ခုခေတ်မှာ ဘိုးဘပိုင်လယ်ယာမြေ ဆိုတာ ကျန်သေးလား

ခုခေတ်မှာ ဘိုးဘပိုင်လယ်ယာမြေ ဆိုတာ ကျန်သေးလား
မျိုးမင်းထွန်း
ခုခေတ်မှာ ဘိုးဘပိုင်လယ်ယာမြေ ဆိုတာ ကျန်သေးလား၊ ယနေ့ခေတ် ပုံစံ (၇) ဆိုတာကရော အရင်က ဘိုးဘပိုင် လယ်ယာမြေလို မြေပိုင် အခွင့်အရေး ရှိရဲ့လား။
ပထမဦးဆုံး အင်္ဂလိပ်ခေတ်က ဘိုးဘပိုင် အခွင့်အရေး ပေးခဲ့တဲ့ မြေတွေကို တင်ပြပါမယ်။ အင်္ဂလိပ်ခေတ်က ဘိုးဘပိုင်မြေမှာ မြို့မြေတင်မက လယ်ယာမြေတွေလည်း ပါပါတယ်။ မြို့မြေတွေမှာ ယနေ့အထိ ဘိုးဘပိုင်မြေ အတွက် ပေး အပ်ထားတဲ့ အခွင့်အရေးတွေ မဆိတ်သုဉ်းသေးပေမဲ့ လယ်ယာ စိုက်ပျိုးမြေတွေမှာ အဲဒီ အခွင့် အရေးတွေ အခုဆက်လက် တည်ရှိသေးသလား၊ မရှိတော့ဘူးလား ဆိုတာ မြေယာ ဥပဒေ ပညာရှင်တွေ အကြား အငြင်းပွားရတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။
ရှေးယခင်က ဘိုးဘပိုင် လယ်ယာမြေကို အမည်ပေါက် ပိုင်ဆိုင်ခဲ့သူတွေ လေ့ လာ သိရှိနိုင်အောင် ရေးသားတင်ပြချင်ပါတယ်။ ဘိုးဘပိုင်မြေတွေထဲက လယ်၊ ယာ၊ ဥယျာဉ် မြေမျိုးပေါက်နေတဲ့ လယ်ယာ စိုက်ပျိုးမြေတွေကို ဆိုလိုတာ ဖြစ်ပါတယ်။ ဘိုးဘပိုင်မြေအဖြစ် သတ်မှတ်ပြီး အခွင့်အရေး ရထားခဲ့တဲ့၊ မြေစာရင်း ဌာနရဲ့ မြေပုံစာရင်းတွေမှာ ယနေ့အထိ ဘိုးဘပိုင်လို့ မှတ်သားထားဆဲ ဖြစ်တဲ့ လယ်ယာမြေတွေမှာ စိုက်ပျိုး လုပ်ကိုင်ခြင်း မရှိရင် နိုင်ငံတော်က ပြန်လည် သိမ်းယူနိုင်ခွင့် ရှိ/မရှိနဲ့ ဘိုးဘပိုင် လယ်ယာမြေတွေရဲ့ အခွင့်အရေးတွေ ယနေ့ကာလမှာ ကျန်ရှိနေသေးလား ဆိုတာ တင်ပြပါမယ်။
မြန်မာနိုင်ငံကို သိမ်းပိုက် ရရှိသွားတဲ့ အင်္ဂလိပ်က မြေနဲ့အခွန်တော်ဥပဒေတွေ ပြဌာန်းပြီး မြန်မာပြည်ရဲ့ မြေယာစနစ်ကို ပြင်ဆင် သတ်မှတ်လိုက်တဲ့အခါ ဘိုးဘပိုင် မြေတွေ၊ ဓားမဦးချ လုပ်ကိုင်ခဲ့တဲ့ မြေတွေ၊ ၁၂ နှစ်တိုင် လက်ရှိထား လုပ်ကိုင်လာတဲ့မြေတွေ၊ ဘေးဘိုး စဉ်ဆက်မှသည် သားမြေးအထိ တစ်ဆက် တည်း လုပ်ကိုင်လာတဲ့ မြေတွေကို မြေပိုင် အခွင့်အရေး၊ ဘိုးဘပိုင် အခွင့်အရေးပေးပါတယ်။
ဘိုးဘပိုင်မြေရဲ့ ပိုင်ရှင်၊ LHR (Landholder's Right) ရထားတဲ့ မြေပိုင်ရှင်တွေ အနေနဲ့ အဲဒီမြေနဲ့ မပတ်သက် မဆက်စပ်တော့တာ နှစ်နှစ် ရှိပြီ ဖြစ်တဲ့ မြေတွေ၊ လက်ရှိထားခြင်း၊ စိုက်ပျိုးလုပ်ကိုင်ခြင်းလည်း မရှိ၊ မြေကနေစွန့်လွှတ်သွားတာလည်း နှစ်နှစ်တိုင် ရှိနေတဲ့ မြေတွေကို မူလ ပေးထားတဲ့မြေပိုင်ရှင် အခွင့်အရေး လက်လွှတ်သွားပြီလို့ သတ်မှတ်ပြီး အပိုင်မြေအဖြစ်က ပယ်ဖျက်ပြီး အစိုးရမြေ (state land) အဖြစ် ပြောင်းလဲ သတ်မှတ်နိုင်ကြောင်း ပြဌာန်းခဲ့ပါတယ်။(LBTVL Section 11; UBLR Section 23:)။
မြေပိုင်ဆိုင်မှု အခွင့်အရေးတွေကို Tenture ခေါ်ပါတယ်။ Tenure ဟာသီးစား မဟုတ်ပါဘူး။ ပိုင်ဆိုင်မှုပါ။ Tenancy ကမှ သီးစား ဖြစ်ပါတယ်။ မြေစာရင်း ဌာနရဲ့ အစဉ်အလာအရ ကွင်းတစ်ကွင်းမှာရှိတဲ့ လုပ်ကွက်တွေကို မြေပုံ တစ်ချပ်အဖြစ် တိုင်းတာ ပုံထုတ်ပြီးရင် ဦးပိုင်ခွဲခြင်း ဒါမှမဟုတ် ပိုင်ဆိုင်မှု ခွဲခြားခြင်း ဆိုတဲ့ လုပ်ငန်း လုပ်ရပါတယ်။ ဘယ်မြေကွက်တွေကို ဘယ်သူက ဘယ်လို ပိုင်ဆိုင်ထားတယ် ဆိုတဲ့ စာရင်း ပြုစုရပါတယ်။ ဦးပိုင် စုံစမ်းခြင်း (tenure enquiries) လို့ ခေါ်ပါတယ်။
ဒီနေရာမှာ ဦးပိုင် (holding) ဆိုတာ ရှင်းပြချင်ပါတယ်။ မြေစာရင်းလက်စွဲ ဥပဒေ အပိုဒ် (၅၂၃) မှာ ဒီလို ဖွင့်ဆိုပါတယ်။ “ကွင်း သို့မဟုတ် အကွက်တစ်ကွက်အတွင်းရှိ မြေမျိုး တစ်ရပ်တည်းအတွက် တစ်ဦး တစ်ယောက်တည်းက နယ်နိမိတ် တစ်ဆက်တစ်စပ်တည်း ပိုင်ဆိုင်ပြီး လုပ်ကိုင်ခွင့် အမျိုးအစားမှာလည်း တစ်မျိုးတစ်စားတည်းသာ ဖြစ်သည့် မြေယာအဝန်းအဝိုင်းကို ဦးပိုင် တစ်ဦးပိုင်ဟု သတ်မှတ်ကြောင်း” ဆိုပြီး ဖော်ပြထားပါတယ်။ Burma Land Records Manual : Para 523. A holding ordinarily consists of all the land of the same main kind enclosed within one continuous boundary in the same kwin and village-tract held by one person or a number of persons jointly on the same tenure and the same title'
ရှင်းအောင် ပြောရမယ်ဆိုရင် ဦးပိုင်တစ်ခု ဖြစ်ဖို့ 
(၁) ကွင်းတစ်ကွင်းအတွင်း
(၂) (လယ်/ယာ/ကိုင်းကျွန်း/ဓနိ/တောင်ယာ စသည့် မြေမျိုးများထဲမှ မြေမျိုး တစ်ရပ်တည်း အတွင်းတွင်
(၃) နယ်နိမိတ်တစ်ခုအတွင်း တစ်ဆက်တစ်စပ်တည်း တည်ရှိနေပြီး
(၄) ယင်းအဝန်းအဝိုင်းကို တစ်ဦးတစ်ယောက်တည်းက အမည်ပေါက် ပိုင်ဆိုင်နေသော နယ်နိမိတ် ဖြစ်ရမည်။ 
အဲဒီ ဦးပိုင်တွေအတွက် ပိုင်ဆိုင်မှုစာရင်း ပြုစုတဲ့အခါ ပိုင်ဆိုင်မှုနည်းလမ်း (tenure system) ပါ ရေးသွင်း မှတ်တမ်းတင်ရပါတယ်။ မြေပိုင်ဆိုင်မှုနည်းလမ်း (tenure system) ကိုတော့ ဒီလို သတ်မှတ် ခွဲခြားထားပါတယ်။ Tenure means = Non-State, Landholder's Right, Boba - Paing, Grant, Lease, License, Squatter, State Tenant, or as the case may be လို့ ဆိုထားချက်အရ အစိုးရပိုင် မဟုတ်တဲ့မြေ၊ မြေရှင်အခွင့်ရမြေ၊ ဘိုးဘပိုင်မြေ၊ အပိုင်ဂရန်မြေ၊ အငှားဂရန်မြေ၊ အခွင့်အမိန့် မရဘဲ နေထိုင်အသုံးပြု မြေ၊ အစိုးရမှ အခဖြင့် ချထားမြေ စသဖြင့် ခွဲခြားရပါတယ်။
ဒီတော့ tenure ဆိုတာ မြေပိုင်ဆိုင်မှု နည်းလမ်း ဖြစ်ပြီး ဆိုင်ရာနည်းလမ်း အလိုက် သတ်မှတ်ထားတဲ့ အခွင့် အရေးတွေအတိုင်း ပိုင်ဆိုင်ခွင့် ရကြတာ ဖြစ်ပါတယ်။ ဘိုးဘပိုင်ဆို ဘိုးဘပိုင် အခွင့်အရေးပေါ့။ Grant ဆိုရင် grant အခွင့်အရေးပေါ့။ ဆိုင်ရာ tenure နည်းလမ်းအမျိုးအစားရဲ့ နောက်မှာ ကပ်ပါလာတဲ့ သတ်မှတ်အခွင့်အရေး တွေအတိုင်းပဲ ခံစားရမှာ ဖြစ်ပါတယ်။ ဘိုးဘပိုင် လယ်ယာမြေ ရရှိထားတဲ့ တောင်သူလယ်သမားတွေ ရရှိမယ့် အခွင့်အရေးကတော့ -
* လယ်ယာမြေကို လက်ဝယ်ထားရှိနိုင်ခြင်း၊
* လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်ခွင့်ရှိခြင်း၊
* လယ်ယာမြေကို ပေါင်နှံနိုင်ခြင်း၊
* လယ်ယာမြေကို ရောင်းချနိုင်ခြင်း၊ ပေးကမ်းလှူဒါန်းနိုင်ခြင်း၊
* လယ်ယာမြေကို အမွေပေးနိုင်ခြင်း၊
* လယ်ယာမြေကို အခြားသူသို့ လွှဲပြောင်းနိုင်ခြင်း၊ ချထားနိုင်ခြင်းတို့ ဖြစ်ပါတယ်။
အင်္ဂလိပ်ခေတ်က ဘိုးဘပိုင် အခွင့်အရေးပေးခဲ့တဲ့ မြေတွေထဲမှာ မြို့ မြေတင်မက လယ်ယာမြေတွေလည်း ပါပါတယ်။ ၁၉၅၃ ခုနှစ်မှာ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေပြဋ္ဌာန်းပြီး လယ်ယာမြေက အမြောက်အမြား ပိုင်ဆိုင်နေတဲ့ မြေပိုင်ရှင်ကြီးတွေ ထံက မြေတွေ ပြန်လည်သိမ်းယူပြီး မြေမဲ့ယာမဲ့နဲ့ မြေယာချို့တဲ့တွေကို ဝေတဲ့အခါ မူလပိုင်ဆိုင်မှုတွေကို ဖျက်သိမ်းပြီး အခြားသူတွေဆီ ဝေငှ ပိုင်ဆိုင်စေတာဖြစ်တဲ့အတွက် ၁၉၅၃ ခုနှစ် လယ်/နိုင် အက်ဥပဒေအရ လယ်ယာမြေမှာရှိတဲ့ ဘိုးဘပိုင်မြေဆိုတဲ့ ပိုင်ဆိုင်မှု အမျိုးအစား ပျောက်ကွယ် သွားပြီလို့ တချို့ကမှတ်ယူပါတယ်။
၁၉၅၃ လယ်/နိုင်လုပ်ငန်း ဆောင်ရွက် ရာမှာ မသိမ်းဘဲ ချန်လှပ်ပေးခဲ့တဲ့ ဧရိယာတွေလည်း ရှိခဲ့ပါတယ်။ ရွာမြေ၊ စက်ရုံမြေ၊ အခြားနည်း အသုံးပြုနေတဲ့ မြေတွေ၊ သာသနာ၊ ကျောင်း၊ ကန်၊ ဇရပ်အဖြစ် သုံးနေတဲ့ မြေတွေကို သိမ်းယူခြင်းကနေ ကင်းလွတ်ခွင့် ပေးတဲ့အပြင် လယ်ယာမြေပိုင်ရှင်တွေ ဆီက မြေကိုလည်း အကုန်သိမ်းယူတာ မဟုတ်ပါဘူး။ လယ်မြေ ဆိုရင် ဧက ၅ဝ၊ ယာမြေဆို ၂၅ ဧက၊ ကိုင်းကျွန်းနဲ့ ကြံစိုက်မြေဆို ၁၀ ဧကထက် ကျော်လွန်မှသာ သိမ်းယူပြီး အဲဒီ ဧရိယာဧက အတိုင်းအတာတွေအထိကို မူလပိုင်ရှင်ထံမှာ မသိမ်းဘဲ ချန်ထားပေးခဲ့ပါတယ်။ သိမ်းယူခြင်းမှ ကင်းလွတ်ခွင့်ရလို့ ခေါ်ပါတယ်။ ဒါကြောင့်မို့ တချို့ကတော့ လယ်/နိုင်လုပ်ငန်းဟာ တစ်ပြည်လုံးမှာ ရှိတဲ့ လယ်ယာမြေ အားလုံးကို သိမ်းယူ နိုင်ခဲ့တာ၊ ပြန်ဝေငှနိုင်ခဲ့တာ မဟုတ်ဘူး၊ ကင်းလွတ်ခွင့်ရမြေတွေ ရှိသလို လယ်/နိုင် လုပ်ငန်းကြီးသည်ပင် ၁၉၅၃-၁၉၅၄ မှာ စတင်ခဲ့ပြီး အကြောင်း အမျိုးမျိုးကြောင့် ငါးနှစ်အကြာ ၁၉၅၇-၁၉၅၈ မှာ လုပ်ငန်းရပ်ဆိုင်း လိုက်ရတဲ့အတွက် မသိမ်းယူဘဲ ကျန်ခဲ့တဲ့မြေတွေ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို အများကြီး ကျန်ရှိတဲ့အခါ ယင်းမြေများရှိ ဘိုးဘပိုင် အခွင့်အရေးတွေ မပျက်သုဉ်းဘဲ ကျန်ခဲ့ရပေမယ်လို့ ဆိုကြပါတယ်။
ဒီနေရာမှာ ဆွေးနွေးစရာ ရှိတာက ၁၉၅၃ လယ်/နိုင် လုပ်ငန်းကြီးက မြန်မာပြည်ရဲ့ မြေပိုင်ရှင်ဆိုတဲ့ အခွင့် အရေးကို ပိတ်ပင်ပစ်လိုက်နိုင်တဲ့ အနေအထား ရှိသလား၊ မရှိသလား ဆိုတာပါ။ ၁၉၅၃ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေးဥပဒေဟာ မြေပိုင်ရှင်စနစ်ကို ချုပ်ငြိမ်းစေခဲ့တဲ့ အသွင်အပြင် မရှိခဲ့ပါဘူးလို့ ယူဆပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၁၉၅၃ လယ်/နိုင် အက်ဥပဒေပါ ပြန်လည် သိမ်း ယူခြင်းမှ ကင်းလွတ်ခွင့်ရမြေ၊ အဝေခံရမြေတွေ အတွက် စည်းကမ်းချက်တွေ၊ အခွင့်အရေးတွေကို စိစစ်ကြည့်တဲ့အခါ မြေပိုင်ဆိုင်မှုကို ဆက်လက် အခွင့်ပေး ထားတဲ့ စကားရပ်တွေ၊ ပြဋ္ဌာန်းချက်တွေ ကို တွေ့ရတဲ့အတွက် ဖြစ်ပါတယ်။ ၁၉၅၃ လယ်/နိုင် ဥပဒေဟာ မြေပိုင်ရှင်တွေထံက သတ်မှတ် အတိုင်းအတာထက် ပိုမိုတဲ့ ဧရိယာတွေကို နိုင်ငံတော်က ပြန်လည် သိမ်းယူပြီး လယ်ယာ မဲ့တွေကို ပြန်လည်ဝေငှပေးတဲ့သဘောသာ ရှိပြီး မြေပိုင်ရှင်တွေရဲ့ အခွင့်အရေးတွေကို တိတိလင်းလင်း ရုပ်သိမ်းခဲ့မှု မရှိပါဘူး။ မသိမ်းယူဘဲ ချန်လှပ်ခဲ့တဲ့မူလ ဘိုးဘပိုင် လယ်ယာမြေ (ဥပမာ- က ၅ဝ အောက် လယ်မြေ) တွေမှာသာမက အဝေခံမြေတွေမှာပါ ပိုင်ဆိုင်ခွင့်ပုံစံ သဘော အခွင့်ဆက်ပေးတာတွေကိုတွေ့ ရပါတယ်။
လယ်/နိုင်ဥပဒေ ပုဒ်မ ၉ မှာ (သိမ်းယူခြင်းမှ ကင်းလွတ်ခွင့်ရမြေ အတွက် အခွင့်အရေးတွေ ပြဆိုထား ပါတယ်။ သတ်မှတ်စည်းကမ်းချက်နဲ့ ညီညွတ်ရင် မြေကို လက်ရှိ ထားနိုင်ခွင့်၊ လုပ်ကိုင်နိုင်ခွင့်၊ လုပ်ကိုင်ခြင်းက ရတဲ့ အကျိုး အမြတ်တွေ ခံစားနိုင်ခွင့်၊ အာဏာပိုင်ရဲ့ ခွင့်ပြုချက်ဖြင့် မြေကို ခွဲစိတ် လဲလှယ်နိုင်ခွင့်၊ ပေးလှူနိုင်ခွင့်၊ ရောင်းချပေးကမ်းနိုင်ခွင့်၊ အမွေ ဆက်ခံခွင့်တို့ ပေးထားမှုတွေ တွေ့ရှိရ သလို မိမိဘာသာ သီးစားမချဘဲ အာဏာပိုင် ခွင့်ပြုချက်နဲ့ ချနိုင်ခွင့် (ဥပမာ- သာသနာမြေ) ပေးထားမှုတွေ တွေ့ရပါတယ်။ အထိန်းအကွပ်ကလေး ပါလာတာက လွဲလို့ အရင်မူလ အခွင့်အရေးတွေနဲ့ ဘာမျှမကွာပါဘူး။ ဒါ့အပြင် သိမ်းယူမြေတွေကို ဝေငှတဲ့အခါ လယ်ယာမြေကို အဝေခံ ရရှိသူတွေ အတွက် အခွင့်အရေးကိုလည်း ပုဒ်မ ၁ဝ မှာ ပြဋ္ဌာန်းထားပါတယ်။ အဲဒီ အခွင့် အရေး တွေထဲမှာ သီးစားမချရဘဲ မိမိကိုယ်တိုင်သာ လုပ်ကိုင်ရမှာ ဖြစ်ကြောင်း သတ်မှတ်ချက်က လွဲပြီး ပေးအပ်ထားတဲ့ ပိုင်ဆိုင်ခွင့်တွေဟာ မသိမ်းဘဲချန်ထားခဲ့တဲ့ ကင်းလွတ်ခွင့်ရ မြေရှင်တွေအတွက် ပေးထားတဲ့ ပုဒ်မ ၉ ပါအခွင့် အရေးတွေအတိုင်း ဖြစ်ကြောင်း တွေ့ရပါတယ်။
ဘိုးဘပိုင် လယ်ယာမြေမှာ မြေပိုင်ရှင် အခွင့်အရေးတွေ ဖြစ်တဲ့
* မိမိတို့ ထာဝရ အမည်ပေါက် လက်ရှိထားခွင့်ရှိခြင်း၊ လုပ်ကိုင် နေထိုင်ခွင့်ရှိခြင်း၊
* အခြားသူအား လွှဲပြောင်း ပေးကမ်းနိုင်ခြင်း၊
* ရောင်းချနိုင်ခြင်းစတဲ့ အခွင့်အရေးများ ပူးတွဲ ပိုင်ဆိုင်ခြင်း ဖြစ်ပါတယ်
* သီးစားချနိုင်တာလည်း မြေရှင်ရဲ့ အခွင့်အရေး ဖြစ်ပါတယ်။ လက်ရှိ ထားပိုင်ခွင့် ရှိခြင်း (In possession) ဆိုတဲ့ အဓိပ္ပာယ်ဟာ အတော်တန်ဖိုးရှိ ပါတယ်။ မြေပိုင်တွေ ဘိုးဘပိုင်တွေဟာ မြေကို လက်ရှိထားပိုင်ခွင့်ရခြင်းဆိုတဲ့ စကားရပ်ဟာ တန်ဖိုးမသေးလှပါဘူး၊ နည်းတဲ့ အခွင့်အရေး မဟုတ်ပါဘူး။ လက်ရှိထားခြင်းဆိုတာ မြေကို မြေရှင်ကိုယ်တိုင်က နေထိုင်လုပ်ကိုင်နေဖို့ မလိုပါဘူး။ ဒါပေမဲ့ ပိုင်ဆိုင်မှုရှိတယ် ဆိုတာ ပြဆိုပါတယ်။ အောက်မြန်မာပြည် မြေနှင့် အခွန်တော် ဥပဒေ LBLR ပုဒ်မ ၃၊ ပုဒ်မခွဲ (က) (ခ) အရ "ယင်းမြေတွင် ပိုင်ရှင်ကိုယ်တိုင်က ဖြစ်စေ၊ ၄င်း၏ အလုပ်သမား၊ အစေခံ၊ ကိုယ်စားလှယ်၊ သီးစားချခံရသူ၊ ၎င်းထံမှ အပေါင်ခံ ရရှိထားသူတို့က ဖြစ်စေ၊ ၎င်းတို့က တစ်ဆင့် လွှဲ ပြောင်းချထားသူက ဖြစ်စေ လက်ရှိလုပ်ကိုင် နေထိုင်လျှင် လက်ရှိထား ပိုင်ဆိုင်သည်ဟု မှတ်ယူရမည်" လို့ ဆိုထားတဲ့အတွက် မြေကို လက်ရှိထား ပိုင်ဆိုင်ခွင့် ရထားသူဟာ အဲဒီမြေကို မည်သူ့ကိုမဆို ပေါင်နှံ လွှဲပြောင်း ချထားပိုင်ခွင့်တွေ ရထားတာ တွေ့ရပါတယ်။
၁၉၅၃ လယ်/နိုင် ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို စိစစ်ကြည့်တဲ့အခါ ၁၉၅၃ လယ်/နိုင် အက်ဥပဒေ ပုဒ် ၉ နဲ့ ပုဒ်မ ၁ဝ မှာ ပေးအပ်ထားသော အခွင့်အရေးတွေအရ ကင်းလွတ်ခွင့်ရမြေနဲ့ ဝေငှခံမြေ ရရှိသူတွေဟာ မြေကို လက်ရှိထားခွင့် ဆက် လက်တည်ရှိနေတာ တွေ့ရပါတယ်။ လွှဲပြောင်းပေးကမ်းခြင်း၊ အမွေဆက်ခံ ခြင်းတွေကို အာဏာပိုင်ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ကိုင်နိုင်သေးတာ တွေ့ရပါတယ်။ မူလ မြေရှင်အခွင့်အရေးနဲ့ လုံးလုံးကြီး ကွာခြားသွားခြင်း မရှိပါဘူး။ အဓိက စာသားတစ်ရပ်ကိုတော့ ခြွင်းချက်ပေးရပါမယ်။ အဲဒါက သီးစား မချရ၊ ကိုယ် တိုင် လုပ်ရမယ် ဆိုတဲ့ စည်းကမ်းချက် ဖြစ်ပြီး အဲဒါကလည်း တကယ်တော့ အသက် မဝင်တဲ့ သတ်မှတ်ချက်သာ ဖြစ်ပါတယ်။ မြေရှင်တွေဟာ ၁၉၅၃ လယ်/နိုင်ဥပဒေ ပြဌာန်းပြီး နောက်ပိုင်းမှာလည်း ၁၉၅ဝ သီးစားခ စံနှုန်းဥပဒေ၊ ၁၉၅၄ သီးစားခ စံနှုန်း ပြင်ဆင်ချက် ဥပဒေ၊ ၁၉၆၃ သီးစားခစံနှုန်းဥပဒေကို ပြင်ဆင်တဲ့ ဥပဒေတွေအရ သီးစား ချပိုင်ခွင့်၊ သီးစားခ ရပိုင်ခွင့်တွေ ဆက်လက် ရရှိနေခဲ့ပါတယ်။ ဒီတော့ မြေရှင်ဆိုင်ရာ ဆိုင်ခွင့်နဲ့ မြေရှင် သဘောသဘာဝ တွေဟာ ၁၉၅၃ လယ်နိုင်ဥပဒေကြောင့် ပျောက်ပျက်မသွားခဲ့ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
၁၉၆၃ ခုနှစ် သီးစား ချထားရေး ဥပဒေနဲ့ ၁၉၆၅ ခုနှစ် သီးစားချထားရေး ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ နှစ်ရပ်နဲ့ ဝိသေသတွေကသာ ဘိုးဘပိုင် လယ်ယာမြေနဲ့ မြေရှင်စနစ်ကို ရိုက်ချိုးနိုင်ခဲ့တယ်လို့ ယူဆပါတယ်။ ၁၉၅၃ လယ်/နိုင် ဥပဒေမှာ ဆက်လက် အသက်ဝင်နေသေးတဲ့ မြေပိုင်ရှင်စနစ်နဲ့ မြေရှင်အခွင့်အရေးတွေကို အဲဒီ ဥပဒေ နှစ်ရပ်က လွင့်စင် ပပျောက်သွား စေပါတယ်။ ၁၉၆၃ သီးစားချထားရေး ဥပဒေက မြေရှင်တွေကို စတင် ထိန်းချုပ်ပါတယ်။ ၁၉၆၅ ဥပဒေက မြေရှင်စနစ်ရဲ့ ရေသောက်မြစ်ကို ဖြတ်ပစ်လိုက်ပါတယ်။ ၁၉၆၃ သီးစားချထားရေး ဥပဒေ ပြဋ္ဌာန်းစဉ်မှာ မြေရှင်၊ သီးစား၊ သီးစားဆိုတဲ့ ဝေါဟာရတွေကို ၁၉၆၃ သီးစားချ ထားရေး ဥပဒေ ပုဒ်မ ၂ (၁) (ဂ)၊ (င)၊ (စ) မှာ ဖွင့်ဆိုရှင်းလင်းခဲ့မှုအရ တော်လှန်ရေးအစိုးရ တက်ခါစမှာ မြေရှင်နဲ့ မြေရှင်စနစ် တည်ရှိနေသေးကြောင်း၊ မြေရှင်က သူ့မြေတွေကို သီးစားချနေကြောင်းနဲ့ သီးစားက မြေရှင်ကို သီးစားခ ပေးနေရကြောင်း သိသာတဲ့အချက် ဖြစ်ပါတယ်။ တော်လှန်ရေးအစိုးရ တက်လာစဉ်မှာ မြေရှင်စနစ် တည်ရှိနေသေးတဲ့ သက်သေ အထောက်အထား ဖြစ်ပါတယ်။ သို့ပေမဲ့ တော်လှန်ရေးအစိုးရက ၁၉၆၃ သီးစားချထားရေး ဥပဒေ ပုဒ်မ ၃ မှာ အောက်ပါအတိုင်း ပြဋ္ဌာန်းပြီး မြေရှင်တွေရဲ့ အရှိုက်ကို ထိုးနှက် လိုက်ပါတယ်။
၁၉၆၃ ခုနှစ် သီးစားချ ထားရေး ဥပဒေ ပုဒ်မ ၃။ အစိုးရသည် အမိန့်ကြော်ငြာစာဖြင့် မည်သည့် လယ်ယာမြေကိုမဆို ထိုအမိန့်ကြော်ငြာ စာတွင် သီးခြား ဖော်ပြထားသည့် နေ့ရက်မှ စ၍ သီးစား ချထားမည်ဟု ကြေညာနိုင်သည်။ ထိုသို့ ကြေ ညာသည့် အခါ ထိုလယ်မြေနှင့် သက်ဆိုင်သည့် မြေရှင်၏ သီးစားချထားနိုင်သည့် အခွင့်အရေးသည် ရပ်စဲရမည်။ သီးစားပုဒ်မ ၃ ဟာ မြေရှင်တွေအတွက် တကယ် ပြင်းထန်တဲ့ ထိုးနှက်ချက် ဖြစ်ပါတယ်။ မြေရှင်ရဲ့ အစဉ်အလာ ရရှိခံစားလာခဲ့တဲ့ အခွင့်အရေးကို ထိပါးလာပါပြီ။ ဒါနဲ့ မပြီးသေးပါဘူး။ မြေရှင်တွေအတွက် အခြေအနေ ပိုဆိုးသွားစေတာက ၁၉၆၅ ခုနှစ် သီးစားချထား ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေအရ ၁၉၆၃ သီးစားချထားရေး ဥပဒေမှာ ပုဒ်မ ၄ အဖြစ် “လယ် ယာမြေ များပေါ်တွင် အစိုးရက ချထားသော သီးစားများသည် သို့မဟုတ် မြေ ရှင်များက ချထားသော သီးစားများ ကျန်ရှိနေသေးလျှင် ထိုသီးစားများသည် မြေရှင်အား သီးစားခ ပေးရန် မလို။” လို့ ထည့်သွင်း ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်ပါ တယ်။
၁၉၆၃ သီးစားချထားရေး ဥပဒေ ပေါ်ထွက်လာတဲ့အခါ ပုဒ်မ ၇ အရ အစိုးရက ခန့်အပ်ဖွဲ့စည်းတာဝန်ပေးတဲ့ ပုဂ္ဂိုလ်တွေ (မြေယာကော်မတီ) ကသာ သီးစား ချထားရေး ဥပဒေနဲ့အညီ သီးစားချပိုင်ခွင့် ရှိပြီး မြေရှင်က သီးစား မချနိုင်တော့ပါဘူး။ သီးစားခလည်း မရတော့ပါဘူး။ မြေရှင်က သီးစား ချခဲ့သော် သီးစား ပုဒ်မ ၁၀ အရ အရေးယူခံရမှာ ဖြစ်ကြောင်း ပြဋ္ဌာန်းချက်တွေအရ လယ်ယာမြေပေါ်မှာရှိတဲ့ မြေရှင်ဆိုင်ရာဆိုင်ခွင့်တွေ ထိန်းချုပ်ခံရ ပါတော့တယ်။ မြေရှင်စနစ် အသက်ရှူပေါက် မရတော့ဘဲ တဖြည်းဖြည်း ချုပ်ငြိမ်းစ ပြုလာရပါတယ်။ မြေပိုင် ဆိုင်ခွင့် မြေရှင်အခွင့်ရတဲ့ ဘိုးဘပိုင် လယ်ယာမြေတွေလည်း ပိုင်ဆိုင်မှု အခွင့်အရေးကို ရှေ့တန်းတင်လို့ မရတော့ပါဘူး။ ပိုင်ဆိုင်မှုအတွက် အသိ အမှတ်ပြု မခံရတော့ပါဘူး။ သီးစား ချထားရေး နည်းဥပဒေများ၊ သီးစား ချထားရေးဥပဒေကို ရှင်းလင်းချက်များ အရ မြေရှင်ကိုယ်တိုင် အစိုးရထံမှာ မိမိ လုပ် ကိုင်ဖို့အတွက် သီးစား မှတ်ပုံတင်ရ ပါတော့တယ်။ သို့မှသာ လုပ်ကိုင်ခွင့် ရပါတော့တယ်။ မြေရှင်ကိုယ်တိုင်လည်း အစိုးရက သီးစား ချမှသာ မိမိမြေကို လုပ်ခွင့်ရတဲ့သဘော ဖြစ်သွားပါပြီ။ မိမိထံရှိ ပိုင်ဆိုင်ခွင့် ဆိုတဲ့ အခွင့်အရေးက မှေးမှိန်သွားပါပြီ။ မိမိမြေကို တခြားသူကို လွှဲပြောင်းခြင်း၊ တစ်ဆင့်ချထားခြင်းတွေ ကို မိမိသဘောအလျောက် ဆောင်ရွက်ခွင့် မရှိတော့ဘူး။
မြေပိုင်ရှင်ဆိုပြီး လက်ဝယ်ထားခွင့်လည်း မရှိတော့ဘူး။ အရင်က ရထားတဲ့ ထာဝရ ပိုင်ဆိုင်ခွင့် လက်ရှိထားခွင့်ဆိုတဲ့ In possessing အခွင့်အရေး ပျောက်ကွယ် သွားပါပြီ။ မြေကို ကိုယ်တိုင် လုပ်မှသာ မြေပေါ် ဆက်နေခွင့်၊ လုပ်ကိုင် စားသောက်ခွင့် ရပါတော့တယ်။ ၁၉၆၃ သီးစားချထားရေးဥပဒေအရ မြေယာ စနစ်တော်လှန်ရေး ဆိုတဲ့ အဟုန်ကြောင့် လယ်လုပ်သူသာ လယ်လုပ်ပိုင်ခွင့် ရရှိစေရမယ် ဆိုတဲ့ မူဝါဒထွန်းကားလာပါတယ်။ မြေယာမှုခင်း ဖြစ်ရင်လည်း ပိုင်ဆိုင်မှုကို ဦးစားမပေးဘဲ လုပ်ကိုင်မှုကိုသာ ဦးစားပေးပြီး မြေကို ဘယ်သူ လုပ်နေလဲ၊ လက်ရှိလက်ငုတ် ဘယ်သူလဲ ဆိုတဲ့ လုပ်ကိုင်နေတဲ့ အခြေအနေအရသာ မူတည် စဉ်းစားဆောင် ရွက်ပေးပါတယ်။
ဘိုးဘပိုင်တွေ ဘာတွေ လုံးဝ ထည့်သွင်း စဉ်းစားသုံးသပ်မှု မပြုတော့တာကြောင့် ပိုင်ဆိုင်မှုအစား လုပ်ကိုင်မှုအတွက်သာ ဆုံးဖြတ်ပေးတဲ့ လမ်းကြောင်း ဖြစ်လာ ပါတယ်။ လယ်ယာမြေကို အမွေပစ္စည်း တစ်ရပ်အဖြစ် မမှတ်ယူရ ဆိုတဲ့ ညွှန်ကြားချက်တွေအရ လယ်ယာမြေ အပေါ် အမွေ ဆက်ခံခွင့်ကို အလေး မပေးတော့ပါဘူး။ လယ်ယာမြေကို အမွေဆက်ခံခွင့် ပျောက်သွားစေပါတယ်။ ၁၉၆၃ သီးစားချထားရေး ဥပဒေအရ မြေကို ကိုယ်တိုင် မလုပ်နိုင်တဲ့၊ မလုပ်ကိုင်တဲ့ လယ်ပိုင်ရှင်တွေထံက မြေတွေ သီးစားတွေထံ ရောက်သွားစေ ပါတယ်။ မြေပိုင်ရှင်တွေ ပပျောက် သွားပြီး မြေကို ကိုယ်တိုင်လုပ်သူတွေသာ အစိုးရထံ သီးစားမှတ်ပုံတင်ပြီး မြေပေါ်ကျန်ခဲ့ရတဲ့ အနေအထား ဖြစ်သွားပါတယ်။ ရွှေထီးဆောင်းခဲ့တဲ့ ဘိုးဘပိုင် လယ်ယာမြေတွေ ချိုးနှိမ်ခံရတဲ့ အနေအထား ဖြစ်သွားပါတယ်။ ဒါကြောင့်မို့ ဘိုးဘပိုင်လယ်ယာမြေတွေ ပိုင်ခွင့်၊ မြေပိုင်ရှင်တွေရဲ့ မြေပိုင်ဆိုင်မှု အခွင့်အရေးတွေဟာ ၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေအရ ချုပ်ငြိမ်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပါတယ်။
ဒါဖြင့် ၂၀၁၂ လယ်ယာမြေဥပဒေအရ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင် လက်မှတ် ရရှိသူဟာ သားစဉ်မြေးဆက် အဆက်ဆက် လုပ်ကိုင်ခွင့် ရရှိစေမယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက် တောင်သူလယ် သမားတွေအနေနဲ့ မိမိတို့ လုပ်ကိုင်နေတဲ့ လယ်ယာမြေတွေအတွက် မြေပိုင်ဆိုင်ခွင့် ပြန်ရရှိပါပြီလား၊ ပုံစံ (၇) ရတဲ့အတွက် မိမိတို့ အမည်ပေါက် မြေပိုင်လို့ ပြောနိုင်ပါသလား မေးရင်တော့ လက်ရှိ လုပ်ပိုင်ခွင့်မှတ်ပုံတင်တဲ့ စနစ် (land register system) နဲ့ ပုံစံ (၇) စည်းကမ်းချက်တွေရဲ့ အားနည်း ချက်တွေအရ လောလောဆယ် ပြောရ ခက်ပါတယ်၊ ယခင် ဘိုးဘပိုင် လယ်ယာမြေလို အပြည့်အဝ မရှိသေးဘူးလို့ ပြောရင် ပြောလို့ရ ပါတယ်။ Land Title ကို ဘယ်လို မူချမှတ်ပြီး ဘယ်လို နည်းလမ်းနဲ့ ပေးသင့်တယ် ဆိုတဲ့ သဘောတရားတွေ အကျေအလည် ညှိနှိုင်း၊ အကျယ်တဝင့် စဉ်းစားပြီး ဆက်လုပ်သင့်တာတွေ အများကြီး ရှိပါသေးတယ်။ ဗဟိုလယ်/စီအဖွဲ့ကြီးအနေနဲ့ သူ ထုတ်ပေးလိုက်တဲ့ ပုံစံ (၇) တွေရဲ့ အမွေဆက်ခံမှုနဲ့ မြေပိုင် ဆိုင်ခွင့်တွေမှာ တရားရုံး လုပ်ပိုင်ခွင့်တွေနဲ့ ဆက်စပ် ညှိနှိုင်းရမှာတွေ တစ်ပုံတစ်ပင် ကျန်ရှိနေသေးသလို ထပ်မံရှင်းလင်း ညွှန်ကြားဖို့ ကိစ္စရပ်များစွာ ကျန်ရှိနေသေး တယ်လို့ တွေ့မြင်ရ ပါကြောင်း တင်ပြလိုက်ရပါတယ်။
( ဆရာဦးဇော်မင်း (နတ်မောက်) ၏ ဘိုးဘပိုင် လယ်ယာမြေ ဆောင်းပါးအား အနည်းငယ် ပြင်ဆင်ရေးသား တင်ပြခြင်း ဖြစ်ပါသည် ) ။
မျိုးမင်းထွန်း
Photo google
 

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

Get latest properties in email!

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Copyright © 2020 | All rights reserved by Yuzanar Land Real Estate