အပျောက် စနစ်နှင့် ၀ယ်ထားသည့် တိုက်ခန်း များရှိသော မြေကို ၀ယ်မည် ဆိုလျှင် ( ဗဟုသုတ )

အပျောက် စနစ်နှင့် ၀ယ်ထားသည့် တိုက်ခန်း များရှိသော မြေကို ၀ယ်မည် ဆိုလျှင် ( ဗဟုသုတ )

         အပျောက် စနစ်နှင့် ၀ယ်ထားသည့် တိုက်ခန်း များရှိသော မြေကို ၀ယ်မည် ဆိုလျှင်( ဗဟုသုတ )
''ကျွန်တော်က တိုက်ခန်း မှာနေ ပါတယ် ။ ကျွန်တော့်ရဲ့ မျက်နှာချင်း ဆိုင်အခန်းက မြေရှင် နေတယ် ။ မြေရှင်က သူနေတဲ့ အခန်းနဲ့ အတူ မြေပါ ရောင်းချင် တယ်လို့ ပြောပါတယ် ။ ဝယ်မယ်ဆိုရင် ဘယ်လို ဆောင်ရွက် ရမယ်ဆို တာ သိချင်လို့ပါ ဆရာ''ဟု မိတ်ဆွေ တစ်ဦး၏ သား ဖြစ်သူက စာရေးသူထံ လာရောက် ဆွေးနွေး ခြင်း ဖြစ်ပါ သည် ။
'' အဲဒီ အဆောက် အအုံမှာ တိုက်ခန်း ဘယ်နှခန်း ရှိပါသလဲ ''
'' အိမ်ဟောင်း ဆိုတော့ အုတ်ညှပ် နှစ်ထပ်တိုက် ဖြစ်ပြီး မြေညီထပ် နှစ်ခန်းနဲ့ အပေါ် ထပ်နှစ်ခန်း စုစုပေါင်း လေးခန်း ရှိပါတယ် ''
'' အောက်ထပ်က လူတွေက အိမ်ငှား တွေလား ၊ အပျောက်နဲ့ ဝယ်ထားတဲ့ သူတွေပဲလား ''
'' ဟုတ်ကဲ့ အောက်ထပ် နှစ်ခန်း ကလည်း အပျောက် စနစ်နဲ့  ဝယ်ထားတဲ့ သူတွေဆရာ ။ ဒါပေမယ့် မြေရှင် ကိုတော့ အိမ်လခ ပေးရတယ် ‘’
'' မြေကို ဝယ်မယ် ဆိုတော့ မြေက ဘယ်လိုမြေ အမျိုးအစားလဲ''
''ဂရန် မြေလို့ ပြောပါတယ် ''

 
           '' ဂရန် အမည်ပေါက်က ရှိသေးလား ၊ သူကိုယ်တိုင် ရောင်းမှာလား ''
'' အမည်ပေါက် အဘွားကြီး ကတော့ ရှိသေးတယ် ။ နေမကောင်း တော့ မထနိုင်တော့ဘူး ။ အားလုံး ရောင်းပြီး အမွေခွဲတဲ့ သဘောပေါ့ ဆရာ ''
'' သားသမီး တွေက များလား ။ အရောင်း အဝယ် လုပ်ရင်း ကိုင်ရင်းနဲ့ အဘွားကြီး ကွယ်လွန် သွားရင် အမွေခွဲ ဝေတာ မတည့်ဘဲ ဖြစ်တတ်တယ် ‘’
'' တိုက်ခန်းကို ဝယ်လိုက်လို့ လက်ရောက် ယူလိုက်ရင် လွယ်တယ် ဆရာ ။ မြေကိစ္စ ကတော့ ငွေကထပ် လိုက်ရ မလို ဖြစ်နေတယ် ''
'' ဒါတော့ ဟုတ်တယ် ။ လောလော ဆယ်မှာတော့ မြေကို ဝယ်လိုက် ရုံနဲ့ အခွင့်အရေး အမြတ်တော့ ချက်ချင်းရမှာ မဟုတ်ဘူး ''
'' သူငယ်ချင်း တစ်ယောက် ပြောတာ ကတော့ အခုကာလမှာ ခြောက်ထပ်အထိ တိုက်ခန်းတွေ ဆောက်ခွင့်ရ တယ် ။ ၁၂ ခန်းထွက်လာမယ် ။ ရှစ်ခန်းပို ရမယ် ။ ကန်ထရိုက် နဲ့ညှိပြီး ဆောက် ရင်တော့ အကျိုးအမြတ် ရနိုင် တယ်လို့ ပြောတာပဲ ဆရာ''


              '' စိတ်ကူးနဲ့ တွက်ချက် လိုက်ရင် တော့လည်း ၁၂ ခန်းကို ကန်ထရိုက် တစ်ဝက် ၊ ကိုယ်က တစ်ဝက်စီ ယူမယ် ဆိုရင် ခြောက်ခန်း စီရမယ် ။ လက်ရှိ လေးခန်း နှုတ်လိုက်ရင် နှစ်ခန်း ကျန်မယ် ။ ကန်ထရိုက်က ခြောက်ခန်း ထဲမှ လျှော့ယူရင် တစ်ခန်း နှစ်ခန်းပိုထွက် လာမယ် ။ ဒါဆိုရင် သုံးခန်း အနည်းဆုံး ရပြီး ပြန်ရောင်း နိုင်တယ် ။ ဒီလို တွက်ရင်တော့ ဟုတ်ပါတယ် ။ ဒါပေမယ့် ရင်းနှီး ရမှာနဲ့ ပြန်ရမယ့် ငွေကိုတော့ သေချာ ချင့်ချိန်ဖို့ လိုတယ် ''
'' ဟုတ်ကဲ့ ဆရာ ။ အဲဒါ ကြောင့် ဘယ်လို အဆင့်ဆင့် ဆောင်ရွက် ရမှာကို သိချင်လို့ပါ ။ အဲဒီလို မြေသက်သက်ပဲ ဝယ်တာ မျိုးရှိသလား''
'' မောင်ရင်က တိုက်ခန်း လက်ဝယ် ရှိသေးတယ် ။ ပြီးတော့ ဝယ်လိုက်ရင် တိုက်ခန်း တစ်ခန်း ထပ်ပြီး လက်ရှိ ဖြစ်လာမယ် ဆိုတော့ ပစ္စည်း လက်ဝယ် ရရှိထားတယ် ။ အချို့က အိမ်ငှား တွေနေတဲ့ တိုက်ခန်းကို ဖြိုပြီး ဆောက် မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြေကိုပဲ သက်သက် ဝယ်တာ မျိုးရှိ တတ်တယ် ။ အချို့လည်း အိမ်ငှားရှိတဲ့ အိမ်နဲ့ မြေ ကို ဝယ်တယ် ။ နောက်မှ အိမ်ငှားကို တရားစွဲ နှင်ချတာမျိုးလည်း ရှိကြတယ် ။ စီးပွားရေး သမားတွေ ကတော့ တွက်ခြေ ကိုက်မယ် ထင်ရင် စွန့်စား ဆောင်ရွက် တတ်ကြတယ် ''


                '' တိုက်ခန်း ဝယ်တာတော့ အခွန် မဆောင်ပဲ နေရင် ဖြစ်တယ် မဟုတ်လား ၊ ကျွန်တော် သိတာတော့ တိုက်ခန်းဝယ် တာ ဘယ်သူမှ အခွန်ဆောင် တာတော့ မတွေ့ဘူး ဆရာ ''
'' မြေကတော့ တရားဝင် ဆောင်ရွက် မယ်ဆိုရင် စာချုပ် စာတမ်း မှတ်ပုံတင်ရုံးမှာ အရောင်း အဝယ် မှတ်ပုံတင်စာ ချုပ် ချုပ်ဆိုဖို့လိုတယ် ။ ဒါမှ ကိုယ်က တရားဝင်မြေ ပိုင်ဆိုင်ခွင့် ရှိလာပြီး ကျန်တဲ့ အောက်ထပ်က အိမ်ငှား တွေအပေါ်မှာ အိမ်ရှင် မြေရှင်အဖြစ် ပြန်လည် ဆက်စပ်မှု ရှိကာ အိမ် လခ ကောက်ခံလို့ ရမှာဖြစ်တယ် ''
'' မြေကွက်ကို ဝယ်မယ် ဆိုရင်တော့ ဝယ်ခွန် ဆောင်ရ မှာပေါ့ ''
'' ဟုတ်ပါတယ် ။ သက်ဆိုင်ရာ အခွန် အရာရှိကို မြေချည်း သက်သက် ဝယ်တယ် ဆိုတာကို ရှင်းပြဖို့ လိုတယ် ''
'' ဒါမှ မဟုတ်ရင် အဆောက်အအုံ တစ်ခုလုံး ဝယ်ဆိုတာမျိုး ဖြစ်လာ နိုင်တာ ပေါ့နော်''
'' မှန် ပါတယ် ။ အဲဒီအချက်ကို သေချာအောင် အမြတ်ခွန် အရာရှိနဲ့ ဆွေးနွေးဖို့ လိုပါတယ် ''
'' ဟုတ်ကဲ့ ဆရာ ။ မြေတန်ဖိုး သတ်မှတ် ချက်ကတော့ သက်ဆိုင်ရာ တန်ဖိုးဖြတ် အခွန်အရာရှိ တွေကပဲ သတ်မှတ် ပေးတာလား ''


               '' ဟုတ်တယ် ။ သက်ဆိုင်ရာ အခွန်အရာရှိတွေက ကွင်းဆင်း စစ်ဆေးပြီး လမ်းအခြေအနေ မြေကွက် နေရာပေါ်  မူတည်ပြီး သက်ဆိုင်ရာက သတ်မှတ် ကြေညာထားတဲ့ မြေကွက် စံနှုန်းပေါ် မှာ မူတည် ဆုံးဖြတ်မှာ ဖြစ်ပါတယ် ''
'' မြေကွက် စံနှုန်းဆိုတာက ဘယ်လိုလဲ ဆရာ ''
'' ဘဏ္ဍာရေး ဝန်ကြီးဌာန ကနေပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့နဲ့  ညှိနှိုင်း သတ်မှတ်ထားတဲ့ အိမ်မြေ စံနှုန်း တွေကို နှစ်အလိုက်ကြေညာ ထားတာ ရှိတယ် ။ သက်ဆိုင်ရာ အခွန် ဦးစီးဌာန ရုံးတွေမှာ ကပ်ထားတယ် ။ အဲဒီနှုန်း ထားတွေနဲ့ တန်ဖိုးဖြတ် အဖွဲ့က သတ်မှတ် တန်ဖိုးဖြတ်တာ ဖြစ်တယ် ''
'' အဲဒီမြေ တန်ဖိုးဖြတ် အပေါ် မှာ အခွန်ဆောင် ရမှာပေါ့နော် ''
ဟုတ်ပါတယ် ။ မြေ အိမ်တန်ဖိုး သိန်းတစ်ထောင် ထက် ကျော်ရင်တော့ ဝယ်ခွန်အနေနဲ့ ဝင်ငွေရလမ်း မဖော် ပြနိုင်ရင် ၃ဝ ရာခိုင်နှုန်းထိ ချမှတ် ကောက်ခံ နိုင်ပါတယ် ။


                ''ကျွန်တော်က နိုင်ငံခြား သင်္ဘောလိုက် နေတော့ အခွန်ပြ နိုင်တာ တော့ရှိတယ် ဆရာ ''
'' ဝင်ငွေခွန် ဆောင်ထား တာရှိရင်တော့ နုတ်ပေး နိုင်တာပေါ့ ။ သက်သာ တာပေါ့လေ ''
'' အဲဒါ ပြီးရင် စာချုပ် စာတမ်း မှတ်ပုံတင်ရုံံးမှာ အရောင်း အဝယ် စာချုပ်ချုပ် ဆိုရမှာ  ဖြစ်ပါတယ် ။ စာချုပ် စာတမ်း မှတ်ပုံတင်ရုံးမှာ အရောင်း အဝယ် စာချုပ် ချုပ်ဆို မယ်ဆိုရင် ပထမဦးဆုံး သက်ဆိုင်ရာ မြို့တော် စည်ပင်သာယာ ရေး ကော်မတီ မြေယာ ဌာနမှာ မြေကွက်ရောင်းရန်ဆိုပြီး မြေပုံမြေရာဇဝင်ကူးယူရပါတယ်။ အဲဒါရယ် အခွန် ဆောင်ထားတဲ့ ပြေစာရယ်ပူးတွဲတင်ပြပြီး အရောင်း အဝယ် စာချုပ်ကို မှတ်ပုံတင် ပြုလုပ် ချုပ်ဆိုရမှာ ဖြစ်ပါတယ် ''
'' မှတ်ပုံတင် ခပေး ရသေးတယ်လို့ ပြောသံကြား ဖူးတယ် ဟုတ်ပါသလား ''
'' ဟုတ်ပါတယ် ။ စာချုပ် စာတမ်းရုံးမှာ မှတ်ပုံတင်ခ အဖြစ် တန်ဖိုး၏ ဝ.၅ ရာခိုင်နှုန်း ပေးသွင်း ရပါတယ် ။ ပြီးရင် ရက်နှစ်ပတ်ခန့်အကြာမှာ စာချုပ် မူရင်း ထုတ်ပေး ပါတယ် ''
'' မြေကွက် အမည်ပြောင်း ဖို့ ရှိမှာပေါ့နော် ''
'' မှန်ပါတယ် ။ အရောင်း အဝယ် မှတ်ပုံတင် စာချုပ် ရရင်တော့ မြို့တော် စည်ပင်သာယာရေး ကော်မတီ မြေယာ ဌာနမှာ မြေကွက်ပိုင်ရှင် အမည်ပေါက် လျှောက်ထား ရပါတယ် ''


                ''အဆင့်တွေ အတော်များတယ် ဆရာ ။ လောလော ဆယ် တိုက်ခန်းပဲ ဝယ်ထားပြီး လက်ရောက် ယူထားရင် ဖြစ်တယ် မဟုတ်လား'' ''ဖြစ်ပါတယ် ။ ဒါပေမယ့် မြေပါ ဝယ်မယ် စိတ်ကူး ရင်တော့ မြေကွက် အမည်ပေါက် အဘွားကြီး သက်ရှိ ထင်ရှား ရှိချိန်မှာ လုပ်တာအဆင်ပြေတယ်။ ငွေလည်း လိုအပ် နေတယ် ဆိုတော့ စျေးသက်သာ နိုင်တာပေါ့ ။ သူကွယ်လွန် သွားမှ သားသမီးတွေ အမွေ ဆက်ခံခွင့်  လျှောက်တာနဲ့ အမွေခွဲဝေ ငွေမညီညွတ်လို့ အဆင်မပြေ ဖြစ်တတ် တယ် ။ ဒါကြောင့် မြေကိုပါ မြေကွက် အမည်ပေါက် ဝယ်မယ်လုိ့ စိတ်ကူး ရင်တော့ သက်ရှိထင်ရှား ရှိနေစဉ်မှာ ဝယ်ပါလို့ တိုက်တွန်း ချင်တယ် '' ဟု အကြံပြု ဆွေးနွေး လိုက်ပါသည် ။


Credit: ထီယု ( ဥပဒေ အတိုင်ပင်ခံ )

Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ

(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း

မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

 ဥယျာဉ်ခြံမြေ

ဥယျာဉ်ခြံမြေ

အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate