အကွက်ရိုက် ရောင်းတဲ့ မြေကွက်လေးတွေ တန်တယ် ဆိုပြီး ဝယ်ထားလိုက်တာ...ဘာဖြစ်နိုင်လဲ ?
Q <<<>>>
အကွက်ရိုက် ရောင်းတဲ့ မြေကွက်လေးတွေ တန်တယ် ဆိုပြီး ဝယ်ထားလိုက်တာ...ဘာဖြစ်နိုင်လဲ ?
မေးသူများ
Ans <<<>>> မဖြစ်မချင်းတော့ ဘာမှ မဖြစ်ဘူး… ဖြစ်လာရင်လည်း ဘာမှ ပြန်မရဘူး...
တရားမဝင် မြေကွက်ရိုက် ရောင်းတဲ့ လုပ်ငန်းဟာ ဥပဒေနဲ့ မလွတ်ဘူး ဆိုပေမယ့်
အမြတ် အရမ်းကျန်ပါတယ် ။ ကိုယ်ရောင်းလိုက်တဲ့ မြေကွက်ဟာ ဈေးသက်သာလွန်းရင်လည်း
ဝယ်သူ မယုံကြည်မှာ စိုးတာကြောင့် ဝယ်သူ ယုံကြည်လောက်တဲ့ ဈေးအထိ ဈေးတင်ပြီး ရောင်းကြပါတယ် ။
အဲ့ဒါကလည်း တရားမဝင် အကွက်ရိုက် ရောင်းတဲ့ ဈေးကွက် အတွက် အမြတ်အစွန်း များစွာကို ရစေပါတယ်။
တစ်ကယ်တော့ တစ်ဧက သိန်း ခုနှစ်ဆယ် ရှစ်ဆယ် တစ်ရာလောက်နဲ့ ပေးဝယ်ရတဲ့ မြေဟာ
အိမ်ဝိုင်းကွက် ရိုက်ပြီး ပြန်ရောင်းရင် မြေအနေအထားနဲ့ လမ်း အနေအထားပေါ် မူတည်ပြီး
၁၄ ဝိုင်းကနေ ၁၆ ဝိုင်းအထိ ရတာဆိုတော့ တွက်လိုက်ရင် အိမ်ဝိုင်း တစ်ဝိုင်းစာ အတွက်
မြေတန်ဖိုးဟာ ခြောက်သိန်းခွဲ ခုနှစ်သိန်းလောက်ပဲ ရှိတာပါ ။ အဲ့ဒါကို တစ်ဝိုင်း ဆယ်သိန်းလောက်နဲ့
ပြန်ရောင်းတယ်ဆိုရင် ဝယ်သူတွေ အတွက်"ဈေးချိုလွန်းတယ် ဟုတ်မှ ဟုတ်ပမလား"
ဆိုပြီးတော့ သံသယဝင်စရာ ဖြစ်လာပါမယ်။ မယုံကြည်တော့ပါဘူး။
အဲ့ဒီတော့ ဝယ်တဲ့သူတွေ ယုံကြည်အောင်
သိန်း နှစ်ဆယ် အစိတ် သုံးဆယ် လေးဆယ် စသဖြင့် ဈေးတင် ရောင်းကြတာပါ ။
အဲ့ဒီလို ရောင်းတဲ့ အတွက် အမြတ်လည်း အရမ်း ရပါတယ် ။ အဲ့လို အမြတ်များတော့ တစ်ချို့ စီးပွားရေးသမားတွေက
ကိုယ်တိုင် မလုပ်တော့ပါဘူး။ ဥပဒေနဲ့ မလွတ်လို့ ပြဿနာ အရှုပ်အရှင်း ဖြစ်ရင် ရှောင်ထွက်လို့ ရအောင်လို့ပါ ။
အဲ့ဒီတော့ ပွဲစားတွေကို ပါးပါးနပ်နပ် အသုံးချလာကြပါတယ် ။
ဘယ်လို အသုံးချသလဲဆိုရင် အဲ့ဒါမျိုးလုပ်ဖို့ လူလေးငါးယောက်လောက်
စုပြီး အဖွဲ့ ဖွဲ့လိုက်ပါတယ် ။ ခေါင်းဆောင် မပါပါဘူး ။ မြေကို စုဝယ်လိုက်ပါတယ် ။
အမည်ပေါက် မပြောင်းပါဘူး ။ ပြဿနာဖြစ်ရင် ရှောင်ထွက်လို့ ရအောင်လို့ပါ ။
အခြားနည်း အသုံးပြုခွင့် လျှောက်ပြပါတယ် ။ ခွင့်ပြုမိန့် ကျစရာ မလိုပါဘူး ။
သက်ဆိုင်ရာ လူတွေ သိရင် ရပါပြီ ။
ဒါမှ မကျေနပ်တဲ့သူတွေက တိုင်ရင် အခြားနည်း အသုံးပြုခွင့် လျှောက်ထားတာလို့
ဆင်ခြေပေးလို့ ရအောင် လို့ပါ ။ ရောင်းတော့လည်း ပြောအား ရှိပါတယ် ။
ခွင့်ပြုမိန့်သာ မပါတာ ။ အခြားနည်း အသုံးပြုခွင့် လျှောက်ထားပါတယ် ဆိုပြီးတော့လေ ။
မြေယာပုံစံ - ၁၀၅ က မြေပိုင်ဆိုင်ခွင့်မှ မဟုတ်တာ ။ အဲ့ဒီလို လုပ်ပြီးပြီဆိုရင်
မြေထိုးတဲ့ စက်သမားကိုခေါ် တစ်ဧက တစ်သိန်းနှုန်း ပေးမယ် ။
ပွဲစားလုပ်တဲ့ သူတွေကိုလည်း ခင်ဗျား ရောင်းပေးမလား တစ်ဝိုင်း ရောင်းထွက်ရင် တစ်သိန်းပေးမယ် ။
လူရှာပေးတဲ့ သူတွေကိုလည်း ခင်ဗျား လူရှာပေးမလား တစ်ဝိုင်း ရောင်းထွက်ရင် တစ်သိန်းပေးမယ် ... စသဖြင့် လူရှာပြီး ရောင်းပါ တယ်။ အဲ့ဒါကြောင့် အဲ့လို အကွက်ရိုက် ရောင်းတဲ့ နေရာသွားလိုက်တာ နဲ့ ဘယ်ကနေ ထွက်လာမှန်း မသိတဲ့သူတွေ... online ကနေ လူရှာပေးတဲ့သူတွေ ပွစိ တက်လာတာပါ ။ အဲ့လိုလူတွေကလည်း သူတို့နဲ့ ရင်းနှီးတဲ့သူတွေ
ခင်မင်တဲ့သူတွေကို စပ်ပေးပြီး " မြေကွက်တွေ ဘယ်နားမှာ ရှိတယ် ငါက ဘယ်အကွက်ယူထားတာ နင်လည်း ယူအုံးမလား တန် တယ်နော် ။ နောက်ဆို အဲ့ဈေးနဲ့ရမှာ မဟုတ်ဘူး " စတဲ့စကားတွေနဲ့ သူ့လူတွေကို ဝယ်ချင်လာအောင် စည်းရုံးပါတော့တယ် ။
တစ်ဝိုင်း ရောင်းထွက်ရင် တစ်သိန်းရတာ ဆိုတော့ မနည်းဘူးလေ ။
အဲ့ဒီလို စည်းရုံးလို့ ရပြီဆိုတာနဲ့ ပိုင်ရှင်အမည်ခံပြီး ရောင်းပေးမယ့် သူဆီကို
ပိုင်ရှင်ဆိုပြီး ခေါ်သွားတော့တာပါပဲ ။ ဟိုကလည်း ပိုက်ဆံရတော့ ပိုင်ရှင် ယောင်ဆောင်ပြီး စာချုပ် ချုပ်ပေးလိုက်ရော ။
တစ်ချို့ ပွဲစားတွေဆို စာချုပ်မှာ ပိုင်ရှင်ကိုယ်စား ဆိုပြီး လက်မှတ်ထိုး ရောင်းပေး လိုက်တာတွေလည်း ရှိပါသေးတယ် ။
လတ်တလော ပိုက်ဆံရလို့ လုပ်ပေးလိုက်တာပါ ။ တစ်ချို့က မှတ်ပုံတင် ၊ အိမ်ထောင်စုဇယား မိတ္တူတွေနဲ့ လုပ်ပေးတာတွေလည်း ရှိပါသေးတယ်။ နာရီပိုင်းအတွင်း ပိုက်ဆံ သိန်းနဲ့ချီရတာကိုး...
တစ်ချို့ကြတော့လည်း ပွဲစားတွေကို ခင်ဗျားက ဒီအကွက်တွေ ရောင်းပေး ။
ခင်ဗျားက သင့်သလို ဈေးခေါ် သိန်းအစိတ် ဝန်းကျင်နဲ့ ဈေးညှိရောင်း ဈေးအရမ်းမတင်နဲ့ ရေရှည် လုပ်လို့ရအောင်လို့ ။
ကျုပ်တို့အဖွဲ့ကို တစ်ဝိုင်း ရောင်းထွက်ရင် ၂၃ သိန်းသွင်း ဆိုပြီး အဲ့ဒီလို လုပ်ရောင်းတာတွေလည်း ရှိပါတယ် ။ ပြဿနာအရှုပ်အရှင်း ဖြစ်လာရင် အကွက်ရိုက်သူက လွတ်အောင် လုပ်တဲ့သဘောမျိုးပါ ။ ပြီးမှ ပိုက်ဆံခွဲယူကြတာပါ ။
ဝယ်သူတွေက အဲ့ဒါတွေကို မသိကြပါဘူး ။ သိန်းနှစ်ဆယ် အစိတ်လောက်နဲ့ မြေကွက် အပိုင်ရမှာဆိုတာရယ်...
မြေယာ ဥပဒေတွေကို မသိနားမလည်တဲ့ အတွက်ကြောင့်ရယ် ရှိစုမဲ့စုနဲ့ ဝယ်ကြပါတယ်။
ဝယ်သူအများစုက သူတို့ဝယ်တဲ့ မြေနဲ့ပတ်သက်ပြီး မူရင်းအမည်ပေါက်က ဘယ်သူလဲ ။
ရောင်းတဲ့သူက ဘယ်သူလဲ ။ ဒီပစ္စည်းက ရောင်းသူလက်ထဲ ဘယ်လိုနည်းနဲ့ ရောက်ရှိ ပိုင်ဆိုင်လာတာလဲ ။
သူ့ပိုင်ဆိုင်မှုက တရားဝင် ပိုင်ဆိုင်မှုလား ။
မြေရောင်းတဲ့ တောင်သူနဲ့ အရောင်းအဝယ် သဘောအရ အရပ်စာချုပ် ချုပ်ထားလို့ ပိုင်ဆိုင်မှု ရနေတာလားဆိုတာ နားလည်တာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ဂျင်းထည့် ရောင်းကြတာပါ ။
*** တတ်သိ နားလည်တဲ့သူနဲ့ သွားဝယ်ရင် အရောင်းအဝယ် ပျက်တာ များပါတယ်။
*** မဟုတ်တာ လုပ်ရောင်းတာ ဆိုတော့ နားလည်တဲ့သူကြ လိမ်ရောင်းလို့ မရလို့ပါ ။
နားမလည်တဲ့သူတွေကတော့ မျက်ကန်းတစ္ဆေ မကြောက်မို့ ဝယ်ပါတယ်။
တစ်ချို့ အကွက်ရိုက် ရောင်းတဲ့သူတွေဆို တောင်သူတွေဆီက ဝယ်တုန်းက
စာချုပ်ထဲမှာက ဈေးတစ်မျိုး ။ အကွက်ရိုက်ပြီး ပြန်ရောင်းတဲ့ စာချုပ်ထဲ
မိတ္တူဆွဲ ထည့်ပေးဖို့ လုပ်ထားတဲ့ စာချုပ်အတုက ဈေးတစ်မျိုး ။
အဲ့ဒီလို ဂျင်းထည့်တာတွေလည်း ရှိပါသေးတယ် ။ ဒီမြေယာဟာ ဘယ်လောက်ပဲ တန်တယ် ဆိုတာ
ဝယ်သူ အများစုက မသိကြပါဘူး ။ အဲ့ဒီတော့ လိမ်ရောင်းလို့ ရပါတယ် ။
ပြီးတော့ တရားမဝင် အကွက်ရိုက်ပြီး ပြန်ရောင်းတဲ့သူတွေက စာချုပ်ထဲမှာ
ဘယ်လိုပဲ တာဝန်ယူပေးတယ် ပြောပြော တစ်ကယ် ပြဿနာ ဖြစ်လာရင်
စာချုပ်မှာ အမည်ခံပြီး ရောင်းတဲ့သူရယ် သက်သေအနေနဲ့ လက်မှတ်ထိုးတဲ့ သူရယ်
ဝယ်သူရယ် အမည်ပေါက် ပိုင်ရှင်ရယ်ပဲ ရှင်းရတာပါ ။
မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းဆိုတာ အရောင်းအဝယ် လုပ်ရင် ကျသင့်တဲ့ ဝင်ငွေခွန် ၊ တံဆိပ်ခေါင်းခွန်တွေ
ထမ်းဆောင်ပြီး သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနမှာ မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ရပါတယ် ။
အရပ်စာချုပ်နဲ့ ပြီးစလွယ် အရောင်းအဝယ် လုပ်တာတွေဟာ တရားရုံးမှာ သက်သေခံ မဝင်တော့
မြေကို အဖွဲ့ဖွဲ့ပြီး ဝယ်တာက သူတို့အတွက် ဂျင်းထည့်ဖို့ ဂွင်ဖြစ်နေပါတယ် ။
ပြဿနာဖြစ်လာရင် သူတို့ကို ဆွဲထည့်လို့ မရတော့ဘူးလေ ။
သူတို့ကို ဆွဲထည့်ရင်တောင် ငြင်းမယ် ရှောင်မယ် ဝေ့လည် ကြောင်ပတ် လုပ်မယ် ။
ဥပဒေကို လက်တလုံး ခြားပြီး လွတ်အောင် လုပ်မယ် ။ ဘယ်လောက် ကောင်းလဲ ။
စာချုပ်ထဲမှာ အမည်ပါတဲ့သူတွေ လက်မှတ်ထိုးတဲ့ သူတွေ လက်ဗွေနှိပ်တဲ့သူတွေ ရှင်းကြပေါ့ ။
အဲ့ဒီလို လုပ်ကြတာပါ ။ အမြတ်ကြတော့လည်း တွက်ကြည့်ဦး ။ တစ်ဝိုင်းကို သိန်းအစိတ်နဲ့ ရောင်းရင်တောင်မှ
ရောင်းပေးတဲ့သူ တစ်သိန်း လူရှာပေးတဲ့သူ တစ်သိန်း လက်မှတ်ထိုး သက်သေလုပ်ပေးတဲ့သူ တစ်သောင်းစီ
သက်ဆိုင်ရာ ဘာညာ သာရကာက ၅ သောင်း မြေကွက်အတွက် အရင်းက ခုနှစ်သိန်း စုစုပေါင်း ၁၀ သိန်း နှုတ်လိုက်ရင်
မြေကွက် တစ်ကွက်ကို ၁၅ သိန်း အသားတင် အမြတ်ကျန်ပါတယ် ။ ပေ ၂၀ လမ်းနဲ့ ၁၆ ဝိုင်း ရိုက်ထားတဲ့ တစ်ဧကဆို
တွက်ကြည့်လိုက်ပါ ။ သိန်း ၂၅၀ အသာလေး မြတ်သွားတာပါ ။
ငါးယောက်လောက် စုပြီး တစ်ယောက် နှစ်ဧက လောက်ပဲ လုပ်ဦး ။ အနည်းဆုံး တစ်ယောက် သိန်း ၅၀၀ လောက်
မြတ်သွားပါတယ်။ ဒါတောင် တစ်ဝိုင်း သိန်းအစိတ်နဲ့ပဲ ဥပမာ ထားပြီး တွက်ပြ သေးတာပါ။
တစ်ဝိုင်း သိန်း သုံးဆယ် လေးဆယ်ဆို ဘယ်လောက် မြတ်မလဲ စဉ်းစားကြည့်လို့ ရပါတယ် ။
အဲ့ဒါကြောင့် အခုချိန်မှာ တရားမဝင် အိမ်ဝိုင်းကွက်တွေကို ပိုင်ရှင် အမည်ခံရောင်းသူတွေ
ပွဲစားတွေနဲ့ ဂျင်းထည့်ရောင်းကြတာပါ ။ တစ်ချို့ဆို နိုင်ငံတော်ကပဲ တရားဝင် ခွင့်ပြုထားလို့
မီးရတော့မှာ လိုလို ဓာတ်တိုင်တွေ ဟန်ပြစိုက် ကြိုးတွေသွယ်ပြီး ဂျင်းထည့်တာတွေလည်း ရှိပါတယ် ။
မီတာ သွားလျှောက်မှ ဓာတ်တိုင်တွေက ဂျင်းထည့်ထားမှန်း သိရတာတွေလည်း ရှိပါတယ် ။
တရားမဝင် အကွက်ရိုက် ရောင်းသူတွေက သူတို့ အဲ့ဒီလို ဂျင်းထည့်ထားတာတွေ ပေါ်မှာစိုးလို့
သူတို့ဆီက ရောင်းတဲ့ မြေကွက်တွေကို ဝယ်ရင် မြေစာရင်းရုံးမှာ မှတ်ပုံတင်စာချုပ် ချုပ်ရင် မချုပ်စေချင်ပါဘူး ။
ချုပ်ရင်လည်း သိန်းနှစ်ဆယ် အစိတ်နဲ့ ဘယ်လိုမှ မလောက်ပါဘူး ။
မြေစာရင်းရုံးမှာ စာချုပ်ချုပ် မှတ်ပုံတင်ရင် ကိုယ့်ဟာကိုယ် ကုန်ကျစာရိတ် ခံရမယ်
အခွန်တွေ ဆောင်ရမယ်။ ရပ်ကွက်ရုံးမှာ စာချုပ်ချုပ်လဲ တရားဝင်တာပဲ… စသဖြင့် မဟုတ်မမှန်တဲ့ စကားတွေနဲ့
ဝယ်သူကပဲ အပိုအလုပ်တွေ လုပ်သလို ဂျင်းထည့်တာပါ။
တစ်ချို့ ဝယ်သူတွေကြတော့လည်း ဘာမှ နားမလည်ကြပါဘူး ။ သူတို့ လုပ်ပေးတာတွေကို
အမှန်ထင်နေကြတဲ့ သူတွေလည်း ရှိပါတယ်။ အမှန်တစ်ကယ် ဥပဒေအရ တစ်သိန်းနှင့်အထက်
တန်ဖိုးရှိတဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းမှန်သမျှ ဝယ်ရင် သက်ဆိုင်ရာ မြေစာရင်းရုံးမှာ
စာချုပ်ချုပ်ပြီး မှတ်ပုံတင်မှ တရားဝင်တာပါ ။ အဲ့ဒါမှ နောင်တစ်ချိန် ပြဿနာဖြစ်လာရင်လည်း စာချုပ်ကို
မှတ်ပုံတင်ထားတာ ဆိုတော့ ရှင်းလို့ လွယ်တာပါ ။
တရားမဝင် အိမ်ဝိုင်းကွက် ရိုက်ရောင်းတဲ့လူတွေက သူတို့ရောင်းတဲ့ မြေကွက်တွေကို
တရားဝင် မှတ်ပုံတင် စာချုပ်ချုပ်ဝယ်ရင် သူတို့ လိမ်ထားတာတွေ ဂျင်းထည့်ထားတာတွေ
ပေါ်မှာ ကြောက်လို့ အဲ့လို အလုပ် မခံကြပါဘူး ။
မသိ နားမလည်တဲ့သူတွေကို မိတ္တူကူးထားတဲ့ စာရွက်တွေသာ ပါတဲ့ အရပ်စာချုပ်တွေနဲ့ ဂျင်းထည့် လိမ်ရောင်းကြတာပါ ။
ပွဲစားတွေ ပိုင်ရှင် အမည်ခံ ရောင်းပေးတဲ့သူတွေက ဘာမှမဟုတ်တဲ့ ငွေလေးနဲ့ ပြဿနာဖြစ်လာရင်
ခေါင်းခံ ဖြေရှင်းရမှာကိုလည်း သူတို့ ကိုယ်တိုင် မသိကြပါဘူး ။
တရားမဝင် အိမ် ခြံ မြေ ကဏ္ဍမှာ နားမလည်တဲ့သူတွေကို အဲ့ဒီလို အသုံးချ ဖားရိုက်နေကြလို့ မသိသေးတဲ့သူတွေ မခံရအောင်လို့
တင်ပေးလိုက်တာပါ ။ မဟုတ်ဘူး ဆိုပြီးတော့ ဖင်ပိတ်ပြီး လာမငြင်းကြပါနဲ့ ..
.
ကိုယ်တိုင်ခံရမှ အစိုးရမတရားဘူး တို့ ...
တရားမျှတမှုမရှိဘူး တို့ ...
ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်ထားတာတို့ ...
မျိုးစုံအော်ကြ ဆန္ဒပြကြ ...
အဲ့တာတွေ မြင်ရင် သနားရုံ အပြင် ဘာမှ မလုပ်ပေးနိုင်ဘူး ...
စာများများ ဖတ်ကြ ...
Everyone should know about law.
Crd > # မူရင်းရေးသူ
Credit Sayar Gyi U KYI SOE IC
Related Posts
ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံး နှင့် မြို့နယ်ရုံး များ၏ ရုံးတည် နေရာလိပ်စာ နှင့် ဖုန်းနံပါတ် များစာရင်;
ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံးနှင့် မြို့နယ်ရုံးများ၏ ရုံးတည်နေရာ လိပ်စာနှင့် ဖုန်းနံပါတ် များစာရင်း================================၁ ။ ရန်ကုန် တိုင်းဒေသကြီး အခွန်ဦးစီး ဌာနမှူးရုံး ( ၁၆၃ / ၁၆၇ ) ၊ ပန်းဆိုး တန်းလမ်း ၊ ကျောက်တံတား မ...
မြေ အမျိုး အစားကို အလွယ်တကူ သိစေရန်
မြေ အမျိုးအစားကို အလွယ်တကူ သိစေရန် မြေနဲ့ ပတ်သတ်လာရင် မြေစာရင်းဌာနက ထုတ်ပေးတဲ့ ပုံစံ ( ၁၀၅ ) မှာပါတဲ့ သင်္ကေတနဲ့ အရောင်ကို ကြည့်ရင် မြေပုံမှာ ပါတဲ့မြေက ဘာအမျိုးအစားလဲဆိုတာ အလွယ်တကူ သိနိုင်တယ်။ ၁ ။ ဂရန်မြေ ဆိုရင...

မြေ စာရင်းပုံစံ ( ၁၀၅ ) တွင် “ ပိုင်ဆိုင်ခွင့် ” ရေးသားမှု ပုံစံနှင့် မြေမျိုးနှင့် အတန်း နေရာတွင် ရေးသားခြင်း များအား အများပြည်သူ သိရှိနိုင်ရန် ၊ သတိပြုနိုင်ရန် မြေစာ ရင်းပုံစံ ( ၁၀၅ ) ရေးကူးခြင်း ဆိုင်ရာ နည်းလမ်း ညွှန်ကြားချက် များအား တင်ပြ လိုက်ပါတယ် ။ ( ၁၀၅ ) တွင်ပိုင်ဆိုင်ခွင့် ရေးသား ရာ၌...
မြေ စာရင်းပုံစံ ( ၁၀၅ ) တွင် “ ပိုင်ဆိုင်ခွင့် ” ရေးသားမှု ပုံစံနှင့် မြေမျိုး နှင့်အတန်း နေရာတွင် ရေးသားခြင်း များအား အများပြည်သူ သိရှိ နိုင်ရန် ၊ သတိပြု နိုင်ရန် မြေ စာရင်းပုံစံ ( ၁၀၅ ) ရေးကူးခြင်း ဆိုင်ရာ နည်းလမ်...