အိမ်ရှင် အိမ်ငှား ကိစ္စ သိမှတ်ဖွယ်ရာ
အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ
- မြို့ပြဒေသ ( Uban Area ) နှင့် သက်ဆိုင်သော နေရာဒေသမှ
အိမ်ငှား ၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀ - ပြည့်နှစ် ငှားရမ်းခ
ကြီးကြပ်ရေး အက်ဥပဒေ နှင့် အကျုံးဝင် သက်ဆိုင်ပါသည် ။
မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင် ငှားရမ်းခြင်း
ဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှင့် သက်ဆိုင်ပါသည် ။
- သာမန်အားဖြင့် လအလိုက် သို့မဟုတ် နှစ်အလိုက် ငှားရမ်းခြင်း
တို့ကို အိမ်ရှင် နှင့် အိမ်ငှားတို့က အိမ်ငှား ပဋိညာဉ်စာချုပ်ကို
ချုပ်ဆို၍ ဆောင်ရွက် ကြပါသည် ။
- အင်္ဂလိပ် လ ၊ ရက်ဖြင့် ငှားရမ်းခြင်းလား သို့မဟုတ်
မြန်မာလ ၊ ရက်ဖြင့် ငှားရမ်းခြင်းလား အိမ်ငှား စာချုပ်တွင်
တိတိကျကျ ဖော်ပြချုပ်ဆိုရန် ဖြစ်ပါသည် ။
- အင်္ဂလိပ်လ ( ၁ )ရက်နေ့မှ စတင်၍ လအလိုက် ငှားရမ်းခြင်း
ဖြစ်ပါက ( ၃၀ ) သို့မဟုတ် ( ၃၁ ) ရက်နေ့တွင် တစ်လဟု
သတ်မှတ်ပါသည် ။ လကုန်ရက်မှာ ( ၃၀ ) ဖြစ်ပါက
( ၃၀ ) ရက်နေ့ကို တစ်လဟု သတ်မှတ်ပါသည် ။
- အိမ်ငှား သေဆုံးသွားပါက သေဆုံးသူ အိမ်ငှား၏ တရားဝင်
ကိုယ်စားလှယ်မှာ အိမ်ငှားဟု ဥပဒေက ( By Operation of law )
အသိအမှတ် ပြုသည် ။
- အိမ်ငှား သေဆုံးသွားပါက အိမ်ငှားနှင့် အတူနေသော
အမွေစား ၊ အမွေခံတို့သည် ဥပဒေအရ တရားဝင်
အိမ်ငှား ဖြစ်သွားပါသည် ။
- ပစ္စည်းလွှဲပြောင်းရေး ဥပဒေပုဒ်မ ၁၀၅ တွင်
“ A lease of immoveable property is
the tranfer of the right to enjoy ” ဟု
ဖွင့်ဆို ထားပါသည် ။
- မြို့ပြဒေသအတွင်း ငှားရမ်းခြင်းကို ရပ်စဲ ( terminate ) လိုပါက
အိမ်ငှားထံ ရက်သတ္တပတ် ( ၃ ) ပတ် ကုန်ဆုံးပြီးနောက်
ဖယ်ရှားပေးရန် နို့တစ်စာ ပေးရမည် ။ ငှားရမ်းသည့်
လကုန်ဆုံးသည့် နေ့ရက်နှင့်လည်း ကိုက်ညီမှု ရှိရန် လိုပါသည် ။
မြို့ပြဒေသ မဟုတ်သော နေရာဒေသ အတွက် ပစ္စည်းလွှဲပြောင်းခြင်း
အက်ဥပဒေပုဒ်မ ၁၀၆ အရ ( ၁၅ ) ရက် ကုန်ဆုံးပြီးနောက်
ဖယ်ရှားပေးရန် နို့တစ်စာ ပေးရပါမည် ။
- အိမ်ရှင် ရရန်ရှိသော ငှားရမ်းခများ အနက် ( ၃ ) နှစ်
ကျော်လွန်သော ငှားရမ်းခများကို တောင်းဆိုရန်
ကာလစည်းကမ်းသတ် ဥပဒေအရ ဆုံးရှုံးသွားပြီး
ဖြစ်၍ တောင်းခံနိုင်ခွင့် ရှိမည် မဟုတ်ပါ ။
- အိမ်ငှားခြင်းဟု ဆိုရာတွင် အိမ်ဆောက်ထားသော မြေကြီးလည်း
ပါဝင်သည်ဟု စီရင်ထုံးများက ညွှန်ပြထားပါသည် ။ အိမ်မီးလောင်
သွားသော်လည်း အိမ်ငှားက ယင်း၏ အိမ်ငှားအကျိုးခံစားခွင့်ကို
စွန့်လွှတ်ခြင်း မရှိပါက သက်ဆိုင်ရာတို့ကလည်း မီးလောင်မြေကို
ပြန်လည် ချထားပေးရာတွင် နေထိုင် ခွင့်ပြုမည် ဖြစ်ပါသည် ။
အိမ်ရှင်က မီးလောင်မြေပေါ်တွင် အိမ်ပြန်ဆောက်ပြီး
အိမ်ငှားအား လက်မဲ့ ဖြစ်စေရန် ဆောင်ရွက်နိုင်ခွင့် မရှိပါ ။
- အိမ်ကို ပြန်လည် ဆောက်လုပ်ရန် အကြောင်းပြချက် ပေးပြီး
အိမ်ငှားက ဖယ်ရှားပေးရန် တရားရုံးက ဒီကရီ ချမှတ်ပေးသည့်
အမှုတွင် အိမ်ကို တရားရုံးက သတ်မှတ်ပေးသည့် ကာလအတွင်း
အိမ်သစ်ကို အိမ်ရှင်က အပြီး ဆောက်လုပ်ရပါမည် ။
အိမ်ဆောက်ပြီးပါက ခံဝန်ချုပ်ပါအတိုင်း အိမ်ငှားအား
ပြန်တင်ပေးရပါမည် ။ အိမ်ငှားအား ပြန်မတင်ပါက
တရားရုံးက ဒီကရီအရ မလွှဲမသွေ ပြန်လည် ဝင်ရောက်
နေထိုင်ခွင့် ပြုရမည့် အပြင် ခံဝန်ချုပ်ပယ်ဖျက်မှု အရ
ခံဝန်ချုပ်ပါ ငွေသားကို အိမ်ရှင်က ပေးလျော်စေရမည်ဟု
အမိန့်ချမှတ် ရပါမည် ။ ( ပုဒ်မ ၁၂ ( ၁ ) ( ဂ ) ကို ကြည့်ပါ )
- အိမ်ရှင် အိမ်ငှား စာချုပ်တွင် တစ်ဆင့်ခံ အိမ်ငှားချထားခွင့် မပြုဟု
အတိအလင်း ပါရှိသည့် ကိစ္စတွင် အိမ်ငှားသည် တစ်ဆင့်ခံ အိမ်ငှား
( Sub – tenant ) ချထားပါက အိမ်ရှင်သည် အိမ်ငှား အပေါ်
အိမ်ငှား စာချုပ်ပါ စည်းကမ်းချက် ဖောက်ဖျက်မှု အရ
အိမ်နှင်လိုမှု စွဲဆိုနိုင်ခွင့် ရှိပါသည် ။
( ပုဒ်မ ၁၂ ( ၁ ) ( က ) ဒုတိယပိုင်းကို ကြည့်ပါ )
- အိမ်ငှားအပေါ် ငှားရမ်းသည့် နေအိမ်မှ ဖယ်ရှားပေးစေလိုမှုတွင်
တစ်ဆင့်ခံ အိမ်ငှားအား အမှုသည်အဖြစ် ထည့်သွင်းစွဲဆိုရန်
လိုအပ်မည် မဟုတ်ပါ ။ အကြောင်းမှာ တရားရှုံး အိမ်ငှားကို
အကြောင်းပြုပြီး နေထိုင်သူ အားလုံး ( မိသားစု အပါအဝင် )
ဒီကရီတွင် အကျုံးဝင်မည် ( bound by the decree ) ဖြစ်၍
ဖယ်ရှားနိုင်မည် ဖြစ်ပါသည် ။
- ကြွေးကျန် အိမ်ငှားခများ ရလိုမှု အရ အိမ်ငှားအပေါ်စွဲဆိုသည့်
အိမ်နှင်လိုမှုတွင် အိမ်ငှားက ပေးရန်ရှိသော ငှားရမ်းခ ကြွေးကျန်များ
ကို အမှုအတွင်း ဖြစ်စေ ၊ တရားရုံးက သတ်မှတ်ပေးသည့်
ကာလအတွင်း အပြေအကျေ ပေးသွင်းပါက အိမ်ငှားရမ်းအား
ဖယ်ရှားခြင်း မပြုနိုင်ပါ ။
- ၁၉၆၀ ပြည့်နှစ် ၊ မြို့ပြဆိုင်ရာ ငှားရမ်းခ ကြီးကြပ်ရေး
အက်ဥပဒေပုဒ်မ ၁၅ ( ၁ ) အရ ဒီကရီအရ အိမ်ငှားက
ပေးရန်ရှိသော ငှားရမ်းခများကို အရစ်ကျ ပေးဆောင်ခြင်း
ပြုရန် တရားရုံးတွင် လျှောက်ထားနိုင်ခွင့် ရှိပါသည် ။
တရားရုံးကလည်း အရစ် သတ်မှတ်ပေးပြီး ပေးသွင်းရမည်ဟု
အမိန့် ချမှတ်နိုင်ခွင့် ရှိပါသည် ။ တရားရုံးက အရစ်ကျ ပေးဆပ်ရန်
သတ်မှတ်ပေးသည့် အမိန့်ကို အိမ်ငှားက ဖောက်ဖျက်ပါက အိမ်မှ
ဖယ်ရှားပေးရန် တရားရုံးက ဆောင်ရွက်ပေးရပါမည် ။
- အိမ်ရှင် အိမ်ငှား အမှုတွင် တရားရုံး အဆင့်ဆင့်၌ အိမ်ငှား
အမှုရှုံးနိမ့်ခဲ့ပြီးနောက် ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေ
ပုဒ်မ ၁၃ ( ၁ ) အရ ငှားရမ်းခ ကြီးကြပ်ရေးဝန်ရုံးတွင် အိမ်ငှားအဖြစ်
အသိအမှတ်ပြု၍ ယင်းဥပစာတွင် ဆက်လက် နေထိုင်ခွင့်ပြုရန်
လျှောက်ထား လာပါက ငှားရမ်းခ ကြီးကြပ်ရေးဝန်က တရားရှုံး
အိမ်ငှားအား အချင်းဖြစ် အိမ်ခန်းတွင် ဆက်လက် နေထိုင်ခွင့် ပြုပါက
ဥပဒေနှင့် ညီညွတ်သော အမိန့် ဖြစ်မည် မဟုတ်ပါ ။ အကြောင်းမှာ
ပုဒ်မ ၁၃ ( ၁ ) တွင် “ အိမ်ငှား မဟုတ်စေကာမူ ” ဆိုသည့် စကားရပ်တွင်
အိမ်ငှား မပါဝင်ကြောင်း ယခင် နိုင်ငံတော်ကောင်စီက အဓိပ္ပာယ်
ဖွင့်ဆိုခဲ့ပြီး ဖြစ်ပါသည် ။
- ငှားရမ်းခြင်း သက်တမ်းကုန်ဆုံးပြီးနောက် အိမ်ငှားက ဖယ်ရှားမပေးဘဲ
ဆက်လက် နေထိုင်ပါက ကျုးကျော်နေထိုင်သူဟု မသတ်မှတ်နိုင်ပါ ။
အချို့အမှုတွင် ငှားရမ်းခြင်း ကုန်ဆုံးသဖြင့် အိမ်ငှားက ဖယ်ရှား
မပေးသဖြင့် နှစ်ဘက် ညှိနှိုင်းရာ ( ၆ )လ သို့မဟုတ် ( ၁ ) နှစ်
အခွင့်အမိန့်ဖြင့် နေထိုင်ခွင့် ပြုသည့် ကတိစာချုပ်ကို ချုပ်ဆိုသည့်
တိုင်အောင် အိမ်ငှားဟု ဆိုရပါမည် ။ ထိုသို့ ( ၆ )လ ၊ ( ၁ ) နှစ်
အခွင့်အမိန့်ဖြင့် နေထိုင်ခွင့် ပြုသည့် ကတိစာချုပ်ကို ချုပ်ဆိုသည့်
တိုင်အောင် အိမ်ငှားဟု ဆိုရပါမည် ။ ထိုသို့ ( ၆ ) လ ၊ ( ၁ ) နှစ်
အခွင့်အမိန့်ဖြင့် နေထိုင်ခွင့် ပြုပြီးနောက် အိမ်ငှားက ဖယ်ရှား
မပေးပါက အခွင့်အမိန့်ဖြင့် ဖယ်ရှားပေးစေလိုမှု မစွဲဆိုနိုင်ပါ ။
အိမ်ရှင် အိမ်ငှား ဥပဒေအရ အိမ်ငှားအား ဖယ်ရှားပေးစေလိုမှုသာ
စွဲဆိုလျှင် form of suit မှန်ကန်ပေမည် ။
Credit ( အညွှန်း - ဦးဗကြိုင် ( B.A , B.L ) ၊ လူတိုင်းအတွက် တရားမမှုဆိုင်ရာ ဥပဒေရေးရာအဖြာဖြာ ၊ စာ ၁)
Credit ( ဥပဒေရေးရာ )
Related Posts
အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း
အိမ်ငှားအဖြစ်မှ အခမဲ့ခွင့်ပြုချက်အရ နေထိုင်သူအဖြစ်ပြောင်းလဲသွားခြင်း============================ ဦးချစ်တီးနှင့်ဒေါ်အေးရီ (သေသူ ဦးအုန်းဖေ တရားဝင်ဝင်ကိုယ်စားလှယ်) ၁၉၇၇ ခုနှစ် တရားမ ပထမ အယူခံမှု အမှတ် - ၂၁ မန္တလေး အမှုတွင် ဦးချစ်တီး သည် ဦးအုန...
အိမ်ရှင်အိမ်ငှား ကိစ္စသိမှတ်ဖွယ်ရာ
- မြို့ပြဒေသ ( Uban Area ) နှင့်သက်ဆိုင်သော နေရာဒေသမှ အိမ်ငှား၊ မြေငှား ကိစ္စရပ်တို့မှာ ၁၉၆၀- ပြည်နှစ့် ငှားရမ်းခကြီးကြပ်ရေးအက် ဥပဒေနှင့် အကျုံးဝင်သက်ဆိုင်ပါသည်။ မြို့ပြဒေသနှင့် အကျုံးမဝင်သော ဒေသတွင်ငှားရမ်းခြင်းဖြစ်ပါက ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေနှ...
နိုင်ငံခြားသားကို တိုက်ခန်း ၊ မြေ စသည့် မရွှေ့မပြောင်း နိုင်သောပစ္စည်း ငှားရမ်းခြင်းကို တရားဝင် ဖြစ်အောင် ဆောင်ရွက်ခြင်း
၁၉၈၇ ခုနှစ် ၊ မရွှေ့မပြောင်း နိုင်သော ပစ္စည်း လွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ ပုဒ်မ - ၅အရ မည်သူမဆို မရွှေ့မပြောင်း နိုင်သည့် ပစ္စည်းကို တစ်ကြိမ်လျှင် တစ်နှစ်ထက်ပို၍ နိုင်ငံခြားသား ( သို့မဟုတ် ) နိုင်ငံခြားသားပိုင် ကုမ္ပဏီအား...