ပါမစ်မြေများနှင့်ပတ်သက်၍ သိထားသင့်သည်များ...။

ပါမစ် မြေများ နှင့် ပတ်သက်၍ သိထား သင့်သည်များ...။
မြို့သစ်များ ၊ မြို့ကွက်သစ် ချထား ပေးမှုများတွင် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းက မြေလျောက်ထား သူများ ၊ မြေနေရာ ပေးသင့် သူများကို ကနဦး အနေဖြင့် မြေပေးမိန့် ၊ ပါမစ်ဖြင့် လူနေထိုင်ရန် မြေကွက် ချထားခြင်း ဖြစ်ပါသည် ။ အဆိုပါ မြေကွက်သည် အစိုးရမြေ အဖြစ်သာ မှတ်တမ်း ဝင်နေ ပါသည် ။ မြေပေးမိန့် ၊ ပါမစ်သည် မြေပိုင် ဆိုင်ခွင့် မြေငှား ဂရန် မဟုတ်ပါ ။ တရားဝင် ပိုင်ဆိုင်မှု မဟုတ်ပါ ။ အာဏာပိုင် အဖွဲ့က စီမံ ခန့်ခွဲရေး နည်းလမ်းအရ လွယ်ကူ စေရန် ချထား ပေးခြင်း သဘောသာ ဖြစ်ပါသည် ။ မြေပိုင် ဆိုင်ခွင့် ဂရန် ဆက်လက် ဆောင်ရွက် နိုင်ရေး ချထား ပေးခြင်း ဖြစ်ပါသည် ။ လိုင်စင်မြေ လောက်ပင် ပိုင်ဆိုင်မှု ခိုင်မာခြင်း မရှိပါ ။
ပါမစ်မြေကို မြေစာရင်း ၁ ( က ) စာရင်းတွင် ယာယီ သဘောဖြင့် ရေးမှတ် တတ်ကြ ပါသည် ။ ပါမစ် ရသူက မြေငှား ဂရန် ရရှိရေးကို ဆက်လက် လျောက်ထား ရယူ ရပါသည် ။ မြေပေး မိန်ဖြင့် မြေချ ထားပေးခြင်း ခံရသူ ၊ ပါမစ်တွင် အမည် ပေါက်သူ ကိုယ်တိုင် ဂရန်လျောက်ထား မှသာ ဂရန် ရရှိရေး လွယ်ကူ ပါသည် ။ ဂရန် ရရှိမှသာ ၁ ( က ) စာရင်းတွင် အမည်ပေါက် ဖြစ်လာ ပါမည် ။
မြေကွက်တွင် နေထိုင်ခွင့် ပါမစ် ရရှိ သူတို့က အရပ် သဘောဖြင့် မနေထိုင် လို့၍ ငှားရမ်းခြင်း လွှဲပြောင်း ရောင်းချခြင်း ပြုလုပ်ကြသည် လည်း ရှိပါသည် ။ ပါမစ် မြေကွက်ပေါ် နှစ်ချုပ်ဖြင့် ငှားရမ်း နေထိုင်ခြင်းမှာ အချို့က ပြဿနာ မရှိနိုင် ဆိုသော်လည်း မြေကိုပိုင်ဆိုင်မှု မခိုင်မာ သေးသူက ပြန်လည် ငှားရမ်းခြင်း ဖြစ်၍ လည်းကောင်း ၊ ကာလ စည်းကမ်းသတ် ဥပဒေအရ ရေရှည်တွင် အငြင်းပွားနိုင်သဖြင့် လည်းကောင်း ၊ မြေပေးမိန့် ပါမစ်တွင် ပါဝင်သော စည်းကမ်း ချက်များ အရလည်းကောင်း ငှားရမ်းမှု ဆောင်ရွက်ရန် မသင့်ပါ ။ ပါမစ် မြေကွက်ကို ဝယ်ယူရာတွင် ပါမစ်တွင် လွှဲပြောင်း ရောင်းချ ခွင့်ပြု / မပြုကို စီစစ်ပြီးမှ ဝယ်ယူ သင့်ပါသည် ။ မပြုတာက များပါသည် ။ ပါမစ်တွင် မြေကွက်ကို လွှဲပြောင်း ရောင်းချခွင့် ရှိသည်ဟု ပါရှိပါက ပြင်ပ လူတစ်ဦး အနေဖြင့် ဝယ်ယူ နိုင်ပါသည် ။ ပါမစ်တွင် လွှဲပြောင်း ရောင်းချ ခွင့်မပြုဟု ဖော်ပြ ပါရှိပါက ပြင်ပ ပုဂ္ဂိုလ် အနေဖြင့် ဝယ်ယူရန် မသင့်ပါ ။ အကြောင်းမှာ ဂရန် လျှောက်ထားသည့်အခါ သက်ဆိုင်ရာက ဝယ်ယူ နေထိုင်သူ ပြင်ပ ပုဂ္ဂိုလ်အား ဂရန်ထုတ် မပေးပါက ယင်း မြေကွက် အပေါ် ပိုင်ဆိုင်မှု ရရှိမည် မဟုတ်ပါ ။ ငွေကျေး ပိုမို ကုန်ကျ၍ ခက်ခဲ နိုင်ပါသည် ။
ပါမစ် မြေကွက်ကို ဝယ်ယူရာတွင် မှတ်ပုံတင် စာချုပ် ပြုလုပ် နိုင်ခွင့် မရှိသဖြင့် နေထိုင်ခွင့် သက်သက်ဖြင့် ဝယ်ယူပါက ပြဿနာ ရှိနိုင်မည် မဟုတ် သော်လည်း နောင် တစ်ချိန်တွင် ပြန်လည် ရောင်းချပါက မှတ်ပုံတင် စာချုပ် မရှိသဖြင့် အရပ် စာချုုပ် ဖြင့်သာ ရောင်းချ နိုင်မည် ဖြစ်၍ တန်ရာ တန်ဖိုး ရရှိ နိုင်မည် မဟုတ်ပါ ။ ပါမစ် မြေကွက် ရောင်းချခဲ့ သူကို ဆက်သွယ် ရရှိ၍ ဂရန်လျှောက်ထား ပေးပါက ယင်း ဂရန် ရရှိသည့် အခါ ပါမစ် အမည်ပေါက် သူနှင့် ဝယ်သူတို့ အနေဖြင့် မှတ်ပုံတင် ချုပ်စာတမ်း ထပ်မံချုပ်ဆိုရမည် ဖြစ်ပါသည် ။ အခွန်အခ နှင့် စရိတ်များ ထပ်မံ ကုန်ကျပါမည် ။ မြေကွက်များ အနေဖြင့် တစ်နှစ်ထက် တစ်နှစ် ကာလတန်ကြေးများ တက်သဖြင့် ဝယ်ယူသည့် အချိန်က ပေါက်ဈေးနှင့် မှတ်ပုံတင် သည့်အခါ ဖြစ်ပေါ်နေသော ပေါက်ဈေးတို့ ကွာဟချက် ရှိနေသဖြင့် ပါမစ် အမည်ပေါက် သူက ထပ်မံ၍ ငွေတိုးတောင်း လာမည် ကိစ္စရပ် ပေါ်ပေါက် နိုင်ကြောင်း ဝယ်သူ အနေဖြင့် သတိချပ်သင့်ပါသည် ။
ပါမစ် မြေကွက်ကို ရောင်းချခွင့် ရှိ၍ ဝယ်ယူရာ တွင်လည်း ရောင်းချ သူထံမှ ယင်း မြေကွက် နှင့်စပ်လျဉ်းသော အထူးကိုယ်စား လှယ်လွှဲစာ ( Special Power ) ကို ရယူ ထားပါက ဝယ်ယူသူက ဂရန်လျှောက် ထားခြင်း စာချုပ်စာတမ်း ပြုလုပ်ခြင်း တို့ကို ပြုလုပ် နိုင်မည် ဖြစ်ပါသည် ။ ပါမစ် မြေကွက် ဝယ်ယူရာတွင် ရောင်းချသူ၏ နိုင်ငံသား စိစစ်ရေး ကဒ်ပြား မိတ္တူနှင့် သန်းခေါင်း စာရင်း မိတ္တူ တို့ကိုပါ ရယူထား သင့်ပါသည် ။ အဘယ်ကြောင့် ဆိုသော် ဂရန်လျှောက် ထားသည့် အခါ သက်ဆိုင်ရာက ပါမစ် မြေကွက် ရှိသူ၏ နိုင်ငံသား စိစစ်ရေး ကဒ်ပြား မိတ္တူနှင့် သန်းခေါင်စာရင်း မိတ္တူတို့ကို တောင်းပါက အသင့် တင်ပြနိုင်ရန် ဖြစ်ပါသည် ။
ရေးသူ ဆရာမျိုး မင်းထွန်း
ကူးယူ ဖော်ပြ ပါသည် ။
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...