စာချုပ် ချုပ်မည်ဆိုလျှင် အရှုပ်အရှင်း အလျဉ်းမရှိ ဆိုသည့် ကိစ္စ

စာချုပ် ချုပ်မည် ဆိုလျှင် အရှုပ်အရှင်း အလျဉ်းမရှိ ဆိုသည့် ကိစ္စ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ယခုအခါ အရပ်ဘက်တွင် စာချုပ်အမျိုးမျိုး ချုပ်ဆိုနေကြသည်ကို တွေ့ရသည်။ ငှားရမ်းသည့်ကိစ္စ ၊ အရောင်း အဝယ်ကိစ္စ ၊ ငွေချေးသည့်ကိစ္စ ၊ အပေးအယူ သဘောတူ ကတိပြုကြသည့် ကိစ္စ စသည်တို့ဖြစ်သည်။
ထိုသို့ ချုပ်ဆိုရာတွင် ဗဟုသုတ အတွေ့အကြုံ အတန်အသင့်ရှိနေသူများ စာချုပ် ရေးသားလေ့ရှိပါသည်။ အချို့မှာမူ အခြားသူများ ရေးသား ချုပ်ဆိုထားခဲ့ပြီးဖြစ်သော စာချုပ် နမူနာများကို ကြည့်ရှု၍ ရေးသားကြပါ သည်။ အချို့မှာမူ အသင့် ရိုက်နှိပ်ထားပြီးဖြစ်သော စာချုပ်ပုံစံများကို အသုံးပြုကြသည်ကို တွေ့ရသည်။
ထိုသို့ ချုပ်ဆိုကြရာတွင် အရှုပ်အရှင်း တစ်စုံတစ်ရာ မရှိကြောင်းဖြင့် ထည့်သွင်းချုပ်ဆိုသော အရောင်း အဝယ် စာချုပ်များအကြောင်းလည်း ပါရှိကြမည် ဖြစ်ပါသည်။ ထိုအကြောင်းနှင့် စပ်လျဉ်းသည့် အဖြစ်အပျက် ကလေးတစ်ခုကို သတိပြု သင်ခန်းစာယူနိုင်ကြစေခြင်းငှာ တင်ပြပါမည်။အရောင်းအဝယ် သဘောတူ ကတိစာချုပ်တစ်ခုတွင် ဖြစ်ပါသည်။
ဝယ်ယူသူက စရန် သတ်ပါသည် ။ စရန်သတ်ချိန်တွင် ရောင်းသောပစ္စည်းနှင့် ပတ်သက်၍ အရှုပ်အရှင်း ရှိ မရှိ မေးပါသည်။ ရောင်းသူက မရှိကြောင်း ဖြေပါသည်။ ရောင်းသူ၏ အာမခံချက်ဖြင့် စာချုပ်ချုပ်သောအခါ စာချုပ်တွင် အောက်ပါအတိုင်း ဖော်ပြ ချုပ်ဆိုပါသည်။
‘ရောင်းသူက ရောင်းသောပစ္စည်းနှင့် စပ်လျဉ်း၍ အရှုပ်အရှင်း တစ်စုံတစ်ရာ မရှိကြောင်း တာဝန်ယူ ဝန်ခံကတိ ပြုပါသည် ’ ဟူ၍ ဖြစ်ပါသည်။
ဝယ်သူသည် အဆိုပါ အရောင်းအဝယ် သဘောတူ ကတိပြုစာချုပ် ပြုလုပ်ထားပြီးသည့် နောက်တွင် အကြောင်းအမျိုးမျိုးကြောင့် ဆက် လက်ဝယ်ယူရန် ဆန္ဒမရှိ ဖြစ်လာပါသည်။ သို့မဟုတ် ငွေရေးကြေးရေး အခက်အခဲကြောင့် ချိန်းဆိုသတ်မှတ်သည့် နေ့တွင် ငွေအကျေ မချေနိုင်သည့် အခြေအနေ ဖြစ်နေပါသည်။ ငွေဆက်လက် မချေနိုင်ပါက စရန်အဆုံး ဖြစ်တော့မည် ဖြစ်သည်။
စရန်လည်း မဆုံးအောင် ၊ မိမိ၏ ပျက်ကွက်မှုကြောင့် မဖြစ်ရလေအောင် ဝယ်သူသည် ဤသို့ ပြုမှုဆောင်ရွက် လာပါသည်။
ကြားလူတစ်ယောက်၏ နာမည်ဖြင့် အရောင်းအဝယ် ကိစ္စကို ကန့်ကွက်ကြောင်း သတင်းစာမှ ထည့်သွင်း ကြေညာပါသည်။ ဝယ်သူထံသို့လည်း ကန့်ကွက်ကြောင်းစာ ပေးပို့စေပါသည်။ ပိုင်ရေးဆိုင်ခွင့် အထောက် အထားများနှင့် ကန့်ကွက်ခြင်း မဟုတ်ဘဲ သာမန်ကန့်ကွက်သည် ဆိုသည့် သဘောဖျက်မြင်းအနေဖြင့် ကန့်ကွက်ခြင်း ဖြစ်ပါသည်။ ယင်းကန့်ကွက်စာ ကိုပြပြီး ဝယ်သူက ရောင်းသူကို ဤသို့ တောင်းဆိုပါသည်။ ရောင်းစဉ်က အရှုပ်အရှင်း မရှိဟုဆိုပြီး ရောင်းသည်။ ယခုမူ အရှုပ်အရှင်းပေါ်နေပြီ ဖြစ်သည်။ ပြောသည့်အတိုင်း မဟုတ်သည့် အတွက် ဆက်လက် မဝယ်လိုတော့ပါ ။ စရန်ငွေကိုသာ ပြန်လည် ပေးအပ်ပါရန် တောင်းဆိုသည်။
ကန့်ကွက်ခြင်းသည် အခြေအမြစ်မရှိ ကန့်ကွက်ခြင်း ဖြစ်သည်။ ယင်းကိစ္စကို ဖြေရှင်း ဆောင်ရွက်ပေးပါမည်ဟု ရောင်းသူက ပြောသော်လည်း စာချုပ်တွင် အောက်ဖော်ပြပါအတိုင်း နောက်ဆက်တွဲ အပြည့်အစုံ ဖော်ပြ ချုပ်ဆိုခြင်း မရှိခဲ့သည့်အတွက် ဝယ်သူ လှည့်သည့်အတိုင်း ဝယ်သူ စရန်ပြန်တောင်းသည့်အတိုင်း ရောင်းသူက လိုက်လျောလိုက်ရပါသည်။
‘ ရောင်းသူက ရောင်းသောပစ္စည်းနှင့် စပ်လျဉ်း၍ အရှုပ်အရှင်းတစ်စုံ တစ်ရာ မရှိကြောင်း ၊ အကယ်၍ အရှုပ်အရှင်း တစ်စုံတစ်ရာ ပေါ်ပေါက်ပါက ရောင်းသူက မိမိစရိတ်ဖြင့် အကုန်အကျခံ ဖြေရှင်းဆောင်ရွက် ပေးမည် ဖြစ်ကြောင်း ၊ ထိုသို့ ဖြေရှင်းဆောင်ရွက်ပေးပါလျက် ဝယ်သူ နစ်နာဆုံးရှုံးမှု ဖြစ်ပါက ယင်းနစ်နာမှုအတွက် ရောင်းသူက ပေးလျော်မည် ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်’ ဟူ၍ မဖော်ပြခဲ့သည့်အတွက် ဖြစ်ပါသည်။
(စာညွှန်း - ဦးကျော်ဇေယျ၊ စာချုပ်ချုပ်ဆိုမည်ဆိုလျှင် ဆောင်ရန်နှင့်ရှောင်ရန်များ ၊ စာ ၄၃ ) / #DVBlawlab
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...