လင်မယားနှစ်ယောက်မှာ တစ်ယောက်က အိမ်ပေါ်က ဆင်းသွားတာ (6)လ ကြာရင် အလိုလို ပြတ်စဲတာလား။
တစ်ခုလောက် တိုင်ပင်ချင်လို့ပါ ။ ညီမအမျိုးသားနဲ့ က
အဆင်မပြေတာ ကြာပြီ မကြာခဏ ရန်ဖြစ် စကားများလိုက်နဲ့ ။
အခု သူအိမ်က ဆင်းသွားတယ် ။ ညီမလည်း သူ့ကို ကွာချင်နေပြီ ။
အိမ်ပေါ်က ဆင်းသွားလို့ ၆လကြာရင် အလိုလို ပြတ်စဲပြီဆိုတာ
ဟုတ်လား ။ ’’
“ မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေမှာ လင်မယား အလိုလို ပြတ်စဲတာမျိုး ၊
အကြောင်းမဲ့ ကွာရှင်းနိုင်တာမျိုး ၊ တစ်ဖက်သတ် ကွာရှင်းနိုင်တာမျိုး
မရှိပါဘူး ။ ဘယ်လို အခါမျိုးတွေမှာ ကွာရှင်းနိုင်လဲ ဆိုတော့ …
၁ ။ နှစ်ဦးသဘောတူတဲ့အခါ ကွာရှင်းနိုင်ပါတယ် ။
၂ ။ လင်ယောကျာ်းက ရဟန်းဘောင်ကို ရာသက်ပန်
ကူးပြောင်းသွားတဲ့ အခါ ကွာရှင်းနိုင်ပါတယ် ။
၃ ။ အိမ်ထောင်ရေး ပြစ်မှုတွေကြောင့် ကွာရှင်းနိုင်ပါတယ် ။
+ နှစ်ဦးသဘောတူ ကွာရှင်းတာ ဒါကတော့ ရှင်းပါတယ် ။
လင် နဲ့ မယား နှစ်ဦးစလုံးက ဆက်ပေါင်းဖို့ စိတ်ဆန္ဒ
မရှိတော့တဲ့အခါ နှစ်ဦးသဘောတူ ကွာရှင်းနိုင်ပါတယ် ။
နှစ်ဦးသဘောတူ ကွာရှင်းတဲ့အခါမှာ လက်မှတ်ထိုးဖို့ လည်း မလို ၊
စာချုပ်စာတမ်း လုပ်ဖို့လည်း မလိုပါဘူး ။ ဒါပေမဲ့ နောင်တစ်ချိန်
အရှုတ်အထွေးတွေ ဖြစ်လာတဲ့အခါမှာ သက်သေခံ
အထောက်အထား ဖြစ်အောင် သက်သေလူကြီးတွေ
ရှေ့မှာ လက်မှတ် ထိုးထားသင့်ပါတယ် ။
ဖြစ်နိုင်ရင် တရားရုံးက တရားသူကြီး ရှေ့မှောက်မှာ
ကွာရှင်းစာချုပ် Register လုပ် လက်မှတ်ထိုးထားရင်
အကောင်းဆုံးပါ ။
+ လင်ယောက်ျားက ရဟန်းဘောင်ကို ရာသက်ပန်
ကူးပြောင်းသွားတဲ့အခါ ကွာရှင်းတာ ။
ဒီနေရာမှာ ဒုလ္လဘရဟန်းခံတာမျိုးကို ထည့်သွင်း
မစဉ်းစားပါဘူး ။
+ အိမ်ထောင်ရေး ပြစ်မှုလို့ ဆိုတဲ့ နေရာမှာ ၂ပိုင်း
ဖြစ်သွားပါတယ် ။ သာမန် အိမ်ထောင်ရေး ပြစ်မှု နဲ့
ကြီးလေးသော အိမ်ထောင်ရေး ပြစ်မှု ဆိုပြီး ရှိတယ် ။
သာမန် အိမ်ထောင်ရေး ပြစ်မှုမှာ ၅မျိုး ခွဲတယ် ။
၁ ။ ရက်စက်မှု
ရက်စက်မှုမှာ မကြာခဏ ကိုယ်ခန္ဓာ ကို ၊ အသက်ကို ၊
ကျန်းမာရေးကို အန္တရာယ် ဖြစ်အောင် ပြုလုပ်တာမျိုးလို့
ဖွင့်ဆိုထားတယ် ။ ရှေးခေတ် စီရင်ထုံးဟောင်းများနဲ့
ဓမ္မသတ်များ အရ လင်က မယားကို အထိုက်အလျောက်
ရိုက်နှက် ဆုံးမတာကို ခွင့်ပြုခဲ့တယ် ။
ဒါပေမဲ့ စီရင်ထုံးတစ်ခု ဖြစ်တဲ့ ဦးမျိုးမြင့် နှင့် ဒေါက်တာခင်မေကြည် ၊
နိုင်ငံတော် တရားရုံးချုပ် ၁၉၆၈ ခုနှစ် တရားမ ပထမ အယူခံမှု
အမှတ် ( ၁ ) မှာတော့ လင် နှင့် မယားသည် တန်းတူ အခွင့်အရေး
ရှိသည် ။
လင်သည် မယားအား ရိုက်နှက် ဆုံးမခွင့် ရှိသည်ဟု ဓမ္မသတ်များတွင်
ပြဆိုထားသော်လည်း ယခုခေတ် လူမှုရေး အရ လင်သည် မယားအား
အနည်းငယ်မျှပင် ရိုက်နှက် ဆုံးမခွင့် မရှိပေ ဆိုပြီးတော့ တရားသူကြီးက
ဆုံးဖြတ်ထားပါတယ် ။
* အဲဒီအတွက် တစ်ကြိမ်တစ်ခါ ရိုက်နှက်တာလောက်နဲ့
ကွာရှင်းခွင့် တောင်းလို့ ရပါတယ်။ *
၂ ။ စွန့်ပစ်မှု
ဒီနေရာမှာ ညီမမေးတဲ့ မေးခွန်းနဲ့ ဆိုင်လာပြီ အရပ်ထဲမှာ
ယောက်ျားက ထားခဲ့ရင် ၃နှစ် မိန်းမက ထားခဲ့ရင် ၆လဆို
အလိုလို ပြတ်ပြီ စသဖြင့် အသိမှားနေကြတယ် ။
လင်မယား ပြတ်စဲချင်လို့ လင်ဖြစ်သူက အိမ်ပေါ်က
ဆင်းသွားပြီး ၃နှစ် တိတိ အဆက်အသွယ်လဲ မလုပ်
အထောက်အပံ့လဲ မပေးတဲ့အခါ စွန့်ပစ်မှု မြောက်တယ် ။
မယားဖြစ်သူက ပြတ်စဲချင်လို့ အိမ်ပေါ်က ဆင်းသွားပြီး
တစ်နှစ်တိတိ အဆက်အသွယ် မလုပ်ရင် စွန့်ပစ်မှု မြောက်တယ် ။
အရင်ခေတ်က စီရင်ထုံး တစ်ခုဖြစ်တဲ့ မညွှန့်နဲ့ မောင်စံသိန်း အမှုမှာတော့
စွန့်ပစ်တဲ့ အချိန်ကာလက သတ်မှတ်ကာလ ပြည့်ရင် အလိုလို
ပြတ်စဲတယ်လို့ ဆုံးဖြတ်ခဲ့တယ် ။
နောက်ပိုင်းမှာ အိမ်ထောင်ဘက် တစ်ဦးက ကွာရှင်းချင်လို့
အိမ်ပေါ်က တမင် ဆင်းသွားတယ် ။ ကျန်ရစ်သူက မကွာလိုဘူး
စတဲ့ ပြသနာနဲ့ စီရင်ထုံးတွေ အအမျိုးမျိုး ဖြစ်လာပြီးနောက်
မညွန့်နဲ့ မောင်စံသိန်း စီရင်ထုံးကို ပယ်ဖျက်ခဲ့ပြီး ဒေါ်ခင်ပု နှင့်
ဒေါက်တာသာမြ ၁၉၄၉ မတစ လွှတ်တော် စီရင်ထုံးနဲ့ အစား
ထိုးခဲ့တယ် ။
အဲဒီ စီရင်ထုံးအရ အိမ်ထောင်ဘက် တစ်ဦးတစ်ယောက်က
စွန့်ပစ်ခဲ့ရင် သတ်မှတ်ကာလစေ့ ရောက်တဲ့အခါ
စွန့်ပစ်ခံရသူက ကွာလိုတဲ့ ဆန္ဒရှိရင် ကွာရှင်းခွင့်
တောင်းနိုင်တာ ဖြစ်ပါတယ် ။
၃ ။ ဒုတိယ မယားယူမှု
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေမှာ ဗုဒ္ဒဘာသာဝင် ယောက်ျားတစ်ဦးက
မယားတစ်ယောက်ထက် ပိုပြီး ယူနိုင်တယ် ဆိုပြီး ခွင့်ပြုထားတယ် ။
ဒါပေမဲ့ ပထမ မယားရဲ့ ခွင့်ပြုချက် မပါဘဲ ယူခဲ့ရင် မယားက
ကွာရှင်းခွင့် တောင်းနိုင်တယ်လို့ ပြဌာန်းထားပါတယ် ။
သို့ပေမဲ့ ၃၁ . ၈ . ၂၀၁၅ မှာ အသစ် ပြဌာန်းလိုက်တဲ့
တစ်လင်တစ်ယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေအရ
ယောကျ်ားတွေက မယားရဲ့ ခွင့်ပြုချက် ရှိရှိ မရှိရှိ
နောက်ထပ် မယားတစ်ယောက် ထပ်ယူလို့ မရတော့ပါဘူး ။
အသစ်ထွက်တဲ့ ဥပဒေဟာ ဥပဒေဟောင်းကို လွှမ်းမိုးတယ် ဆိုတဲ့
ပြဌာန်းချက်အရ ဥပဒေသစ်ရဲ့ တားမြစ်ချက်တွေကို လိုက်နာရပါမယ် ။
ဥပဒေ မထွက်ခင်က ယူထားသူတွေ အပေါ်တော့ မသက်ရောက်ပါဘူး ။
တလင်တမယား ဥပဒေအရ နောက်တစ်ယောက် ထပ်ယူမယ်
ဆိုရင်တော့ ထောင်ဒဏ် ၇နှစ်နဲ့ ငွေဒဏ်ကို ကျခံရမှာ ဖြစ်ပါတယ် ။
၄ ။ လင်ဖြစ်သူရဲ့ ဖောက်ပြန်မှု
ဖောက်ပြန်မှုဆိုတာ နောက်ထပ် မယားတစ်ယောက်ကို
လက်ထပ်တာမျိုး မဟုတ်ပဲ တခြား မိန်းမတစ်ဦးနဲ့
ဖောက်ပြန်တာကို ခေါ်ပါတယ် ။ လင်ရဲ့ ဖောက်ပြန်မှုကို
မြန်မာ့ဓလေ့ထုံးတမ်းမှာ ကွာရှင်းခွင့် မပေးနိုင်ဘူးလို့
ဆုံးဖြတ်ထားပါတယ် ။
ဒါပေမဲ့ အသစ်ပေါ်တဲ့ တစ်လင်တစ်မယားစနစ်
ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေမှာ တရားဝင် မယားတစ်ဦး
ရှိရဲ့သားနဲ့ နောက်တစ်ဦးနဲ့ တရားမဝင် နေထိုင် ပေါင်းသင်းတာကို
ကျူးလွန်ရင် ထောင်ဒဏ် ၇နှစ်နဲ့ ငွေဒဏ်ကျခံရမှာ ဖြစ်တဲ့အတွက်
မကွာပေးလဲ Go to Jail ပါပဲ ။
၅ ။ လည်ဆည်မှု တွေပဲ ဖြစ်ပါတယ် ။
ကြီးလေးသော အိမ်ထောင်ရေးပြစ်မှုမှာ ၂မျိုး ရှိတယ် ။
၂ခုလုံးက ကွာရှင်းခွင့် ရနိုင်တယ် ။
- ကြီးလေးသော ရက်စက်မှု ( ရက်စက်မှုမှာ မကြာခဏ ကိုယ်ခန္ဓာ ကို ၊
အသက်ကို ၊ ကျန်းမာရေးကို အန္တရာယ် ဖြစ်အောင် ပြုလုပ်တာမျိုးလို့
ဖွင့်ဆိုထားတယ် ။ အသက်အန္တရယ် ဖြစ်လောက်အောင် မကြာခဏ
ရိုက်တာမျိုး ၊ မကြာခဏ နှိပ်စက်ညှဉ်းပမ်းတာမျိုးပေါ့ )
ဒါကတော့ အပေါ်က လင်ရဲ့ ဖောက်ပြန်မှု အတိုင်းပါပဲ ။
သူက ကွာရှင်းခွင့် ရနိုင်ပေမဲ့ တလင်တစ်မယား ဥပဒေအရလည်း
ပြစ်မှုပြစ်ဒဏ် ညှိစွန်းနိုင်ပါတယ် ။
Credit ( ဥပဒေရေးရာ )
Related Posts
"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...
လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...