ဆွေမျိုးနီးစပ် တူမတော်စပ်သူတို့ ဇနီးမောင်နှံသည် စာရေးသူ၏ ရုံးခန်းသို့ ရောက်ရှိလာကြသည်။

မကြာသေးမီ ရက်ပိုင်းက ဖြစ်သည် ။ ဆွေမျိုးနီးစပ် တူမတော်စပ်သူတို့ ဇနီးမောင်နှံသည် စာရေးသူ၏ ရုံးခန်းသို့ ရောက်ရှိလာကြသည်။
“ ဦးလေးဆီ ဖုန်းဆက်မထားလို့ ရုံးခန်းမှာ ဦးလေးမရှိရင် အခက်ပဲ ဆိုပြီး စိုးရိမ်နေမိတာ ”
“ အေး - ကံကောင်းသွားတယ်ပေါ့ ။ တူမကြီး အိမ်ထောင်ကျပြီး နောက်ပိုင်း တစ်ကြိမ်လားပဲ တွေ့ဖြစ်တယ် ထင်တယ် ။ အတော်ကြာ သွားပြီ ။ အခု အမေနဲ့ အတူနေတာ မဟုတ်လား ”
“ ဟုတ်ပါတယ် ၊ ဦးလေး ။ အမေက ဆီးချိုတက်နေလို့ ပြန်ပြီး အနားယူနေရတယ် ”
“ အင်းပေါ့လေ ။ အသက်ခြောက်ဆယ်ကျော် ခုနစ်ဆယ် နီးမှတော့ ခန္ဓာကိုယ်က ချို့ယွင်းလာပြီပေါ့ ။ ထူးထူးထွေထွေ ဘာကိစ္စရှိလို့လဲ ” “ ထူးထူးထွေထွေလို့ပဲ ပြောရမလား ။ သမီးတို့နှစ်ယောက် သန်လျင်မှာ မြေတစ်ကွက် ဝယ်ဖို့ သွားကြည့်တယ် ။ တချို့ကပြောတော့ ဥယျာဉ် ခြံမြေလို့ ပြောကြတယ် ။ တချို့ကလည်း စလစ်မြေလို့ ပြောပြန်တယ် ။ သေချာ နားမလည် ဖြစ်နေတယ် ”
“ သန်လျင်ဘက်မှာတော့ လယ်ယာမြေ ဥယျာဉ်ခြံမြေ ၊ စလစ်မြေ ၊ ပါမစ်မြေ အစုံပဲ သမီးရဲ့ ၊ သေချာ လေ့လာစိစစ်ပြီးမှ ဝယ်ဖို့
လိုတယ် ။ ဘယ်လိုဖြစ်လို့ သန်လျင်ဘက်ကို မျက်စိကျသွားရတာလဲ ၊ နေဖို့ ရည်ရွယ်တာလား ”
“ သမီးတို့ အခုနေတဲ့ တိုက်ခန်းကလည်း အဆောက်အအုံတစ်ခုလုံး ဆွေးနေပြီဆိုတော့ အန္တရာယ်ရှိလာပြီး အမေကလည်း အသက်ကြီး လာပြီ ဆိုတော့ ငါးထပ်ကို တက်ဖို့ အဆင်မပြေတော့ဘူး ”
“ မြေနဲ့ အိမ်နဲ့ ကတော့ ကောင်းပါတယ် ။ ဒါပေမယ့် သန်လျင်ဘက် ဆိုတော့ သမီးတို့ အလုပ်နဲ့ အဆင်ပြေပါ့မလား ”
“ သူလုပ်နေတဲ့ ကုမ္ပဏီက သန်လျင်ဘက်မှာ လုပ်ငန်းတွေ ရှိတယ် ” တူမဖြစ်သူက သူ၏ ခင်ပွန်းဘက်သို့ လှည့်၍ ရှင်းပြပါသည် ။
“ ဒါဆိုရင်တော့ အဆင်ပြေတာပေါ့ ။ နေရာကို သွားကြည့်ပြီးပြီလား ၊ အခြေအနေက ဘယ်လိုရှိသလဲ ”
“ ပေ ၄၀ x ပေ ၆၀ အကွက် ရိုက်ထားတဲ့ မြေကွက်တွေ ဖြစ်တယ် ”
“ ဒါဆိုရင် လယ်ယာမြေတွေ အနေနဲ့ပဲ ရှိဦးမယ် ထင်တယ် ။ သန်လျင် မြို့ကြေးတိုင် မြေစာရင်းရုံးဝိုင်းထဲမှာပဲ ထင်တယ် ။ လယ်ယာမြေ စီမံခန့်ခွဲရေးရုံး ရှိတယ် ။ အဲဒီကို သွားရောက်စုံစမ်း ဖို့တော့ လိုမယ် ”
“ ဟုတ်ကဲ့ ကျွန်တော်တို့ ရောက်ခဲ့ပါတယ် ။ မြို့သစ်စီမံကိန်းတော့ ရှိတယ် ။ အဲဒီ လယ်ယာမြေတွေကို အခြားနည်း ဆောင်ရွက်ခွင့် လျှောက်ထားတယ်လို့ သိရတယ် ။ ဒါကြောင့် မြေကို အကွက်ရိုက်ပြီး ရောင်းနေတာ ဦးလေး ”
“ အခြားနည်းနဲ့ လျှောက်ထားတာက ပုံစံ ( ၇ ) ထုတ်ပေးထားတဲ့ သူက လျှောက်တာလား ။ မြို့သစ်စီမံကိန်း ရှိလို့ နိုင်ငံတော်အစိုးရက ဘဲ အခြားနည်းနဲ့ ဆောင်ရွက်ခွင့် လျှောက်တာလား ဆိုတာ ကွဲပြားသိဖို့ လိုလိမ့်မယ် ”
“ ပုံစံ ( ၇ ) ဆိုတာက လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ချပေးတဲ့ လက်မှတ် ဖြစ်တယ် ။ မကြာသေးမီ အချိန်က မန္တလေးတိုင်းလွှတ်တော် အစည်းအဝေးမှာ မန္တလေးတိုင်းဝန်ကြီးက လယ်ယာမြေပေါ်မှာ အကွက်ချ ရောင်းနေကြတယ် ။ လယ်ယာမြေအပြင် သစ်တောမြေ နှင့် မြေလွတ်မြေရိုင်းတွေမှာ အကွက်ရိုက်ရောင်းချမှု ရှိနေတယ် ။ ဒါဟာ ဥပဒေအရ ဘယ်လိုမှ မကိုက်ညီဘူး ။ မသမာသူတွေ လုပ်ဆောင်နေတာကို အမြန်ဆုံး ဟန့်တားသွားမှာပါ ။ လက်ရှိ လုပ်နေသူတွေကိုလည်း ရပ်တန့်ဖို့ ပြောကြားလိုကြောင်း ရှင်းလင်း သွားတာ ရှိတယ် ။ ဒါကြောင့် မန္တလေးတိုင်း တစ်ခုတည်း မဟုတ်ဘူး ။ တစ်နိုင်ငံလုံးမှာ ဖြစ်နိုင်တာ ဖြစ်လို့ ဝယ်ရင် သတိထားဝယ်ဖို့ လိုလိမ့်မယ် ”
“ စလစ်မြေ ဆိုတာက ဘယ်လိုလဲ ခင်ဗျာ ”
“ စလစ်မြေ ဆိုတာ အိမ်ဆောက်လုပ်နေထိုင်ခွင့် ရထားတဲ့မြေ ဖြစ်တယ် ။ အခုမြေက စလစ်မြေ မဟုတ်သေးဘူး ”
“ အခုရောင်းတဲ့သူက မြေကွက် ရဲ့ ပုံစံ ( ၇ ) လုပ်ပိုင်ခွင့် စာရွက်မိတ္တူတော့ ရမယ် ပြောတယ် ”
“ ဘယ်နှဆင့် လက်လွှဲပြောင်းထားသလဲ ဆိုတာ ရှိလိမ့်မယ် ။ တိုက်ရိုက် အမည်ပေါက်သူက ရောင်းတာလား ”
“ နှစ်ဆင့်ရှိတယ် ပြောပါတယ် ။ အဆင့်ဆင့် စာချုပ်တွေတော့ ရမယ် ပြောပါတယ် ”
“ စာချုပ်အဆင့်ဆင့်က မူရင်းရဖို့ လိုလိမ့်မယ် ”
“ ရောင်းသူက ပိုခိုင်မာအောင် ပုံစံ ( ၇ ) ရထားသူထံက ကိုယ်စားလှယ်လွှဲစာ ရယူထားသူနဲ့ စာချုပ် ချုပ်ပေးပါမယ်လို့ ပြောပါတယ် ”
“ တစ်ခုရှိတာက ကိုယ်စားလှယ်လွှဲစာက စာချုပ်စာတမ်းရုံးမှာ ပြုလုပ်ထားတဲ့ ကိုယ်စားလှယ်လွှဲစာ ဖြစ်ဖို့ လိုတယ် ”
“ တချို့ကပြောတော့ လယ်ယာမြေ ဥပဒေအရ လယ်ယာမြေတွေကို ခွဲစိတ်ရောင်းခွင့် ရှိတယ်လို့ ပြောတယ် ဟုတ်ပါသလား ”
“ မှန်ပါတယ် ။ အဲဒါက လယ်ယာမြေကို အားလုံး ဖြစ်စေ ၊ တစ်စိတ်တစ်ပိုင်း ဖြစ်စေ ၊ လယ်ယာမြေ၏ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း
ဖြစ်တယ် ။ မြေကွက်ကို ရောင်းချခြင်း မဟုတ်ဘူး ။ လယ်ယာမြေ ဥပဒေပုဒ်မ - ( ၁၂ ) မှာ လယ်ယာမြေ လုပ်ပိုင်ခွင့်ကို ရောင်းချ ၊ ပေါင်နှံ ၊ ငှားရမ်း ၊ လွှဲပြောင်း ၊ လဲလှယ်ပေးကမ်းခြင်း ပြုရာမှာ ကြေးတိုင် နှင့် မြေစာရင်း ဦးစီးဌာနက သတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန် နှင့် စာချုပ်စာတမ်း မှတ်ပုံတင်ခတို့ကို ပေးဆောင်၍ မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနရုံးမှာ မှတ်ပုံတင်
ရမည်လို့ ပြဋ္ဌာန်းထားပါတယ် ”
“ ဒါဆိုရင် ဘယ်အချိန်မှ လယ်ယာမြေတွေကို အကွက်ရိုက် ရောင်းချခွင့် ရှိပါသလဲ ”
“ လယ်ယာမြေကို အခြားနည်း သုံးစွဲခွင့်ပြုသည့် အမိန့်စာရမှ မြေကွက်ကို တရားဝင် ခွဲစိတ်ရောင်းချခွင့် ရှိမှာ ဖြစ်ပါတယ် ”
“ ခွင့်ပြုချက် မရသေးဘဲ ရောင်းချရင် ဘယ်လိုဖြစ်နိုင်ပါသလဲ ”
“ လယ်ယာမြေ ဥပဒေပုဒ်မ - ၁၂ ( ဆ ) မှာ လယ်ယာမြေလုပ်ပိုင်ခွင့် ရရှိသူသည် လယ်ယာမြေကို ခွင့်ပြုမိန့် မရဘဲ အခြားနည်း သုံးစွဲ ခြင်း မပြုရလို့ ပြဋ္ဌာန်းထားပါတယ် ”
“ အရေးယူတဲ့ အပိုင်းက ဘယ်လိုရှိပါသလဲ ”
လယ်ယာမြေ ဥပဒေပုဒ်မ - ( ၁၉ ) မှာ ဤဥပဒေပုဒ်မ ( ၁၂ ) ပါ စည်းကမ်းချက် အားလုံးကို ဖြစ်စေ ၊ စည်းကမ်းချက် တစ်ခုခုကို
ဖြစ်စေ လိုက်နာရန် ပျက်ကွက်လျှင် ဝန်ကြီးဌာနက ဤကိစ္စ အလို့ငှာ ခန့်အပ်သည့် လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့သည် ဤဥပဒေနှင့် နည်းဥပဒေများ နှင့်အညီ စုံစမ်းစစ်ဆေးပြီးနောက် အောက်ပါအမိန့် တစ်ရပ်ကို ဖြစ်စေ ၊ တစ်ရပ်ထက် ပို၍ ဖြစ်စေ ချမှတ်နိုင်တယ်
လို့ ဖော်ပြထားပါတယ် ” ”
“ အဲဒီအမိန့်တွေက ဘယ်လိုပါလဲ ဦး ။ မြေက ဖယ်ရှားပေးဖို့ ရှိပါသလား ”
“ အေး ... ( က ) သတ်မှတ်သည့် ဒဏ်ကြေး ငွေပေးဆောင်စေခြင်း ။
( ခ ) မူလ သတ်မှတ်ထားသည့် နည်းလမ်း အတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း ။
( ဂ ) လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူများကို နှင်ထုတ်ခြင်း ၊
( ဃ ) လယ်ယာမြေပေါ် တွင် ခွင့်ပြုချက် မရှိဘဲ ဆောက်လုပ်ထားသော အဆောက်အအုံများကို ဖယ်ရှားခြင်းများ ပြုလုပ်နိုင် တယ်လို့ သတ်မှတ် ပြဋ္ဌာန်းထားပါတယ် ”
“ ဒါဆိုရင် လယ်ယာမြေကို အခြားနည်းနဲ့ အသုံးပြုခွင့် မရမီ မြေကွက်ရိုက်ပြီး အဆောက်အအုံ ဆောက်ခဲ့ရင် ဥပဒေနဲ့ မညီဘူးပေါ့ ”
“ မှန်ပါတယ် ။ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုခွင့်ရမှ ဝယ်ရင်တော့ ပိုင်ဆိုင်ခွင့် သေချာနိုင်တာပေါ့ ။ ဒါပေမယ့် အဲဒီအချိန်ဆို ရင် မြေကွက်ဈေးက တက်သွားနိုင်တာမို့ အခြားနည်းနဲ့ လျှောက်ထားဆဲ လယ်ယာမြေလို့ ပြောဆိုချက်ကို စွန့်စား ဝယ်နေတာ
ဖြစ်တယ် ။ ဒါကြောင့် သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲရေးရုံးမှာ သေချာစုံစမ်းပြီးမှ ဝယ်ပါ ” ဟု အကြံပေးလိုက်ပါသည် ။
ကူးယူဖော်ပြပါသည်။
တလက်စတည်း လယ်ယာမြေအား အခြားနည်းအသုံးပြုရန် ခွင့်ပြုမိန့်ကို ပူးတွဲ ဖော်ပြလိုက်ပါသည် ။
Credit ( ဥပဒေရေးရာ )
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...