ့အခါ ပိုင်ဆိုင်မှုနည်းလမ်း ( tenure 

system ) ပါ ရေးသွင်း မှတ်တမ်းတင် ရပါတယ် ။ မြေပိုင်ဆိုင်မှု နည်းလမ်း (tenure 

system ) ကိုတော့ ဒီလို သတ်မှတ် ခွဲခြားထား ပါတယ် ။ Tenure means = Non-

State, Landholder's Right, Boba - Paing, Grant, Lease, License, Squatter,

 State Tenant, or as the case may be လို့ ဆိုထားချက်အရ အစိုးရပိုင် မဟုတ်

တဲ့မြေ ၊ မြေရှင် အခွင့်ရမြေ ၊ ဘိုးဘွားပိုင် မြေ ၊ အပိုင် ဂရန်မြေ ၊ အငှား ဂရန်မြေ ၊ 

အခွင့်အမိန့် မရဘဲ နေထိုင် အသုံးပြု မြေ ၊ အစိုးရမှ အခဖြင့် ချထားမြေ စသဖြင့် 

ခွဲခြားရပါတယ် ။ ဒီတော့ tenure ဆိုတာ မြေပိုင်ဆိုင်မှု နည်းလမ်း ဖြစ်ပြီး ဆိုင်ရာ

နည်းလမ်း အလိုက် သတ်မှတ်ထားတဲ့ အခွင့်အရေး တွေအတိုင်း ပိုင်ဆိုင်ခွင့် ရကြတာ 

ဖြစ်ပါတယ် ။ ဘိုးဘွားပိုင်ဆို ဘိုးဘွားပိုင် အခွင့်အရေးပေါ့ ။ Grant ဆိုရင် grant 

အခွင့်အရေးပေါ့ ။ ဆိုင်ရာ tenure နည်းလမ်း အမျိုးအစားရဲ့ နောက်မှာ ကပ်ပါလာတဲ့ 

သတ်မှတ် အခွင့်အရေး တွေအတိုင်းပဲ ခံစားရမှာ ဖြစ်ပါတယ် ။ ဘိုးဘွားပိုင် လယ်ယာ

မြေ ရရှိထားတဲ့ တောင်သူ လယ်သမားတွေ ရရှိမယ့် အခွင့်အရေး ကတော့ -

 

* လယ်ယာမြေကို လက်ဝယ် ထားရှိနိုင်ခြင်း ၊

* လယ်ယာမြေကို စိုက်ပျိုး လုပ်ကိုင်ခွင့် ရှိခြင်း ၊

* လယ်ယာမြေကို ပေါင်နှံ နိုင်ခြင်း ၊

* လယ်ယာမြေကို ရောင်းချ နိုင်ခြင်း ၊ ပေးကမ်း လှူဒါန်း နိုင်ခြင်း ၊

* လယ်ယာမြေကို အမွေပေးနိုင်ခြင်း ၊

* လယ်ယာမြေကို အခြားသူသို့ လွှဲပြောင်း နိုင်ခြင်း ၊ ချထားနိုင်ခြင်း တို့ဖြစ်ပါတယ် ။

 

       အင်္ဂလိပ်ခေတ်က ဘိုးဘွားပိုင် အခွင့်အရေး ပေးခဲ့တဲ့ မြေတွေထဲမှာ မြို့ 

မြေတင်မက လယ်ယာမြေ တွေလည်း ပါပါတယ် ။ ၁၉၅၃ ခုနှစ်မှာ လယ်ယာမြေ 

နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေပြဋ္ဌာန်းပြီး လယ်ယာမြေက အမြောက်အမြား ပိုင်ဆိုင်

နေတဲ့ မြေပိုင်ရှင်ကြီးတွေ ထံကမြေတွေ ပြန်လည် သိမ်းယူပြီး မြေမဲ့ယာမဲ့နဲ့ 

မြေယာချို့တဲ့ တွေကို ဝေတဲ့အခါ မူလ ပိုင်ဆိုင်မှုတွေကို ဖျက်သိမ်းပြီး အခြားသူ

တွေဆီ ဝေငှ ပိုင်ဆိုင်စေတာ ဖြစ်တဲ့အတွက် ၁၉၅၃ ခုနှစ် လယ် / နိုင် အက်ဥပဒေအရ 

လယ်ယာမြေ မှာရှိတဲ့ ဘိုးဘွားပိုင်မြေဆိုတဲ့ ပိုင်ဆိုင်မှု အမျိုးအစား ပျောက်ကွယ် 

သွားပြီလို့ တချို့က မှတ်ယူပါတယ် ။ ၁၉၅၃ လယ် / နိုင်လုပ်ငန်း 

ဆောင်ရွက် ရာမှာ မသိမ်းဘဲ ချန်လှပ်ပေးခဲ့တဲ့ ဧရိယာတွေလည်း ရှိခဲ့ပါတယ် ။ ရွာမြေ 

၊ စက်ရုံမြေ ၊ အခြားနည်း အသုံးပြုနေတဲ့ မြေတွေ ၊ သာသနာ ၊ ကျောင်း ၊ ကန် ၊ 

ဇရပ်အဖြစ် သုံးနေတဲ့ မြေတွေကို သိမ်းယူခြင်းကနေ ကင်းလွတ်ခွင့် ပေးတဲ့အပြင် 

လယ်ယာမြေ ပိုင်ရှင်တွေ ဆီက မြေကိုလည်း အကုန်သိမ်းယူတာ မဟုတ်ပါဘူး ။ 

လယ်မြေ ဆိုရင် ဧက ၅ဝ ၊ ယာမြေဆို ၂၅ ဧက ၊ ကိုင်းကျွန်းနဲ့ ကြံစိုက်မြေဆို ၁၀ 

ဧကထက် ကျော်လွန်မှသာ သိမ်းယူပြီး အဲဒီ ဧရိယာဧက အတိုင်းအတာတွေ အထိကို 

မူလပိုင်ရှင်ထံမှာ မသိမ်းဘဲ ချန်ထား ပေးခဲ့ပါတယ် ။ သိမ်းယူခြင်းမှ ကင်းလွတ်ခွင့်ရလို့ 

ခေါ်ပါတယ် ။ ဒါကြောင့်မို့ တချို့ကတော့ လယ် / နိုင် လုပ်ငန်းဟာ တစ်ပြည်လုံးမှာ 

ရှိတဲ့ လယ်ယာမြေ အားလုံးကို သိမ်းယူ နိုင်ခဲ့တာ ၊ ပြန်ဝေငှ နိုင်ခဲ့တာ မဟုတ်ဘူး ၊ 

ကင်းလွတ်ခွင့် ရမြေတွေ ရှိသလို လယ် / နိုင် လုပ်ငန်းကြီး သည်ပင် ၁၉၅၃ - ၁၉၅၄ 

မှာ စတင်ခဲ့ပြီး အကြောင်း အမျိုးမျိုးကြောင့် ငါးနှစ်အကြာ ၁၉၅၇ - ၁၉၅၈ မှာ 

လုပ်ငန်း ရပ်ဆိုင်း လိုက်ရတဲ့အတွက် မသိမ်းယူဘဲ ကျန်ခဲ့တဲ့ မြေတွေ တစ်နိုင်ငံလုံး 

အတိုင်းအတာနဲ့ဆို အများကြီး ကျန်ရှိတဲ့အခါ ယင်းမြေများရှိ ဘိုးဘွားပိုင် 

အခွင့်အရေးတွေ မပျက်သုဉ်းဘဲ ကျန်ခဲ့ ရပေမယ်လို့ ဆိုကြပါတယ် ။

 

        ဒီနေရာမှာ ဆွေးနွေးစရာ ရှိတာက ၁၉၅၃ လယ် / နိုင် လုပ်ငန်းကြီးက မြန်မာ

ပြည်ရဲ့ မြေပိုင် ရှင်ဆိုတဲ့ အခွင့် အရေးကို ပိတ်ပင် ပစ်လိုက်နိုင်တဲ့ အနေအထား 

ရှိသလား ၊ မရှိသလား ဆိုတာပါ ။ ၁၉၅၃ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေဟာ 

မြေပိုင်ရှင် စနစ်ကို ချုပ်ငြိမ်းစေခဲ့တဲ့ အသွင်အပြင် မရှိခဲ့ပါဘူးလို့ ယူဆပါတယ် ။ 

ဘာကြောင့်လဲ ဆိုတော့ ၁၉၅၃ လယ်/နိုင် အက်ဥပ‌ဒေပါ ပြန်လည် သိမ်းယူခြင်းမှ 

ကင်းလွတ်ခွင့် ရမြေ ၊ အဝေခံရမြေတွေ အတွက် စည်းကမ်း ချက်တွေ ၊ အခွင့်အရေး

တွေကို စိစစ်ကြည့်တဲ့အခါ မြေပိုင်ဆိုင်မှုကို ဆက်လက် အခွင့်ပေး ထားတဲ့ စကားရပ်

တွေ ၊ ပြဋ္ဌာန်းချက်တွေ ကို တွေ့ရတဲ့အတွက် ဖြစ်ပါတယ် ။ ၁၉၅၃ လယ် / နိုင် 

ဥပဒေဟာ မြေပိုင်ရှင်တွေထံက သတ်မှတ် အတိုင်းအတာထက် ပိုမိုတဲ့ ဧရိယာတွေကို 

နိုင်ငံတော်က ပြန်လည် သိမ်းယူပြီး လယ်ယာမဲ့ တွေကို ပြန်လည်ဝေငှ ပေးတဲ့ 

သဘောသာ ရှိပြီး မြေပိုင်ရှင်တွေရဲ့ အခွင့်အရေးတွေကို တိတိ လင်းလင်း ရုပ်သိမ်းခဲ့မှု 

မရှိပါဘူး ။ မသိမ်းယူဘဲ ချန်လှပ်ခဲ့တဲ့မူလ ဘိုးဘွားပိုင် လယ်ယာမြေ ( ဥပမာ- က ၅ဝ 

အောက် လယ်မြေ ) တွေမှာသာမက အဝေခံမြေ တွေမှာပါ ပိုင်ဆိုင်ခွင့်ပုံစံ သဘော 

အခွင့်ဆက် ပေးတာတွေကို တွေ့ ရပါတယ် ။ လယ် / နိုင်ဥပဒေ ပုဒ်မ ၉ မှာ ( သိမ်းယူ

ခြင်းမှ ကင်းလွတ်ခွင့် ရမြေ အတွက် အခွင့် အရေးတွေ ပြဆိုထား ပါတယ် ။ သတ်မှတ် 

စည်းကမ်းချက်နဲ့ ညီညွတ်ရင် မြေကို လက်ရှိ ထားနိုင်ခွင့် ၊ လုပ်ကိုင် နိုင်ခွင့် ၊ လုပ်ကိုင်

ခြင်းက ရတဲ့ အကျိုး အမြတ်တွေ ခံစားနိုင်ခွင့် ၊ အာဏာပိုင်ရဲ့  ခွင့်ပြုချက်ဖြင့် မြေကို

 ခွဲစိတ် လဲလှယ်နိုင်ခွင့် ၊ ပေးလှူနိုင်ခွင့် ၊ ရောင်းချ ပေးကမ်း နိုင်ခွင့် ၊ အမွေ ဆက်ခံခွင့်တို့

ပေးထား မှုတွေ တွေ့ရှိရသလို မိမိဘာသာ သီးစားမချဘဲ အာဏာပိုင် ခွင့်ပြုချက်နဲ့ 

ချနိုင်ခွင့် ( ဥပမာ - သာသနာမြေ ) ပေးထားမှုတွေ တွေ့ရပါတယ် ။ အထိန်းအကွပ် ကလေး 

ပါလာတာက လွဲလို့ အရင်မူလ အခွင့်အရေးတွေနဲ့ ဘာမျှ မကွာပါဘူး ။ ဒါ့အပြင် 

သိမ်းယူ မြေတွေကို ဝေငှတဲ့အခါ လယ်ယာမြေကို အဝေခံ ရရှိသူတွေ အတွက် 

အခွင့်အရေးကိုလည်း ပုဒ်မ ၁ဝ မှာ ပြဋ္ဌာန်းထား ပါတယ် ။ အဲဒီ အခွင့် အရေး 

တွေထဲမှာ သီးစား မချရဘဲ မိမိကိုယ်တိုင်သာ လုပ်ကိုင်ရမှာ ဖြစ်ကြောင်း သတ်မှတ်ချက်က 

လွဲပြီး ပေးအပ်ထားတဲ့ ပိုင်ဆိုင်ခွင့်တွေဟာ မသိမ်းဘဲ ချန်ထားခဲ့တဲ့ ကင်းလွတ်ခွင့်ရ 

မြေရှင် တွေအတွက် ပေးထားတဲ့ ပုဒ်မ ၉ ပါအခွင့် အရေးတွေအတိုင်း ဖြစ်ကြောင်း 

တွေ့ရပါတယ် ။ 

 

         ဘိုးဘွားပိုင် လယ်ယာမြေမှာ မြေပိုင်ရှင် အခွင့်အရေးတွေ ဖြစ်တဲ့

* မိမိတို့ ထာဝရ အမည်ပေါက် လက်ရှိ ထားခွင့် ရှိခြင်း ၊ လုပ်ကိုင် နေထိုင်ခွင့်ရှိခြင်း ၊

* အခြားသူအား လွှဲပြောင်း ပေးကမ်း နိုင်ခြင်း ၊

* ရောင်းချနိုင်ခြင်းစတဲ့ အခွင့်အရေးများ ပူးတွဲ ပိုင်ဆိုင်ခြင်း ဖြစ်ပါတယ်

* သီးစားချ နိုင်တာလည်း မြေရှင်ရဲ့ အခွင့်အရေး ဖြစ်ပါတယ် ။ လက်ရှိ ထားပိုင်ခွင့် ရှိခြင်း 

( In possession ) ဆိုတဲ့ အဓိပ္ပာယ်ဟာ အတော်တန်ဖိုးရှိ ပါတယ် ။ မြေပိုင်တွေ ဘိုးဘွားပိုင် 

တွေဟာ မြေကို လက်ရှိထားပိုင်ခွင့် ရခြင်းဆိုတဲ့ စကားရပ်ဟာ တန်ဖိုးမသေးလှ ပါဘူး ၊ နည်းတဲ့ 

အခွင့်အရေး မဟုတ်ပါဘူး ။ လက်ရှိ ထားခြင်း ဆိုတာ မြေကို မြေရှင် ကိုယ်တိုင်က နေထိုင် 

လုပ်ကိုင် နေဖို့ မလိုပါဘူး ။ ဒါပေမဲ့ ပိုင်ဆိုင်မှု ရှိတယ် ဆိုတာ ပြဆိုပါတယ် ။ အောက် 

မြန်မာပြည် မြေနှင့် အခွန်တော် ဥပဒေ LBLR ပုဒ်မ ၃ ၊ ပုဒ်မခွဲ ( က ) ( ခ ) အရ " ယင်းမြေတွင် 

ပိုင်ရှင် ကိုယ်တိုင်က ဖြစ်စေ ၊ ၄င်း၏ အလုပ်သမား ၊ အစေခံ ၊ ကိုယ်စားလှယ် ၊ 

သီးစားချခံရသူ ၊ ၎င်းထံမှ အပေါင်ခံ ရရှိထားသူတို့က ဖြစ်စေ ၊ ၎င်းတို့က တစ်ဆင့် လွှဲပြောင်း 

ချထားသူက ဖြစ်စေ လက်ရှိလုပ်ကိုင် နေထိုင်လျှင် လက်ရှိထား ပိုင်ဆိုင်သည်ဟု 

မှတ်ယူရမည် " လို့ ဆိုထား တဲ့အတွက် မြေကို လက်ရှိထား ပိုင်ဆိုင်ခွင့် ရထားသူဟာ အဲဒီမြေကို 

မည်သူ့ကိုမဆို ပေါင်နှံ လွှဲပြောင်း ချထားပိုင်ခွင့်တွေ ရထားတာ တွေ့ရပါတယ် ။ ၁၉၅၃ လယ် / 

နိုင် ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို စိစစ် ကြည့်တဲ့အခါ ၁၉၅၃ လယ် / နိုင် အက်ဥပဒေ ပုဒ် ၉ နဲ့ 

ပုဒ်မ ၁ဝ မှာ ပေးအပ် ထားသော အခွင့်အရေး တွေအရ ကင်းလွတ်ခွင့် ရမြေနဲ့ ဝေငှခံမြေ 

ရရှိသူတွေဟာ မြေကို လက်ရှိထားခွင့် ဆက် လက်တည်ရှိနေတာ တွေ့ရပါတယ် ။ လွှဲပြောင်း 

ပေးကမ်းခြင်းအမွေဆက်ခံ ခြင်းတွေကို အာဏာပိုင်ရဲ့  ခွင့်ပြုချက်နဲ့ လုပ်ကိုင်နိုင်သေးတာ 

တွေ့ရပါတယ် ။ မူလ မြေရှင် အခွင့်အရေးနဲ့ လုံးလုံးကြီး ကွာခြားသွားခြင်း မရှိပါဘူး ။ အဓိက 

စာသား တစ်ရပ်ကိုတော့ ခြွင်းချက် ပေးရပါမယ် ။ အဲဒါက သီးစား မချရ ၊ ကိုယ်တိုင် လုပ်ရမယ် 

ဆိုတဲ့ စည်းကမ်းချက် ဖြစ်ပြီး အဲဒါကလည်း တကယ်တော့ အသက် မဝင်တဲ့ သတ်မှတ်ချက်သာ

 ဖြစ်ပါတယ် ။ မြေရှင်တွေဟာ ၁၉၅၃ လယ် / နိုင်ဥပဒေ ပြဌာန်းပြီး နောက်ပိုင်းမှာလည်း ၁၉၅ဝ

 သီးစားခ စံနှုန်းဥပဒေ ၊ ၁၉၅၄ သီးစားခ စံနှုန်း ပြင်ဆင်ချက် ဥပဒေ ၊ ၁၉၆၃ သီးစားခစံနှုန်း ဥပဒေကို

 ပြင်ဆင်တဲ့ ဥပဒေတွေအရ သီးစား ချပိုင်ခွင့် ၊ သီးစားခ ရပိုင်ခွင့်တွေ ဆက်လက် ရရှိနေခဲ့ ပါတယ် ။ 

ဒီတော့ မြေရှင်ဆိုင်ရာ ဆိုင်ခွင့်နဲ့ မြေရှင် သဘောသဘာဝ တွေဟာ ၁၉၅၃ လယ်နိုင်ဥပဒေကြောင့်

ပျောက်ပျက် မသွားခဲ့ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ် ။

 

         ၁၉၆၃ ခုနှစ် သီးစား ချထားရေး ဥပဒေနဲ့ ၁၉၆၅ ခုနှစ် သီးစား ချထားရေး ဥပဒေကို 

ပြင်ဆင်တဲ့ ဥပဒေ နှစ်ရပ်နဲ့ ဝိသေသ တွေကသာ ဘိုးဘပိုင် လယ်ယာမြေနဲ့ မြေရှင်စနစ်ကို 

ရိုက်ချိုး နိုင်ခဲ့တယ်လို့ ယူဆ ပါတယ် ။ ၁၉၅၃ လယ် / နိုင် ဥပဒေမှာ ဆက်လက် အသက်ဝင် 

နေသေးတဲ့ မြေပိုင်ရှင် စနစ်နဲ့ မြေရှင် အခွင့်အရေးတွေကို အဲဒီ ဥပဒေ နှစ်ရပ်က လွင့်စင် 

ပပျောက်သွား စေပါတယ် ။ ၁၉၆၃ သီးစား ချထားရေး ဥပဒေက မြေရှင်တွေကို စတင် 

ထိန်းချုပ် ပါတယ် ။ ၁၉၆၅ ဥပဒေက မြေရှင်စနစ်ရဲ့ ရေသောက်မြစ်ကို ဖြတ်ပစ် လိုက်ပါတယ် ။ 

၁၉၆၃ သီးစားချ ထားရေး ဥပဒေ ပြဋ္ဌာန်းစဉ်မှာ မြေရှင် ၊ သီးစား ၊ သီးစားဆိုတဲ့ ဝေါဟာရ

တွေကို ၁၉၆၃ သီးစားချ ထားရေး ဥပဒေ ပုဒ်မ ၂ (၁) ( ဂ ) ၊ ( င ) ၊ ( စ ) မှာ ဖွင့်ဆို ရှင်းလင်းခဲ့

မှုအရ တော်လှန်ရေး အစိုးရ တက်ခါစမှာ မြေရှင်နဲ့ မြေရှင်စနစ် တည်ရှိ နေသေးကြောင်း ၊ 

မြေရှင်က သူ့မြေတွေကို သီးစားချနေကြောင်းနဲ့ သီးစားက မြေရှင်ကို သီးစားခ ပေးနေရ

ကြောင်း သိသာတဲ့အချက် ဖြစ်ပါတယ်။ တော်လှန်ရေးအစိုးရ တက်လာစဉ်မှာ မြေရှင်စနစ် 

တည်ရှိနေသေးတဲ့ သက်သေ အထောက်အထား ဖြစ်ပါတယ် ။ သို့ပေမဲ့ တော်လှန်ရေး အစိုးရက 

၁၉၆၃ သီးစားချထားရေး ဥပဒေ ပုဒ်မ ၃ မှာ အောက်ပါအတိုင်း ပြဋ္ဌာန်းပြီး မြေရှင်တွေရဲ့ 

အရှိုက်ကို ထိုးနှက် လိုက်ပါတယ် ။ ၁၉၆၃ ခုနှစ် သီးစားချ ထားရေး ဥပဒေ ပုဒ်မ ၃ ။ အစိုးရသည် 

အမိန့် ကြော်ငြာစာဖြင့် မည်သည့် လယ်ယာမြေ ကိုမဆို ထိုအမိန့် ကြော်ငြာ စာတွင် သီးခြား 

ဖော်ပြထားသည့် နေ့ရက်မှ စ၍ သီးစား ချထားမည်ဟု ကြေညာ နိုင်သည် ။ ထိုသို့ ကြေညာ 

သည့်အခါ ထိုလယ်မြေနှင့် သက်ဆိုင်သည့် မြေရှင်၏ သီးစားချ ထားနိုင်သည့် အခွင့်အရေး

သည် ရပ်စဲရမည် ။ သီးစားပုဒ်မ ၃ ဟာ မြေရှင်တွေအတွက် တကယ် ပြင်းထန်တဲ့ ထိုးနှက်ချက်

 ဖြစ်ပါတယ် ။ မြေရှင်ရဲ့ အစဉ်အလာ ရရှိခံစားလာခဲ့တဲ့ အခွင့်အရေးကို ထိပါးလာပါပြီ ။ 

ဒါနဲ့ မပြီးသေးပါဘူး ။ မြေရှင်တွေအတွက် အခြေအနေ ပိုဆိုးသွားစေတာက ၁၉၆၅ ခုနှစ် 

သီးစားချထား ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအရ ၁၉၆၃ သီးစားချထားရေး ဥပဒေမှာ ပုဒ်မ ၄ 

အဖြစ် “ လယ်ယာမြေ များပေါ်တွင် အစိုးရက ချထားသော သီးစားများသည် သို့မဟုတ် မြေ 

ရှင်များက ချထားသော သီးစားများ ကျန်ရှိနေသေးလျှင် ထိုသီးစားများသည် မြေရှင်အား 

သီးစားခ ပေးရန် မလို ” လို့ ထည့်သွင်း ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်ပါတယ် ။

 

        ၁၉၆၃ သီးစားချထားရေး ဥပဒေ ပေါ်ထွက် လာတဲ့အခါ ပုဒ်မ ၇ အရ အစိုးရက ခန့်အပ် 

ဖွဲ့စည်း တာဝန်ပေးတဲ့ ပုဂ္ဂိုလ်တွေ ( မြေယာ ကော်မတီ ) ကသာ သီးစား ချထားရေး ဥပဒေ

နဲ့အညီ သီးစားချပိုင်ခွင့် ရှိပြီး မြေရှင်က သီးစား မချနိုင် တော့ပါဘူး ။ သီးစားခလည်း မရတော့

ပါဘူး ။ မြေရှင်က သီးစား ချခဲ့သော် သီးစား ပုဒ်မ ၁၀ အရ အရေးယူခံရမှာ ဖြစ်ကြောင်း 

ပြဋ္ဌာန်းချက် တွေအရ လယ်ယာမြေ ပေါ်မှာရှိတဲ့ မြေရှင် ဆိုင်ရာ ဆိုင်ခွင့်တွေ ထိန်းချုပ်ခံရ 

ပါတော့တယ် ။ မြေရှင်စနစ် အသက်ရှူပေါက် မရတော့ဘဲ တဖြည်းဖြည်း ချုပ်ငြိမ်းစ ပြုလာ 

ရပါတယ် ။ မြေပိုင် ဆိုင်ခွင့် မြေရှင်အခွင့်ရတဲ့ ဘိုးဘွားပိုင် လယ်ယာမြေ တွေလည်း ပိုင်ဆိုင်မှု 

အခွင့်အရေးကို ရှေ့တန်းတင်လို့ မရတော့ပါဘူး ။ ပိုင်ဆိုင်မှုအတွက် အသိ အမှတ်ပြု မခံရတော့

ပါဘူး ။ သီးစား ချထားရေး နည်းဥပဒေများ၊ သီးစား ချထားရေးဥပဒေကို ရှင်းလင်းချက်များ အရ 

မြေရှင်ကိုယ်တိုင် အစိုးရထံမှာ မိမိ လုပ် ကိုင်ဖို့အတွက် သီးစား မှတ်ပုံတင်ရ ပါတော့တယ် ။ 

သို့မှသာ လုပ်ကိုင်ခွင့် ရပါတော့တယ် ။ မြေရှင် ကိုယ်တိုင်လည်း အစိုးရက သီးစား ချမှသာ 

မိမိမြေကို လုပ်ခွင့်ရတဲ့ သဘော ဖြစ်သွားပါပြီ ။ မိမိထံရှိ ပိုင်ဆိုင်ခွင့် ဆိုတဲ့ အခွင့်အရေးက မှေးမှိန် 

သွားပါပြီ ။ မိမိမြေကို တခြားသူကို လွှဲပြောင်းခြင်း ၊ တစ်ဆင့်ချထားခြင်းတွေ ကို မိမိသဘော 

အလျောက် ဆောင်ရွက်ခွင့် မရှိတော့ဘူး ။မြေပိုင်ရှင် ဆိုပြီး လက်ဝယ် ထားခွင့်လည်း မရှိတော့ဘူး ။ 

အရင်က ရထားတဲ့ ထာဝရ ပိုင်ဆိုင်ခွင့် လက်ရှိ ထားခွင့်ဆိုတဲ့ In possessing အခွင့်အရေး 

ပျောက်ကွယ် သွားပါပြီ ။ မြေကို ကိုယ်တိုင် လုပ်မှသာ မြေပေါ် ဆက်နေခွင့် ၊ လုပ်ကိုင် 

စားသောက်ခွင့် ရပါတော့တယ် ။ ၁၉၆၃ သီးစားချ ထားရေး ဥပဒေအရ မြေယာ စနစ်တော်လှန်ရေး 

ဆိုတဲ့ အဟုန်ကြောင့် လယ်လုပ်သူသာ လယ်လုပ်ပိုင်ခွင့် ရရှိစေရမယ် ဆိုတဲ့ မူဝါဒထွန်းကား

 လာပါတယ် ။ မြေယာမှုခင်း ဖြစ်ရင်လည်း ပိုင်ဆိုင်မှုကို ဦးစားမပေးဘဲ လုပ်ကိုင်မှုကိုသာ

 ဦးစားပေးပြီး မြေကို ဘယ်သူ လုပ်နေလဲ ၊ လက်ရှိလက်ငုတ် ဘယ်သူလဲ ဆိုတဲ့ လုပ်ကိုင်နေတဲ့ 

အခြေအနေအရသာ မူတည် စဉ်းစားဆောင် ရွက်ပေးပါတယ် ။ ဘိုးဘွားပိုင်တွေ ဘာတွေ လုံးဝ 

ထည့်သွင်း စဉ်းစားသုံးသပ်မှု မပြုတော့တာကြောင့် ပိုင်ဆိုင်မှုအစား လုပ်ကိုင်မှု အတွက်သာ 

ဆုံးဖြတ်ပေးတဲ့ လမ်းကြောင်း ဖြစ်လာ ပါတယ် ။ လယ်ယာမြေကို အမွေပစ္စည်း တစ်ရပ်အဖြစ် 

မမှတ်ယူရ ဆိုတဲ့ ညွှန်ကြားချက် တွေအရ လယ်ယာမြေ အပေါ် အမွေဆက်ခံခွင့်ကို အလေး 

မပေးတော့ ပါဘူး ။

 

      လယ်ယာမြေကို အမွေဆက်ခံခွင့် ပျောက်သွား စေပါတယ် ။ ၁၉၆၃ သီးစားချ ထားရေး 

ဥပဒေအရ မြေကို ကိုယ်တိုင် မလုပ်နိုင်တဲ့၊ မလုပ်ကိုင်တဲ့ လယ်ပိုင်ရှင်တွေထံက မြေတွေ 

သီးစားတွေထံ ရောက်သွားစေ ပါတယ် ။ မြေပိုင်ရှင်တွေ ပပျောက် သွားပြီး မြေကို ကိုယ်တိုင်

လုပ်သူတွေသာ အစိုးရထံ သီးစား မှတ်ပုံတင်ပြီး မြေပေါ်ကျန်ခဲ့ရတဲ့ အနေအထား ဖြစ်သွား 

ပါတယ် ။ ရွှေထီးဆောင်းခဲ့တဲ့ ဘိုးဘွားပိုင် လယ်ယာမြေတွေ ချိုးနှိမ်ခံရတဲ့ အနေအထား 

ဖြစ်သွားပါတယ် ။ ဒါကြောင့်မို့ ဘိုးဘွားပိုင် လယ်ယာမြေတွေ ပိုင်ခွင့်၊ မြေပိုင်ရှင်တွေရဲ့ 

မြေပိုင်ဆိုင်မှု အခွင့်အရေးတွေဟာ ၁၉၆၃ ခုနှစ် သီးစားချ ထားရေး ဥပဒေအရ ချုပ်ငြိမ်း 

ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်ပါတယ် ။ ဒါဖြင့် ၂၀၁၂ လယ်ယာမြေ ဥပဒေအရ လယ်ယာမြေ

လုပ်ပိုင်ခွင့် မှတ်ပုံတင် လက်မှတ် ရရှိသူဟာ သားစဉ် မြေးဆက် အဆက်ဆက် လုပ်ကိုင်ခွင့် 

ရရှိစေမယ်လို့  ပြဋ္ဌာန်းထား တဲ့အတွက် တောင်သူလယ် သမားတွေ အနေနဲ့ မိမိတို့ 

လုပ်ကိုင်နေတဲ့ လယ်ယာမြေ တွေအတွက် မြေပိုင်ဆိုင်ခွင့် ပြန်ရရှိ ပါပြီလား ၊ ပုံစံ ( ၇ ) 

ရတဲ့အတွက် မိမိတို့ အမည်ပေါက် မြေပိုင်လို့ ပြောနိုင်ပါသလား မေးရင်တော့ လက်ရှိ 

လုပ်ပိုင်ခွင့် မှတ်ပုံတင်တဲ့ စနစ် (land register system) နဲ့ ပုံစံ ( ၇ ) စည်းကမ်းချက်တွေရဲ့

 အားနည်း ချက်တွေအရ လောလောဆယ် ပြောရ ခက်ပါတယ် ၊ ယခင် ဘိုးဘပိုင် 

လယ်ယာမြေလို အပြည့်အဝ မရှိသေးဘူးလို့ ပြောရင် ပြောလို့ရ ပါတယ် ။ Land Title ကို 

ဘယ်လို မူချမှတ်ပြီး ဘယ်လို နည်းလမ်းနဲ့ ပေးသင့်တယ် ဆိုတဲ့ သဘောတရားတွေ 

အကျေအလည် ညှိနှိုင်း ၊ အကျယ်တဝင့် စဉ်းစားပြီး ဆက်လုပ် သင့်တာတွေ အများကြီး 

ရှိပါသေးတယ် ။ ဗဟိုလယ် / စီ အဖွဲ့ကြီး အနေနဲ့ သူ ထုတ်ပေးလိုက်တဲ့ ပုံစံ ( ၇ ) 

တွေရဲ့ အမွေဆက်ခံမှုနဲ့ မြေပိုင် ဆိုင်ခွင့်တွေမှာ တရားရုံး လုပ်ပိုင်ခွင့်တွေနဲ့ ဆက်စပ် 

ညှိနှိုင်းရမှာတွေ တစ်ပုံတစ်ပင် ကျန်ရှိ နေသေးသလို ထပ်မံရှင်းလင်း ညွှန်ကြားဖို့ 

ကိစ္စရပ်များစွာ ကျန်ရှိနေသေး တယ်လို့ တွေ့မြင်ရ ပါကြောင်း တင်ပြလိုက်ရပါတယ်။

 

( ဆရာ ဦးဇော်မင်း ( နတ်မောက် ) ၏ ဘိုးဘွားပိုင် 

လယ်ယာမြေ ဆောင်းပါးအား အနည်းငယ် 

ပြင်ဆင်ရေးသား တင်ပြခြင်း ဖြစ်ပါသည် ။ )

 

မျိုးမင်းထွန်း

Photo google

 

 

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate