"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။

ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီးမှာ ဒီပုဒ်မတစ်ခုပဲပြင်တယ်။ ပြစ်ဒဏ် တိုးတယ်။ 

မြန်မာနိုင်ငံမှာ ပုဒ်မ (၄၁၇)နဲ့ ပတ်သက်လို့သမိုင်းကြောင်းရှိပါတယ်။

ပုဒ်မ (၄၁၅)ပြဌာန်းချက်။ (လိမ်လည်မှု)

(၁) လူတစ်ယောက်ကိုလှည့်ဖြားပြီး ပစ္စည်းတောင်းယူရင်လိမ်လည်မှု။

(၂) လူတစ်ယောက်ကို တမင်လှည့်ဖြားလိုက်လို့ ထိုသူရဲ့ကိုယ်၊ စိတ်၊ ဂုဏ်သရေ၊ ပစ္စည်းကိုပျက်စီး၊နစ်နာ၊ အန္တရာယ်ဖြစ်စေရင်လိမ်လည်မှုတဲ့။

ပုဒ်မ-၄၁၆ သူတစ်ပါးအယောင်ဆောင်၍လိမ်လည်မှု

ပြစ်ဒဏ် (၃)နှစ်၊ ငွေဒဏ်၊နှစ်ရပ်စလုံး၊ (ပုဒ်မ-၄၁၉)

ပုဒ်မ-၄၁၇ ရိုးရိုးလိမ်လည်မှု၊ ပြစ်ဒဏ်(၁ နှစ်၊ ငွေဒဏ်၊ နှစ်ရပ်စလုံး)

ပုဒ်မ-၄၂ဝ ပစ္စည်းပေးအပ်စေရန် လိမ်လည်မှု(၇ နှစ်+ငွေဒဏ်)

ဥပမာများ

(က) ဝန်ထမ်းယောင်ဆောင်၍ငွေတောင်းခြင်း။

(ခ) ပစ္စည်းအတုကိုအစစ်ဟုပြော၍ရောင်းခြင်း၊ ပေါင်နှံခြင်း။

(ဂ) မြေဂရန်အတုနှင့် မြေကွက်ရောင်းခြင်း။

(ဃ) မိမိမပိုင်သောမြေကို၊ မိမိမြေဟုလိမ်ပြော၍ရောင်းခြင်း။

(င) သူတစ်ပါးယောင်ဆောင်၍လိမ်ခြင်း၊ လူစားသွင်းခြင်း။

လိမ်လည်မှုများမှာ

ပုဒ်မ- ၄၁၇ က ရိုးရိုးလိမ်လည်မှု (၁)နှစ်

ပုဒ်မ- ၄၁၉ က သူတစ်ပါးယောင်ဆောင်လိမ်ရင် (၃)နှစ်

ပုဒ်မ- ၄၂၀ က ပစ္စည်းကိုလိမ်ယူရင် (၇)နှစ် ဆိုတာတွေ့ရတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ ပုဒ်မ -၄၁၇အရ တရားစွဲဆိုတဲ့အမှုတွေကို ပြန်ကြည့်တဲ့အခါ မိန်းကလေးက ယောက်ျားလေးအပေါ်ကို မိန်းကလေးရဲ့ကာမကိုလိမ်လည်ပြီးရယူသွားပါတယ် ဆိုပြီး တရားစွဲနေတဲ့အမှုတွေအများဆုံးတွေ့နေရတယ်။

မိန်းကလေးရဲ့ ဦးတိုက်လျှောက်လွှာထဲမှာ သူ့ကိုတရားခံယောက်ျားလေးက လက်ထပ်ယူပါမယ်လို့ ယုံကြည်အောင်ပြောလို့၊ လိုက်လျောပြီး အတူအိပ်ခဲ့ကြောင်း၊ နောက်ပိုင်းမှာမယူတော့တဲ့အတွက် သူ့မှာနစ်နာတဲ့အကြောင်း အဆိုပြုစွဲဆိုကြတာတွေ့ရပါတယ်။

ရာဇသတ်ကြီး ပြဌာန်းခဲ့တဲ့ (၁၈၆၁) ခုနှစ်ကစပြီး စီရင်ထုံးဖွဲ့ခဲ့တဲ့ အမှုတွေကို (LAW OF CRIMES)ဆိုတဲ့ စာအုပ်ကြီးထဲမှာ ပုဒ်မအလိုက်စုစည်းထားတယ်။ အမှုပေါင်း (၃) သောင်းလောက်ရှိတယ်။

(၁၈၆၁) ခုနှစ်ကစပြီး အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနိုင်ငံတို့က မှုခင်းတွေအားလုံးပါတယ်။ အဲဒီအထဲမှာ (၁၉၇၂) ခုနှစ်အထိ ပုဒ်မ-၄၁၇ (လိမ်လည်မှု)နဲ့ ပတ်သက်ပြီး ကာမကိုလိမ်လည်ရယူမှုဆိုတာမပါဘူး။ ဒီလိုအမှုမရှိဘူး။ကာမကို လိမ်လည်ရယူတာဟာ ပုဒ်မ-၄၁၇ အရ ပြစ်မှုကြောင်းမမြောက်ဘူး၊ ပြစ်မှုမဟုတ်ဘူးလို့တွေ့ရတယ်။ ဒီနိုင်ငံတွေမှာ နှစ်(၁၅၀)အတွင်း ပုဒ်မ-၄၁၇နဲ့ စွဲတဲ့အခြားအမှု(၅)မှုလောက်ဘဲရှိခဲ့တယ်။ အမှုတွေက 

(က) ဘွဲ့မရဘဲ ဘွဲ့ရပါပြောမှု၊

(ခ) လ္ဘက်ခြောက်အကောင်းဆိုပြီး လွှစာမှုန့်တွေပေးသွားမှု၊

(ဂ) ဘဏ်မှာငွေမရှိဘဲ ချက်လက်မှတ်ရေးပေးမှု၊

(ဃ) ဧည့်ခံပွဲမရှိဘဲ လိမ်ပြောလို့ အ၀တ်အစားကောင်း ၀တ်သွားမိတာ အရှက်ကွဲမှု၊

စတဲ့အမှုတွေလောက်ပဲတွေ့ရတယ်။ ကာမလိမ်ယူမှုမရှိခဲ့ဘူး။

သို့သော် မြန်မာနိုင်ငံမှာ ကာမလိမ်လည်ရယူမှုကို ရာဇ၀တ်ကြောင်း၊ ပုဒ်မ-၄၁၇ နဲ့ စွဲလာတာတွေ့ရတယ်။

(က) ၁၉၆၇ ခုနှစ် (မနုနှင့် ကိုကျင်ဝှက်)အမှုမှာ ကိုကျင်ဝှက်က အိမ်ဖော်မနုကို ယူပါမယ်ပြောပြီး အိပ်ခဲ့တယ်။ မနုကိုယ်၀န် (၅)လရှိတော့ အိမ်ပေါ်ကနှင်ချလို့ တရားစွဲတယ်။ တရားရုံးချုပ်က မနုဟာကာမပေးခဲ့ရလို့သူ့ရဲ့ကိုယ်၊ စိတ်၊ ဂုဏ်သရေကို ထိခိုက်စေရာရောက်တယ်။ ပုဒ်မ-၄၁၇ နဲ့ စစ်ဆေးသင့်တယ်လို့ ဆုံးဖြတ်တယ်။

(ခ) ဒါပေမဲ့ ၁၉၇၀ ခုနှစ် (မောင်ကြည်၀င်းအမှု)မှာ အမျိုးသားက လက်ထပ်ရန်ငြင်းဆိုခြင်းဟာ ပြစ်မှုမမြောက်ဘူး တရားမကြောင်းအရသာ အရေးဆိုသင့်တယ်လို့ တရားရုံးချုပ်က ဆုံးဖြတ်တယ်။

(ဂ) ဒါကြောင့် ကာမလိမ်လည်ရယူမှုဟာ ပုဒ်မ-၄၁၇ နဲ့ အကျုံးမ၀င်ဘူး။ ပစ္စည်းလိမ်လည်ရယူမှသာ လိမ်လည်မှု နဲ့ဆိုင်တယ်လို့ တရားရုံးများမှာ ဝိ၀ါဒ ကွဲလွဲခဲ့တယ်။

(ဃ) ၁၉၇၂ ခုနှစ်မှာ ဆုံးဖြတ်ခဲ့တဲ့ (မောင်သန်းထွန်းနှင့် မခင်နှင်းရီ) အမှုမှာ ကာမလိမ်လည်ရယူတာဟာ ပုဒ်မ-၄၁၇ နဲ့ ဆိုင်တယ်လို့ တရားရုံးချုပ်က စတင်ဆုံးဖြတ်ခဲ့တယ်။ 

အမှုဖြစ်ပုံက- မန္တလေးမြို့ မြဂုဏ်ရည်အထည်စက် မန်နေဂျာ မောင်သန်းထွန်းက ကျောင်းသူ မခင်နှင်းရီ (၂၁) နှစ်ကို ယူပါမယ်ကတိပေးတယ်။ဒါကိုယုံကြည်လို့ အတူအိပ်မိရာက ကိုယ်၀န်ရှိလာတယ်။ မောင်သန်းထွန်းက မယူတော့လို့ အပျိုရည်ပျက်ရတယ်၊ ဆိုပြီး ပုဒ်မ-၄၁၇ နဲ့တရားစွဲခဲ့တယ်။ တရားရုံးချုပ်အထိ ရောက်သွားတယ်။ တရားသူကြီး (၃)ယောက်ထိုင်တဲ့ ခုံရုံးက နှစ်ဖက်ရှေ့နေများအပြင် ဥပဒေပါရဂူများဖြစ်ကြတဲ့ ဒေါက်တာဧမောင်၊ ဦးကျော်မြင့်တို့ကိုပါ ရုံးသဟာရအဖြစ် ဖိတ်ကြားပြီး လျှောက်လဲချက်ကြားနာတယ်။ ထင်မြင်ချက်ရယူခဲ့ပါတယ်။ 

(မောင်သန်းထွန်း) ရဲ့ရှေ့နေ ဦးကံမြိုင်က “ကတိပြုပြီး ကတိပျက်ခြင်းဟာ ရာဇ၀တ်မှုမဟုတ်ကြောင်း ပုဒ်မ-၄၁၇ အရ လိမ်လည်မှုမှာ အကျုံးမ၀င်ကြောင်း” လျှောက်လဲတယ်။

နိုင်ငံတော်ရှေ့နေချုပ်ကိုယ်စား၊ အစိုးရရှေ့နေကြီး ဒေါက်တာ ဦးမျိုးထွန်းလင်း က “ရာဇသတ်ကြီး ပုဒ်မ-၄၁၅/ ၄၁၇ဟာ ပစ္စည်းနဲ့ပတ်သက်တဲ့ ပြစ်မှုအတွက်ပြဌာန်းထားတဲ့ ရာဇသတ်ကြီး၊ အခန်း (၁၇)မှာ ပါ၀င်ကြောင်း၊ လိမ်လည်မှုရဲ့ဥပမာများမှာလည်း ပစ္စည်းနဲ့ပတ်သက်ပြီးလိမ်လည်လှည့်ဖြားတဲ့ကိစ္စများကိုသာ ဖော်ပြထား ကြောင်း၊ ဒါကြောင့်လှည့်ဖြားပြီး အမျိုးသမီးရဲ့ ကာမကိုရယူခြင်းကြောင့် အမျိုးသားဟာရာဇ၀တ်မှု ကျုးလွန်ရာမရောက်ကြောင်း တင်ပြလျှောက်လဲခဲ့တယ်။

ရုံးသဟာယအဖြစ်လိုက်ပါခဲ့တဲ့ ဒေါက်တာဧမောင်က “ကာမကို ရယူစဉ်အချိန်က လှည့်ဖြားခဲ့ခြင်း ရှိ/မရှိ အပေါ်ချင့်ချိန်ပြီး ပြစ်မှုမြောက်/မမြောက်ဆုံးဖြတ်ရကြောင်း၊ မိန်းကလေးဟာ လှည့်ဖြားခြင်းခံရလို့ ကာမကိုပေး ခဲ့ရခြင်းဖြစ်ရင် ပဋိသန္ဓေမရှိပေမဲ့ ပုဒ်မ-၄၁၅ ရဲ့ ဒုတိယပိုင်းအရ အမျိုးသမီးကိုနစ်နာစေရာ ရောက်ကြောင်း” ထင်မြင်ချက်တင်ပြခဲ့ပါတယ်။

၁၉၇၂ ခုနှစ် မြန်မာနိုင်ငံစီရင်ထုံးစာမျက်နှာ (၂၃) မောင်သန်းထွန်းနဲ့ မခင်နှင်းရီအမှု မှာ တရားရုံးချုပ်က 

(က) ဥပဒေတစ်ရပ်ရဲ့ ပုဒ်မတစ်ခုကို အဓိပ္ပါယ်ကောက်ယူရာမှာ ထိုဥပဒေရဲ့ခေါင်းစည်းကို ဥပဒေပြဌာန်းရခြင်းရဲ့ရည်ရွယ်ချက်ခန့်မှန်းရာမှာ လမ်းညွှန်အဖြစ် အသုံးပြုနိုင်ကြောင်း၊

(ခ) သို့သော် ခေါင်းစည်းဟာ ဥပဒေပါစကားရပ်ရဲ့တစ်စိတ်တစ်ဒေသမဟုတ်ကြောင်း၊

(ဂ) ဥပဒေစကားရပ်များမှာ ရှင်းလင်းပြတ်သားနေရင် ခေါင်းစည်းများဟာ စကားရပ်ကို မလွှမ်းမိုးနိုင်ကြောင်း၊

(ဃ) ဥပမာများဟာလည်း ဥပဒေရဲ့ ဆိုလိုတဲ့အချက်အားလုံးမပါနိုင်ကြောင်း၊

(င) ဒါကြောင့် ပုဒ်မ-၄၁၅ ဟာ ပစ္စည်းနဲ့ပတ်သက်တဲ့ခေါင်းစည်းပါသောအခန်း အောက်မှာရှိပေမဲ့ ပစ္စည်းနဲ့ မပတ်သက် တဲ့ ပြစ်မှုနဲ့လုံး၀အကျုံးမ၀င်လို့ မဆိုနိုင်ကြောင်း၊

(စ) ဒါကြောင့် လက်ထပ်မယ်လို့လှည့်ဖြားပြီး ယုံကြည်လို့ကာမပေးခဲ့ရတဲ့ အမျိုးသမီးမှာ (ကိုယ်၀န်ရှိရှိ/မရှိရှိ) ကိုယ်၊ စိတ်၊ ဂုဏ်သရေနစ်နာကြောင်း၊

(ဆ) ဒါကြောင့် ရာဇသတ်ကြီး ပုဒ်မ-၄၁၇ လိမ်လည်မှုမြောက်ကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီအချိန်ကစပြီး တရားရုံးတွေမှာ မိန်းကလေးက ယောက်ျားလေးအပေါ် ကာမလိမ်လည်ရယူသွားပါတယ်ဆိုပြီး ပုဒ်မ-၄၁၇နဲ့စွဲဆိုမှုတွေများလာခဲ့ပါတယ်။ ဒီအမှုတွေကို အမျိုးသမီးရေးရာနဲ့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တွေက စိတ်၀င် စားကြပါတယ်။ တရားရုံးကို ၀င်ရောက်လမ်းညွှန်ကြပါတယ်။(ယောက်ျားလေးတွေနာပီ)

ဒီလိုတရားစွဲဆိုခံရပြီဆိုရင် များသောအားဖြင့် ယောက်ျားလေးဟာ အပြစ်ပေးခံရတာများပါတယ်။ ပြစ်ဒဏ်သက်ညှာအောင်၊ ထောင်ဒဏ် (၁)နှစ်မကျအောင် ယောက်ျားလေးဘက်က မိန်းကလေးကိုနစ်နာကြေး ဘယ်လောက်ပေးပါမယ်၊ ကြေအေးပေးပါလို့လိုက်လံပြီး ညှိနှိုင်းကြရတယ်။ မပြေလည်ရင်တော့ တရားရုံးများက ယောက်ျားလေးကို ထောင်ဒဏ်ချ တတ်ပါတယ်။

အခုပြင်ဆင်လိုက်တဲ့ ရာဇသတ်ကြီးပြင်ဆင်တဲ့ဥပဒေအရ ပုဒ်မ-၄၁၇ ဟာ ထောင်ဒဏ် (၁)နှစ် မဟုတ်တော့ဘဲ (၃)နှစ်ဖြစ်သွားပါပြီ။ ယောက်ျားလေးများအတွက် အထူးစိုးရိမ်စရာဖြစ်လာပါတယ်။

ကိုဖြူ ။ ။ ပြစ်ဒဏ်တိုးသွားတာရဲ့ အကျိုးသက်ရောက်မှုပြောပြပါဆရာ။

ယူတီကေ ။ ။(က) အမှုတစ်ခုမှာ မိန်းကလေးက ဆိုင်ကယ် ကယ်ရီ ကောင်လေးအပေါ် ပုဒ်မ-၄၁၇ နဲ့စွဲတယ်။ အမိန့်မချမီပြင်ပညှိနှိုင်းကြတော့ (၅)သိန်းလျော်လိုက်ရတယ်။

(ခ) ဒီမိန်းကလေးကပဲ ကွမ်းယာဆိုင်က ဒုတိယကောင်လေးအပေါ် တရားစွဲတော့ကောင်လေးက (၂)သိန်းခွဲလျော်လိုက်ရတယ်။

(ဂ) အခုတတိယကောင်လေး (မြေတူးသမား)အပေါ် တရားစွဲထားတယ်။ ဒီပြင်ဆင်ချက်ဥပေဒေမပြဌာန်းခင်က (၁)သိန်းကျော်ကျော် နဲ့ ညှိနှိုင်းထားတာ။

(ဃ) ပြင်ဆင်ချက်ထွက်လာတော့ မိန်းကလေးဘက်က(၁၀)သိန်းအထိ တိုးပြီးတောင်းနေတယ်ဗျ။

(င) မြေတူးသမားလေးကတော့ ဒီပစ္စည်းမျိုးဟာ လက်ပြောင်းလက်လွှဲ(လူ)များလာလေလေ၊ စျေးလျော့ သွားလေဖြစ်ရမှာလို့ ပြောနေလေရဲ့။

ကိုဖြူ ။ ။ မိန်းကလေးက ယောက်ျားလေးအပေါ် အတည်ယူပါမယ်ပြောပြီး ကျောရုံကြံသွားရင်ကော၊ ပုဒ်မ-၄၁၇နဲ့ ယောက်ျားလေးက၊ မိန်းကလးကို တရားစွဲလို့မရဘူးလားဆရာ။ ယောက်ျားလေးခမျာမှာလည်း လူပျိုရည်လဲပျက်၊ ကိုယ်စိတ်နှစ်ပါးလည်းဆင်းရဲသွားရှာတယ်လေ။ ဒီကောင်လေးမှာကိုယ်၀န်ရှိမသွားပေမယ့် လူပျိုစစ်စစ် ဂုဏ်သရေပျက်သွားရှာတယ်။ ရှက်လွန်းလို့ မအိပ်နိုင်မစားနိုင် လူတောမတိုးရဲဖြစ်နေရှာတယ် ဆရာရေ။ သနားစရာလေးပါဆရာ။

ယူတီကေ ။ ။ ၂၀၀၈ ခြေဥ ပုဒ်မ -၃၄၇/၃၄၈ မှာတော့ ကျား၊မ တန်းတူအခွင့်အရေးရှိရမယ်။ ဥပဒေအရ အကာ အကွယ်ကိုလည်း တန်းတူရပိုင်ခွင့်ပေးရမယ်။ ခွဲခြားမှုမရှိစေရလို့ ရေးထားတာပဲ။

ရေးသားသူ UTK (စိတ်၊ လိပ်၊ ဓါတု၊ ဥပဒေ)

 
Credit-OriginalUploder
 

Related Posts

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

အိမ်မြေတိုက်ခန်း အ၀ယ်ထပ်လျှင် ရပိုင်ခွင့်

အိမ်မြေတိုက်ခန်း အ၀ယ်ထပ်လျှင် ရပိုင်ခွင့်

"ဝယ်စဉ်ကတော့ ကျွန်မခင်ပွန်းအမည်နဲ့ဝယ်ထားတာပါ။ကျွန်မတို့ကနယ်မှာ တာဝန်ကျ တော့၊ အဲဒီမြေကွက်ကို ပြန် မကြည့်ဖြစ် ခဲ့ဘူးပေါ့။ အခု ခင်ပွန်းသည် ကွယ်လွန်မှ အဲဒီမြေ ကွက်ကို သွားကြည့်ဖြစ်တော့တယ်။ ကျွန်မတို့ဝယ်ထားတယ်ဆိုတဲ့ မြေကွက်မှာ အိမ်လေးတစ်လုံး တွေတာနဲ့ စုံစ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate