စာချုပ် စာတမ်း ရေးပုံရေးနည်း

စာချုပ် စာတမ်း ရေးသားတဲ့ နေရာမှာ ရှင်းလင်း ပြေပြစ်တဲ့ စကားနဲ့ ရေးသားဖို့ လိုတယ် ။ ချုပ်ဆိုသူ တွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှား သိသာစေအောင် ရေးသား ရတယ် ။ တရားဥပဒေပါ ခဲရာခဲဆစ် စကားလုံး တွေကို ထည့်ရေးဖို့ မလိုပါ ။ လိုအပ်တဲ့ အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်း ရေးသားရတယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ ပဋိညာဉ် တစ်စုံတစ်ရာ ကိုလုပ်ရင် အဲဒီ စာချုပ်မှ တစ်ပါး အခြား သက်သေကို လက်ခံခွင့် မရလို့ဘဲ ။ စာချုပ်မှာ ခု ၊ လ ၊ ရက်တို့ကို တိတိကျကျ သေသေချာချာ ရေးဖို့လိုတယ် ။ အင်္ဂလိပ် သက္ကရာဇ်နဲ့ မြန်မာ သက္ကရာဇ်တွေကို ပြိုင်တူ တွဲပြီး ရေးသား သင့်တယ် ။ ပစ္စည်းနဲ့ ပတ်သက်ပြီး အကြောင်းအရာရေးသားရင် ပစ္စည်း စာရင်းကို စာချုပ် နောက်ပိုင်းမှာ ပစ္စည်း ဇယားအနေနဲ့ ပြည့်ပြည့် စုံစုံဖော်ပြ ရတယ် ။ ချုပ်ဆိုတဲ့ စာချုပ်ဟာ ဘယ်လို အမျိုးအစား ဖြစ်တယ်ဆိုတာ အလွယ်တကူ သိနိုင်အောင် စာချုပ် ခေါင်းစဉ် ဖော်ပြရတယ် ။
စာချုပ်မှာ ပါဝင် လက်မှတ် ရေးထိုး သူတွေရဲ့ အမည် ၊ နိုင်ငံသား မှတ်ပုံတင် အမှတ် ၊ နေရပ် လိပ်စာတွေ ဖော်ပြရတယ် ။စာချုပ် ဆိုရာမှာ ပါဝင်ရမယ့် ပုဂ္ဂိုလ်ဟာ အသက်အရွယ် မပြည့်သူ မဖြစ်ရဘူး ။ တကယ်လို့ အသက်အရွယ် မပြည့်သေး တဲ့သူ ဖြစ်နေရင် အုပ်ထိန်းသူက လက်မှတ် ရေးထိုးရတယ် ။ ဘာဖြစ်လို့ လဲဆိုတော့ အသက်မပြည့် သေးသူဟာ ပဋိညာဉ် ပြုပိုင်ခွင့် မရှိလို့ဘဲ ။ စိတ်မနှံသူ ဖြစ်ရင်လည်း ပဋိညာဉ် ပြုပိုင်ခွင့် မရှိပါ ။ တချို့ ပုဂ္ဂိုလ်တွေဟာ စာချုပ် ချုပ်ဆိုရာမှာ ကိုယ်တိုင် ကိုယ်ကျ မပါဝင်ဘဲ ကိုယ်စားလှယ်နဲ့ ချုပ်ကြတာ လည်းရှိတယ် ။ ဦးဘ၏ ကိုယ်စား လှယ်စာရသူ စသည်ဖြင့် လက်မှတ် ရေးထိုးနိုင်တယ် ။ ဒါပေမယ့် လက်မှတ် ရေးထိုးတဲ့ ဦးမောင်မောင်ဟာ ဦးဘရဲ့ ကိုယ်စားလှယ်စာ အမှန်တကယ် ရရှိထားသူ ဖြစ်ရပါမယ် ။ စာချုပ်မှာ
- နိဒါန်း
- အဖိုး စားနား
- ပိုင်းခြား ဝေငှခြင်း
- စည်းမျဉ်းနဲ့ သတ်မှတ်ချက်
- အကျိုး ခံစားခွင့် ဆိုင်ရာ ဖော်ပြချက်
- ဖော်ထုတ် ပြုလုပ်တဲ့ သဘောတူမှုနဲ့ တာဝန်ယူခြင်း
- နိဂုံး
- လက်မှတ်နဲ့ မှန်ကန်ကြောင်း လက်မှတ် ရေးထိုးခြင်း
- ထပ်ဆင့် လက်မှတ် ရေးထိုးခြင်းနဲ့ နောက်ဆက်တွဲ စာချုပ်ဆိုတဲ့ အပိုင်းတွေ သူ့စာချုပ် အမျိုးအစား လိုက်ပါရှိတယ် ။
စာချုပ် တွေကို ရေးရာမှာ ဖျက်ရာ မပါအောင် ရေးရပါတယ် ။ အကယ်၍ ဖျက်ရာရှိခဲ့ရင် ဖျက်ရာ နေရာမှာ နှစ်ဦးနှစ်ဖက် လက်မှတ် ရေးထိုးရမယ် ။ ငွေပမာဏကို ဂဏန်းနဲ့ ရေးရမယ့် အပြင် စာနဲ့လည်း ရေးရမယ် ။ စာရေးရာမှာ နောက်ထပ် ဖြည့်စွက်ရေးတာမျိုး မရှိနိုင်အောင် ကြားလပ် မရှိစေဘဲ မျဉ်းကြောင်း စိပ်စိပ် ရေးရပါမယ် ။ တံဆိပ်ခေါင်း ပါတဲ့ စာချုပ်မှာ တစ်ချပ် တစ်ရွက်နဲ့ မလုံလောက်ရင် နောက်ထပ် တစ်ချပ် တစ်ရွက်မှာ ရေးရပါမယ် ။ တစ်မျက်နှာနဲ့ မလုံလောက် တဲ့အတွက် စာချုပ် ကျောဘက်မှာ ရေးတာမျိုး မလုပ်သင့်ပါ ။ စာချုပ် ခေါင်းပါ တစ်ရွက်နဲ့ မလုံလောက် တဲ့အတွက် နောက်ထပ် စာချုပ်ခေါင်း တစ်ရွက်ပေါ်တွင်သာ ရေးသင့်ပါတယ် ။ စာရွက်တိုင်းမှာ စာမျက်နှာ ဖော်ပြရပါမယ် ။ စာတစ်မျက်နှာ ကုန်ဆုံးရင် နောက်ထပ် စာမျက်နှာသို့ လို့ စကားအဆုံး သတ်ရပါမယ်။
စာချုပ်မှာ လက်မှတ် ရေးထိုးခြင်းဟာ အရေးပါတဲ့ ကိစ္စဖြစ်တယ် ။ လက်မှတ်တွေကို ချုပ်ဆိုသူတွေနဲ့ သက်သေအဖြစ် ပါဝင်သူတွေ ကိုယ်တိုင် ရေးထိုးကြရမှာ ဖြစ်တယ် ။ စာမျက်နှာတိုင်းမှာ လက်မှတ် ရေးထိုး သင့်တယ် ။ စာချုပ်ချုပ် ဆိုရာမှာ သက်သေကို တကူးတက ခေါ်ယူရတယ် ။ ရေးချုပ် ဖတ်ပြနေတုန်းမှာ အမှတ်မထင် ရောက်လာ တာမျိုးဟာ သံသယမကင်းစရာ ဖြစ်တတ်တယ် ။ ဒါကြောင့် တမင်ခေါ်ယူပြီး တိတိကျကျ သေသေချာချာ ပါဝင်ချုပ်ဆိုရတယ်။ စာချုပ်ပါအချက်တွေကို သိရှိဖို့လိုတယ်။ စာချုပ်ကို သေသေချာချာ ဖတ်ကြည့် ဖို့လိုတယ် ။ စာချုပ်အတိုင်း ဟုတ် မဟုတ် မေးဖို့လိုတယ် ။
ချုပ်ဆိုတဲ့ စာချုပ်မှာ တံဆိပ်ခေါင်း လုံလောက်ဖို့ လိုတယ် ။
Crd #ဥပဒေရေးရာ
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...