အမေး - ကျွန်တော့် မိဘတွေဟာ ကျွန်တော့်အမေရဲ့အဘွား လက်ထက်ကတည်းက ဂရန်အမည်ပေါက် မြေနဲ့အိမ် (၂၀'X၄၀') မှာအခုလက်ရှိအထိနေပါတယ်

အမေး - ကျွန်တော့် မိဘတွေဟာ ကျွန်တော့်အမေရဲ့အဘွား လက်ထက်ကတည်းက ဂရန်အမည်ပေါက် မြေနဲ့အိမ် (၂၀'X၄၀') မှာအခုလက်ရှိအထိနေပါတယ် ။ အခုလက်ရှိကအမေ့ရဲ့ အဖေ ၊ ကျွန်တော်အဘိုးရဲ့ အမည် ပေါက်နဲ့ပါ ။ အဘိုးလည်းဆုံးတာကြာပါပြီ ။ ကျွန်တော့်အဘိုးရဲ့လက်ထက်မှာ အငြိမ်းစားကျောင်းအုပ်ဆရာမကြီး တစ်ဦးက ကျွန်တော်တို့မြေကွက်ရဲ့ ခြေရင်းက ၁၀ ပေလောက်မြေပို (ကျွန်တော်တို့မြေကွက်နဲ့လုံးဝမသက်ဆိုင်) ကိုတစ်နည်းနည်းနဲ့ ဝယ်လိုက်ပါတယ် ။ ပေမပြည့်လို့ဂရန်မရဘူးလို့ သိရပါတယ် ။ အဲ့ဒီဆရာမကြီး အိမ်ဆောက်ချင်တဲ့အခါ ဂရန်မြေမဟုတ်လို့ ဆောက်မရလို့ဆိုပြီးအဘိုးဆီအကူအညီလာတောင်းပါတယ်။ အဘိုးကလည်း အငြိမ်းစားအချင်းချင်းဆိုပြီး ကူညီတဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ ဂရန်မှာအပေါင်းတစ်ဆိုပီး လုပ်ခွင့်ပေးလိုက်မိပါတယ်။ (ဘာအကျိုးအမြတ်မှမယူခဲ့ပါ) ။ မူရင်းဂရန် "ဦးသန်းတင်" အမည်ပေါက်ကနေ "ဦးသန်းတင်+၁" ဆိုပြီး ဖြစ်သွားတာပါ။ အဘိုးတို့ဆရာမကြီးတို့လည်းဆုံးပြီးအခုအခါမှာဆရာမကြီးရဲ့ ဆွေမျိုးတွေကဆရာမကြီးရဲ့အိမ်ကို ငွေရှင် ကြေးရှင်တစ်ယောက်ကို ရောင်းလိုက်ပါတယ် ။အဲ့ဒီသူက ကျွန်တော့်မိဘတွေ အိမ်ကိုပါ ဝယ်ချင်နေပြီးဂရန်အရ +၁ ဖြစ်တဲ့ အခုလက်ရှိကျွန်တော့်မိဘတွေ နေတဲ့ မြေနဲ့အိမ်ကိုပါ သူတစ်ဝက်ဆိုင်သလိုပြောနေပြီးစျေးနှိမ်ပါတယ်။ သူတစ်ဝက်ဆိုင်တဲ့အတွက် တစ်ခြားသူကိုရောင်းမရဘူးလို့လည်းဆိုပါတယ် ။ တစ်ကယ်ပဲ ကျွန်တော့်မိဘတွေရဲ့ ဘိုးစဉ်ဘောင်ဆက်နေလာတဲ့မြေက ကျွန်တော်တို့လည်းဘာအကျိုးအမြတ်မှ မရပဲသူက တစ်ဝက်ပိုင်ဆိုင်သွားပါသလား ။ သူ့မှာအရေးဆိုပိုင်ခွင့်ရှိနေပါသလား။ ကျွန်တော့်မိဘတွေဟာတစ်သက်လုံး ဘိုးစဉ်ဘောင်ဆက် နေလာတဲ့မြေပေါ်မှာနေပြီး မကြာမကြာဟိုလူကသူနဲ့ဆိုင်သလိုလာပြောပြီး သူ့ကိုပဲရောင်းဖို့ တင်တင်စီးစီးစျေးနှိမ်ပြီး လာပြောနေတာကိုခံနေရလို့ အတော်လေးစိတ်ဆင်းရဲနေရပါတယ် ။ကျေးဇူးပြုပြီးဖြေကြားပေးစေလိုပါတယ် ခင်ဗျာ ။ ဂရန်+၁ ဖြစ်နေတဲ့မြေကိုသူတစ်ဝက်ပိုင်ဆိုင်နေပါသလား ။ အရေးဆိုခွင့်ရှိနေပါသလား ?
အဖြေ - အဘိုးအမည်ပေါက် မြေဂရန်မှာ အငြိမ်းစားဆရာမကြီးကို +၁ ပေါင်းပေးလိုက်သည့်အတွက် မြေဂရန် စာအုပ်မှာ ဆရာမကြီးပိုင်တဲ့ မြေဧရိယာ ၁၀ပေ သည် ကိုစိုးထွန်းနောင် အဘိုးပိုင်ဆိုင်တဲ့ ပေ၂၀×ပေ၆၀ မြေကွက်နှင့် ပေါင်းပြီး ပေ၃၀× ပေ၆၀ မြေကွက်အဖြစ် ပေါ်ပေါက်နေပြီဖြစ်ပါသည်။
သူတစ်ဝက်ဆိုင်တယ်ဆိုပြီးပြောတဲ့အပေါ်မှာ ဂရန်မှာပူးတွဲနေတဲ့အတွက်ကြောင့် ဆရာမကြီးဆွေမျိုးများက အမွေဆက်ခံပြီး တစ်ဝက်ပိုင်တယ်လို့ ပြောဆိုလျှင်တော့ ဥပဒေအရ တစ်ဝက်ဆိုင်သလိုဖြစ်နိုင်ပေမဲ့ ဝယ်ယူသူသည် သူစိမ်းတစ်ဦးဖြစ်၍ သူတစ်ဝက်ပိုင်တယ်လို့ ပြောခွင့်မရှိပါဘူး။ ဆိုင်လည်းမဆိုင်ပါဘူး။ ပိုင်လည်းမပိုင်ပါဘူး။
ဆရာမကြီးဆီကနေ မြေကွက်ဝယ်ယူသူသည် ၁၀ပေ မြေကွက်ဖြစ်၍ မှတ်ပုံတင်အရောင်းအဝယ်စာချုပ် ချုပ်ဆိုလို့မရပါဘူး။ ရပ်ကတိအရောင်းအဝယ်စာချုပ်နဲ့ ဝယ်ယူထားတာဖြစ်သည့်အတွက် ဂရန်တွင် ဆရာမကြီး နာမည်မှ သူ့နာမည်ပြောင်းရန် လျှောက်ထားလို့ မရပါဘူး။
+၁ ကိစ္စကို ဖြေရှင်းရမည့်နည်းလမ်းကတော့ ကိုစိုးထွန်းနောင်၏ မိဘဖြစ်သော အဘိုး၏ သားသမီးက အမွေဆက်ခံပိုင်ဆိုင်ကြောင်းစာချုပ် ချုပ်ချုပ်ဆိုပြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံခန့်ခွဲရေး နှင့် မြေစီမံခန့်ခွဲမှုဌာနတွင် အမည်ပြောင်းလျှောက်ထားရပါမည်။ အမည်ပြောင်းပြီးသွားရင် တစ်ဖက်သတ်မြေတိုင်း လျှောက်ထားရပါမည်။ တစ်ဖက်သတ်မြေတိုင်း လျှောက်ထားလိုက်ခြင်းဖြင့် မိမိမြေကွက်သီးသန့်ဖြင့် မြေတိုင်း မြေပုံထုတ်ပေးပါလိမ့်မည်။ မြေတိုင်းလျှောက်ထားပြီး မြေပုံထွက်လာလျှင် တစ်ဖက်သတ်မြေကွက်ခွဲစိတ်တိုင်းတာ ခြင်း လျှောက်ထားပြီး မိမိပိုင်မြေကို ဂရန်ခွဲထုတ်ရပါမည်။ ထိုအခါ ကိုစိုးထွန်းနောင်တို့ပိုင်ဆိုင်တဲ့ မြေကွက် ပေ၂၀× ပေ၆၀ သည် အမွေဆက်ခံသည့်သားသမီးအမည်ဖြင့် ဂရန်ထွက်လာပြီဖြစ်ပါသည်။ တစ်ခုရှိတာက ကိုစိုးထွန်းနောင် တို့ မြေကွက်သည် ပေ၂၀× ပေ၆၀ အပြည့်ရှိဖို့တော့လိုအပ်ပါသည်။ ပေမပြည့်လျှင်တော့ ဂရန်ခွဲထုတ်လို့မရပါဘူး။
တစ်ဖက်မြေကွက် ၁၀ပေ ဝယ်ယူထားသူက လာရောက်ကန့်ကွက်လျှင်လည်း ၄င်းဝယ်ယူထားတာ ၁၀ပေ ကို အရပ်စာချုပ်နဲ့ဝယ်ယူထားတာဖြစ်လို့ ကန့်ကွက်စာတင်လို့မရပါဘူး။
အခြားသူကို ရောင်းတဲ့အခါမှာတော့ အပေါ်ကလုပ်ငန်းစဉ်များအတိုင်း ဂရန်ခွဲထုတ်ပြီးမှသာ ရောင်းချလို့ အဆင်ပြေမှာပါ။ ဂရန်မခွဲထုတ်ထားလျှင် ဝယ်သူသည် +၁ ပါဝင်နေလို့ ဝယ်ယူရဲမည်မဟုတ်ပါ။ ဒါကြောင့်လည်း တစ်ဖက်မြေကွက်က သူ့ကိုဘဲ ရောင်းမှရမှာဆိုပြီး စျေးနှိမ်ခြင်းဖြစ်ပါသည်။ သူ့ကို စျေးနှိမ်ပြီးမရောင်းရဖို့အတွက် အထက်တွင် ပြောပြထားသည့် လုပ်ငန်းစဉ်အဆင့်ဆင့်အတိုင်းဆောင်ရွက်ရမှာဖြစ်ကြောင်း ရှင်းလင်း အကြုံပြုအပ် ပါသည်။
#Crd to owner
Related Posts

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား'
'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ
မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...