ပိုင်ရှင်နဲ့ ဆက်စပ်မှု မရှိတော့တဲ့ စာချုပ်

ပိုင်ရှင်နဲ့ ဆက်စပ်မှု မရှိတော့တဲ့ စာချုပ်
မေး ။ ။ ကျွန်မ အကျိုးဆောင် လုပ်ခဲ့တဲ့ အထဲမှာ အရပ်စာချုပ်နဲ့ ဝယ်ထားကြပြီး ပိုင်ရှင်နဲ့ ဆက်စပ်မှု မရှိတော့တဲ့ စာချုပ်တွေကိုသာ ကိုင်ထားကြသူတွေ တွေ့နေရပါတယ် ။ ဘယ်လို ဆက်လက် ဆောင်ရွက်ကြရမယ် ဆိုတာ သေချာမသိလို့ ဖြေပေးပါအုံး ဆရာ။
ကျွန်မ သော်တာစံပါ
ဖြေ ။ ။ မသော်တာစံ မေးတာလည်း သိသင့်တဲ့ ကိစ္စပါပဲ ။ ရှေ့နေ တစ်ဦးဦး ဌားလိုက်ရင်တော့ ပြီးတဲ့ကိစ္စမျိုးပါ ။
အကုန်အကျ သက်သာရလေအောင် ပွဲစားကို မေး ၊ ပွဲစားက တစ်ဆင့် ဆရာကို မေးတော့လည်း အဖြေတစ်ခုခုတော့ ရမှာပေါ့။
ဒါပေမဲ့ ဆရာက ဥပဒေပညာရှင် မဟုတ်လေတော့ ဆောင်ပါးတွေထဲကလို စပ်ဆေး နဲ့ တွေ့နေမှာ စိုးလို့ ဆရာရဲ့ အဖြေကိုလည်း ရှေ့နေရှေ့ရပ်တွေနဲ့ တိုင်ပင်ပြီးမှ လုပ်ကြပါလို့တော့ ကြိုကာထားချင်ပါတယ်။
ဆရာ သိသလောက် ဖြေပေးရမယ် ဆိုတော့ လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်လောက်မှာ မြေတွေက စျေးသက်သာသေးတာမို့ ဂရုစိုက် မလုပ်ခဲ့ကြဘူး ထင်ပါတယ် ။ ခုလို မေးခွန်းမျိုး မကြာခဏ မေးခံရလို့ပါ ။
အဆက်အသွယ်တွေ ပြတ်နေတာချင်း တူပေမဲ့ ကိုယ်ဝယ်ခဲ့တဲ့ မူလ မြေအမျိုးအစားက လိုပါသေးတယ် ။ ကိုယ်ဝယ်ခဲ့တဲ့ မူလ မြေတွေက ဘိုးဘွားပိုင် ဖြစ်မယ် ၊ ဂရန် ရှိပြီး ဖြစ်မယ် ၊ စကွာတာ ဖြစ်မယ် ၊ လ / န ၃၉ ရပြီး မြေနဲ့ ၃ ( B ) ကင်းလွတ်ပြီးသား မြေတွေ ဆိုရင်တော့ လုပ်ရတာ အဆင်ပြေမယ် ။
ပထမ အဆင့်ကတော့ ကိုယ်ဝယ်ထားတဲ့ မြေရဲ့အမည်ပေါက် ပုဂ္ဂိုလ်ကိုသာ နို့တစ်စာ ထုတ်လိုက်ပါ ။ အဆက်အစပ်တွေက လည်း အဆင့်ဆင့်မို့ ဘယ်သူမှ လာမှာတော့ မဟုတ်ပါဘူး ။ မလာတော့မှ သက်ဆိုင်ရာ မြို့နယ်တရားရုံးမှာ “ အရောင်းအဝယ် စာချုပ်ကို မှတ်ပုံတင် ပေးစေလိုမှု ” နဲ့ တရားမကြောင်းကနေ တရားစွဲပေါ့ ။ ( ဒါတွေ ရှေ့နေကြီးတွေ ကျွမ်းကျင်ကြပါတယ် ) အနိုင်ဒီကရီကလည်း ရဖို့ ရာနှုန်းများပါတယ် ။ နိုင်တဲ့အခါကျမှ ဘီးလစ်က တစ်ဆင့် မြေပုံရာဇဝင် ကူးနိုင်ပြီလေ ။
အဲဒီ အနိုင်ဒီကရီရယ် ၊ မြေပုံ မြေရာဇဝင်ရယ် ၊ ရာဖြတ်က ဆုံးဖြတ်ပေးတဲ့ တန်ဖိုးအပါ တံဆိပ်ခေါင်းကပ် ၊ အခွန်ဌာနက အခွန် ဆောင်ရမှာတွေကို ဆောင်ပြီးရင် မှတ်ပုံတင်စာချုပ် ချုပ်လို့ ရသွားပြီမို့ လမ်းချောကို ရောက်သွားပါပြီ ။ အဲဒီလမ်းအတိုင်း
မသွားဘဲ ထုံးမန်း မန်းသလို “ ဖြတ်လမ်း ” တွေ ထပ်လိုက်မယ် ဆိုရင် အဲဒါမှ “ စပ်ဆေး ” နဲ့ သေချာတွေ့တော့မှာ ။ ဒီမြေအမျိုး အစားတွေမှာ အခုလို လမ်းမျိုး လျှောက်လို့မရဘူး ဆိုတာ မှတ်ထားပြီး ရှင်းပြလိုက်ပါတော့ လို့ ဖြေလိုက်ပါတယ်။
Credit#ဆရာကြီးဦးကြည်စိုး IC (အိမ်ဘုရင်)
Credit ( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...