အမေး - ကျွန်တော့် မိဘတွေဟာ ကျွန်တော့်အမေရဲ့အဘွား လက်ထက်ကတည်းက ဂရန်အမည်ပေါက် မြေနဲ့အိမ် (၂၀'X၄၀') မှာအခုလက်ရှိအထိနေပါတယ်

အမေး - ကျွန်တော့် မိဘတွေဟာ ကျွန်တော့်အမေရဲ့ အဘွား လက်ထက်ကတည်းက ဂရန်အမည်ပေါက် မြေနဲ့အိမ် (၂၀'X၄၀') မှာ အခု လက်ရှိ အထိ နေပါတယ် ။ အခုလက်ရှိက အမေ့ရဲ့ အဖေ ၊ ကျွန်တော်အဘိုးရဲ့ အမည်ပေါက် နဲ့ပါ ။ အဘိုးလည်း ဆုံးတာ ကြာ ပါပြီ ။ ကျွန်တော့်အဘိုးရဲ့ လက်ထက်မှာ အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး တစ်ဦးက ကျွန်တော်တို့ မြေကွက်ရဲ့ ခြေရင်းက ၁၀ ပေ လောက်မြေပို ( ကျွန်တော်တို့ မြေကွက်နဲ့ လုံးဝ မသက်ဆိုင် ) ကို တစ်နည်းနည်းနဲ့ ဝယ်လိုက်ပါတယ် ။ ပေမပြည့်လို့
ဂရန် မရဘူးလို့ သိရပါတယ် ။
အဲ့ဒီဆရာမကြီး အိမ်ဆောက်ချင်တဲ့ အခါ ဂရန်မြေ မဟုတ်လို့ ဆောက်မရလို့ ဆိုပြီး အဘိုးဆီ အကူအညီ လာတောင်းပါတယ်။ အဘိုးကလည်း အငြိမ်းစား အချင်းချင်းဆိုပြီး ကူညီတဲ့ အနေနဲ့ ကျွန်တော်တို့ရဲ့ ဂရန်မှာ အပေါင်းတစ် ဆိုပီး လုပ်ခွင့်ပေးလိုက်မိ ပါတယ် ။ ( ဘာအကျိုးအမြတ်မှ မယူခဲ့ပါ ) ။ မူရင်းဂရန် " ဦးသန်းတင် " အမည်ပေါက်ကနေ " ဦးသန်းတင် + ၁ " ဆိုပြီး ဖြစ်သွားတာပါ ။ အဘိုးတို့ ဆရာမကြီးတို့လည်း ဆုံးပြီး အခုအခါမှာ ဆရာမကြီးရဲ့ ဆွေမျိုးတွေက ဆရာမကြီးရဲ့အိမ်ကို ငွေရှင် ကြေးရှင် တစ်ယောက်ကို ရောင်းလိုက်ပါတယ် ။ အဲ့ဒီသူက ကျွန်တော့်မိဘတွေ အိမ်ကိုပါ ဝယ်ချင်နေပြီး ဂရန်အရ +၁ ဖြစ်တဲ့ အခုလက်ရှိ ကျွန်တော့်မိဘတွေ နေတဲ့ မြေနဲ့အိမ်ကိုပါ သူတစ်ဝက် ဆိုင်သလို ပြောနေပြီး စျေးနှိမ်ပါတယ် ။ သူတစ်ဝက်ဆိုင်တဲ့ အတွက် တစ်ခြားသူကို ရောင်းမရဘူးလို့လည်း ဆိုပါတယ် ။
တစ်ကယ်ပဲ ကျွန်တော့်မိဘတွေရဲ့ ဘိုးစဉ်ဘောင်ဆက်နေလာတဲ့ မြေက ကျွန်တော်တို့လည်း ဘာအကျိုးအမြတ်မှ မရပဲ သူက တစ်ဝက် ပိုင်ဆိုင်သွားပါသလား ။ သူ့မှာ အရေးဆိုပိုင်ခွင့် ရှိနေပါသလား ။ ကျွန်တော့်မိဘတွေဟာ တစ်သက်လုံး ဘိုးစဉ်ဘောင်ဆက် နေလာတဲ့မြေပေါ်မှာ နေပြီး မကြာမကြာ ဟိုလူက သူနဲ့ဆိုင်သလိုလာပြောပြီး သူ့ကိုပဲရောင်းဖို့ တင်တင်စီး စီး စျေးနှိမ်ပြီး လာပြောနေတာကို ခံနေရလို့ အတော်လေး စိတ်ဆင်းရဲနေရပါတယ် ။ ကျေးဇူးပြုပြီး ဖြေကြားပေးစေ လိုပါ တယ် ခင်ဗျာ ။ ဂရန်+၁ ဖြစ်နေတဲ့ မြေကို သူတစ်ဝက် ပိုင်ဆိုင်နေပါသလား ။ အရေးဆိုခွင့် ရှိနေပါသလား ?
အဖြေ - အဘိုးအမည်ပေါက် မြေဂရန်မှာ အငြိမ်းစား ဆရာမကြီးကို +၁ ပေါင်းပေးလိုက်သည့် အတွက် မြေဂရန် စာအုပ်မှာ ဆရာမ ကြီးပိုင်တဲ့ မြေဧရိယာ ၁၀ပေ သည် ကိုစိုးထွန်းနောင် အဘိုးပိုင်ဆိုင်တဲ့ ပေ၂၀× ပေ၆၀ မြေကွက်နှင့် ပေါင်းပြီး ပေ၃၀× ပေ၆၀ မြေကွက်အဖြစ် ပေါ်ပေါက်နေပြီ ဖြစ်ပါသည် ။
သူတစ်ဝက်ဆိုင်တယ် ဆိုပြီး ပြောတဲ့အပေါ်မှာ ဂရန်မှာ ပူးတွဲနေတဲ့အတွက်ကြောင့် ဆရာမကြီး ဆွေမျိုးများက အမွေဆက်ခံ ပြီး တစ်ဝက်ပိုင်တယ်လို့ ပြောဆိုလျှင်တော့ ဥပဒေအရ တစ်ဝက်ဆိုင်သလို ဖြစ်နိုင်ပေမဲ့ ဝယ်ယူသူသည် သူစိမ်းတစ်ဦး ဖြစ်၍ သူတစ်ဝက်ပိုင်တယ်လို့ ပြောခွင့် မရှိပါဘူး ။ ဆိုင်လည်း မဆိုင်ပါဘူး ။ ပိုင်လည်း မပိုင်ပါဘူး ။
ဆရာမကြီးဆီကနေ မြေကွက်ဝယ်ယူသူသည် ၁၀ပေ မြေကွက်ဖြစ်၍ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ဆိုလို့ မရပါဘူး။ ရပ်ကတိ အရောင်းအဝယ်စာချုပ်နဲ့ ဝယ်ယူထားတာ ဖြစ်သည့်အတွက် ဂရန်တွင် ဆရာမကြီး နာမည်မှ သူ့နာမည်ပြောင်းရန် လျှောက်ထားလို့ မရပါဘူး။
+၁ ကိစ္စကို ဖြေရှင်းရမည့် နည်းလမ်းကတော့ ကိုစိုးထွန်းနောင်၏ မိဘဖြစ်သော အဘိုး၏ သားသမီးက အမွေဆက်ခံ ပိုင်ဆိုင် ကြောင်း စာချုပ် ချုပ်ချုပ်ဆိုပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ၊ မြို့ပြစီမံခန့်ခွဲရေး နှင့် မြေစီမံခန့်ခွဲမှုဌာနတွင် အမည်ပြောင်း လျှောက်ထားရပါမည် ။ အမည်ပြောင်းပြီးသွားရင် တစ်ဖက်သတ်မြေတိုင်း လျှောက်ထားရပါမည်။ တစ်ဖက်သတ်မြေတိုင်း လျှောက်ထားလိုက်ခြင်းဖြင့် မိမိမြေကွက် သီးသန့်ဖြင့် မြေတိုင်း မြေပုံ ထုတ်ပေးပါလိမ့်မည်။
မြေတိုင်းလျှောက်ထားပြီး မြေပုံထွက်လာလျှင် တစ်ဖက်သတ်မြေကွက် ခွဲစိတ်တိုင်းတာခြင်း လျှောက်ထားပြီး မိမိပိုင်မြေကို
ဂရန် ခွဲထုတ် ရပါမည် ။ ထိုအခါ ကိုစိုးထွန်းနောင်တို့ ပိုင်ဆိုင်တဲ့ မြေကွက် ပေ၂၀× ပေ၆၀ သည် အမွေဆက်ခံသည့် သားသမီး အမည်ဖြင့် ဂရန် ထွက်လာပြီ ဖြစ်ပါသည် ။ တစ်ခုရှိတာက ကိုစိုးထွန်းနောင်တို့ မြေကွက်သည် ပေ၂၀× ပေ၆၀ အပြည့်ရှိဖို့တော့ လိုအပ်ပါသည် ။ ပေမပြည့်လျှင်တော့ ဂရန် ခွဲထုတ်လို့ မရပါဘူး ။
တစ်ဖက်မြေကွက် ၁၀ပေ ဝယ်ယူထားသူက လာရောက် ကန့်ကွက်လျှင်လည်း ၄င်းဝယ်ယူထားတာ ၁၀ပေ ကို အရပ်စာချုပ်နဲ့ ဝယ်ယူထားတာ ဖြစ်လို့ ကန့်ကွက်စာ တင်လို့မရပါဘူး ။
အခြားသူကို ရောင်းတဲ့အခါမှာတော့ အပေါ်က လုပ်ငန်းစဉ်များ အတိုင်း ဂရန်ခွဲထုတ်ပြီးမှသာ ရောင်းချလို့ အဆင်ပြေမှာပါ ။
ဂရန် မခွဲထုတ်ထားလျှင် ဝယ်သူသည် +၁ ပါဝင်နေလို့ ဝယ်ယူ ရဲမည် မဟုတ်ပါ ။ ဒါကြောင့်လည်း တစ်ဖက်မြေကွက်က သူ့ကို ဘဲ ရောင်းမှရမှာ ဆိုပြီး စျေးနှိမ်ခြင်း ဖြစ်ပါသည် ။ သူ့ကို စျေးနှိမ်ပြီး မရောင်းရဖို့ အတွက် အထက်တွင် ပြောပြထားသည့် လုပ်ငန်းစဉ် အဆင့်ဆင့် အတိုင်း ဆောင်ရွက်ရမှာ ဖြစ်ကြောင်း ရှင်းလင်း အကြုံပြုအပ်ပါသည် ။
#Crd to owner
Credit ( ဥပဒေရေးရာ )
Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား
'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ
မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...