မြေပိုင်ဆိုင်မှု (၁-က)စာရင်း (I.A) အကြောင်း။

မြေပိုင်ဆိုင်မှု (၁-က)စာရင်း (I.A) အကြောင်း။

မြေပိုင်ဆိုင်မှု (၁-က)စာရင်း (I.A) အကြောင်း။

မြေစာရင်းဌာနမှာ (၁-က) စာရင်း (I.A) ဆိုတာ မြေပိုင်ဆိုင်မှု အချက်အလက် မှတ်တမ်းတွေကို မှတ်ပုံတင်စာရင်း တစ်ခုနဲ့ ထိန်းချုပ် ထားတာကို ခေါ်တာပါ။ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနနဲ့ မြို့တော်စည်ပင်မှာတော့ TLR (Town Land Roll) လို့ ခေါ်ပါတယ်။ မြို့မြေရာ စာရင်းလို့ မှတ်ယူနိုင်ပါတယ်။

မြို့ကွက်အတွင်းက မြေကွက် တစ်ကွက်ချင်း၊ ဦးပိုင် တစ်ခုချင်းရဲ့ မြေရာဇဝင် မှတ်တမ်း ဖြစ်ပါတယ်။ မြေကွက်ပိုင်ရှင်တွေကို ဦးပိုင်အမှတ်တွေနဲ့ ခွဲခြား မှတ်တမ်းတင်ရပါတယ်။ တစ်ဦး တစ်ယောက်တည်းရဲ့ ပိုင်ဆိုင်မှု တစ်ဆက် တစ်စပ်တည်း တည်ရှိပြီး လုပ်ကိုင်ခွင့် တစ်မျိုးတစ်စားတည်း ဖြစ်တဲ့ မြေတွေကို ဦးပိုင်တစ်ခုလို့ သတ်မှတ်တာ ဖြစ်တဲ့အတွက် ပိုင်ဆိုင်မှု မတူရင်ဘဲ ဖြစ်ဖြစ်၊ ပိုင်ဆိုင်မှု တူသော်လည်း လုပ်ကိုင်မှု၊ မြေအသုံးချမှု မတူရင် ဖြစ်ဖြစ် ဒါမှမဟုတ် တစ်ဆက်တစ်စပ်တည်း မဟုတ်ရင် ဖြစ်ဖြစ် ဦးပိုင် ကွဲသွားပါတယ်။

မြို့ကွက်တွေ အကွက်သစ် တိုင်းတဲ့အခါ ကွင်းတစ်ကွင်း ပြန်လည် တိုင်းတာပြီးရင် ဦးပိုင် ခွဲဖို့အတွက် ဦးပိုင် စုံစမ်း သတ်မှတ် ခွဲခြားခြင်း (tenure enquire) လုပ်ကြပါတယ်။ မြို့မြေမှာ တစ်ဦးတည်းက ပိုင်နေတဲ့ မြေကွက်တွေ ဖြစ်ပေမဲ့ အိမ်ရာမြေအဖြစ်သုံးနေတဲ့ အစိတ်အပိုင်းက ဦးပိုင် တစ်ခု၊ ဆွမ်းလောင်းရုံအဖြစ် သုံးနေတဲ့ မြေကွက်နဲ့ ဝပ်ရှော့ ဖွင့်ထားတဲ့ မြေကွက်တွေက ဦးပိုင် တစ်ခုစီနဲ့ ခွဲခြား သတ်မှတ်ပေးရ ပါတယ်။ အဲဒီလို ဦးပိုင် သတ်မှတ်ပြီးတဲ့ အခါမှာ ပိုင်ဆိုင်ခွင့်တွေ ခွဲခြားရတယ်။ ပိုင်ဆိုင်ခွင့်တွေ၊ လုပ်ကိုင်ခွင့်တွေ I.A မှာ မှတ်တမ်း တင်ရပါတယ်။

ပိုင်ဆိုင်ခွင့် (tenure) ဆိုတာကို ဘယ်လို သတ်မှတ် ထားသလဲ၊ လုပ်ကိုင်ခွင့် (status) အမျိုးအစားတွေက ဘာတွေ ရှိသလဲ၊ လုပ်ကိုင်တဲ့ အခြေအနေ (description) ဆိုတာ ဘာတွေလဲ ဆိုတာကို သိဖို့ လိုအပ်ပါတယ်။ အဲဒီ ပိုင်ဆိုင်ခွင့်၊ လုပ်ပိုင်ခွင့်၊ အခြေအနေ ဆိုတာတွေ သိမှသာ တစ်နည်း ဆိုရရင် မြေစာရင်း ဌာနရဲ့ မြေကွက် ပိုင်ဆိုင်မှု စာရင်း (record of possession) ခေါ်တဲ့ ဦးပိုင် မှတ်ပုံတင်စာရင်း (1-A) ပုံစံတွေကို သဘောပေါက် နားလည်မှသာ (I-A) ပါ ပိုင်ဆိုင်မှု အမျိုးအစားကို မှန်မှန်ကန်ကန် အဓိပ္ပာယ် ဖွင့်ဆိုနိုင်မှာ ဖြစ်ပါတယ်။

ပိုင်ဆိုင်ခွင့် (tenure) ဆိုတာကို I-A မှာ အောက်ပါအတိုင်း အမျိုးအစား ခွဲထားပါတယ်။

(၁) အပိုင်ရထားမြေ၊ ဘိုးဘွားပိုင်မြေကို O၊ အချို့အရပ်မှာ B၊

(၂) မြေပိုင်အခြေအနေရရှိတဲ့ (လယ်ဝယ်ထားရှိပိုင်ခွင့်ရှိသော) မြေကို C

(၃) အပိုင်ဂရန်ရထားမြေကို G

(၄) အငှားဂရန်မြေကို L

(၅) လိုင်စင်မြေကို H

(၆) အခွင့်မရဘဲ ဝင်ရောက် ကျူးကျော် နေထိုင်တဲ့ squarter ကို A လို့ ဖော်ပြ သတ်မှတ်ပါတယ်။

လုပ်ကိုင်ခွင့် (status) အခြေအနေကို ခွဲခြားရာမှာ...

(၁) သီးစားနှင့် ကိုယ်တိုင် ပိုင်ဆိုင် လုပ်ကိုင်သူကို O၊

(၂) လွှဲပြောင်းအပေါင်ခံ လက်ရောက် ရရှိသူများကို M လို့ ခွဲပါတယ်။

လုပ်ကိုင်မှု အခြေအနေ (description) ကို သုံးမျိုး ခွဲခြားထားပါတယ်...

(၁) စိုက်ပျိုးမှု မလုပ်ကိုင်ဘဲ မြေပေါ် နေသူ R

(၂) နေလည်း မနေ၊ လုပ်လည်း မလုပ်သူ N

(၃) စိုက်ပျိုး လုပ်ကိုင်သူ AG လို့ ခွဲခြားသတ်မှတ် ဖော်ပြထားပါတယ်။

အချို့နေရာတွေမှာ "န"တွေနဲ့ ပြတာလည်း ရှိပါတယ်။ အထက်က ဖော်ပြခဲ့သလို I.A မှာ ပိုင်ဆိုင်မှု၊ လုပ်ကိုင်မှုများ သတ်မှတ်ထားတဲ့ အင်္ဂလိပ် သင်္ကေတတွေအပြင် မြန်မာအက္ခရာနဲ့ သင်္ကေတတွေ ရှိသေးတာကိုလည်း တွေ့ရတတ်ပါတယ်။ မြို့ကွက်တွေမှာ သိပ်မတွေ့ရပေမဲ့ တောကွင်းတွေမှာ တွေ့ရလေ့ရှိပါတယ်။ O တွေ၊ B, M, G L, H တွေ ဖော်ပြထားတဲ့ I.A တွေ ရှိသလို ပိုင်ဆိုင်မှု (tenure) ကို (က)၊ (၀)၊ (ရ) တွေနဲ့ ဖော်ပြတဲ့ I.A တွေလည်း ရှိပါသေးတယ်။

အဲဒီလို မြန်မာသင်္ကေတ တွေကို I.A စာရင်းက ပိုင်ဆိုင်မှုပြ (tenure) ခေါင်းစဉ်အောက်မှာ တွေ့ရတဲ့အခါ I.A မှာ B, O, C, H, A, M စသဖြင့်သာ ရေးသွင်း အညွှန်းပြတာ တွေ့နေကျ ကြောင့်ပါ။ ဒီလိုမြန်မာ သင်္ကေတတွေ I.A မှာ ရှိလာရခြင်းဟာ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေးလုပ်ငန်းကြောင့် ဖြစ်လာ ရတာပါ။ လယ်/နိုင်လုပ်ငန်းဆောင်ရွက် တဲ့အခါ တစ်ဦးတစ်ယောက်တည်းက ပိုင်နေတဲ့ ဧက ၅၀ အထက် လယ်မြေတွေ၊ ၂၅ ဧကအထက် ယာမြေတွေကို အစိုးရက သိမ်းယူပြီး မြေယာ ချို့တဲ့နဲ့ မြေမဲ့ယာမဲ့တွေကို တစ်တုံးထွန်စီ ပြန်ဝေပါတယ်။

ဒါပေမဲ့ ၁၉၅၃ ခုနှစ် လယ်/နိုင် ဥပဒေက လယ်ယာမြေဆိုတိုင်း သိမ်းယူခံရတာ မဟုတ်ဘဲ သိမ်းယူခြင်းကနေ ကင်းလွတ်ခွင့် ပြုခဲ့တဲ့ မြေတွေလည်း ရှိပါတယ်။ ဥပဒေ အာဏာတည်စဉ် ရွာဖြစ်နေတဲ့ နေရာတွေ၊ သာသနာ အဆောက်အအုံ အသုံးပြုနေတဲ့ မြေတွေ၊ ဧက ၅ဝ အောက် လယ်၊ ၂၅ ဧကအောက် ယာမြေ စသဖြင့်ပေါ့။ အဲဒီမြေတွေကို မသိမ်းပါဘူး။ သိမ်းတဲ့ လယ်ယာမြေတိုင်း ကိုလည်း ပေးခဲ့တာ မဟုတ်ပါဘူး။ အဲဒီရွာမှာ ဝေမရလို့၊ ဝေဖို့ မလိုအပ်လို့၊ လယ်ပိုင်ရှင်ကိုယ်တိုင်က စွန့်လွှတ်လို့ အစိုးရဆီ ပြန်အပ်မြေတွေ ရှိပါသေးတယ်။ အဲဒီ မြေမျိုးကို ပြန်လည် ဝေငှခြင်း မပြုဘဲ အစိုးရမြေလို့ သတ်မှတ်လိုက်တဲ့မြေလို့ ခေါ်ပါတယ်။ လယ်/နိုင် ဆောင်ရွက်တာက တစ်နိုင်ငံလုံး ဆောင်ရွက်မပြီးစီးခဲ့ပါဘူး။ အခက်အခဲတွေ၊ ပြဿနာတွေမျိုးစုံ တွေ့ရတာကြောင့် ၁၉၅၇ ခုနှစ်လောက်မှာ လယ်/နိုင် လုပ်ငန်း ဆက်မဆောင်ရွက်နိုင်ဘဲ ရပ်ဆိုင်းသွားရ ပါတယ်။

သို့ပေမဲ့ လယ်/နိုင် ဆောင်ရွက်ပြီးခဲ့တဲ့ ဒေသတွေမှာ (၁-က) စာရင်းပုံစံကို မြေစာရင်းပုံစံ-၂ နဲ့ ရေးသွင်းရမယ့်အစား မြေစာရင်း ပုံစံ ၂-က နဲ့ ပြောင်းလဲ ရေးသွင်းစေခဲ့ပါတယ်။ လယ်/နိုင် လုပ်ပြီးဒေသအတွက် I.A ပုံစံသစ် ဖြစ်ပြီး လယ်/နိုင် မလုပ်ရသေးတဲ့ ဒေသတွေအတွက် ကတော့ မူရင်း I.A ပုံစံကို ဆက်အသုံးပြု ရပါတယ်။ အဲဒီလို လယ်/နိုင် လုပ်ပြီး ဒေသက I.A ပုံစံသစ်မှာ မြန်မာလို ရေးသွင်းချက်တွေကို အောက်ပါအတိုင်း ရေးသွင်းဖို့ ညွှန်ကြားခဲ့တဲ့ အတွက် I.A တချို့မှာ မြန်မာသင်္ကေတတွေ တွေ့ရခြင်း ဖြစ်ပါတယ်။

* "က" ကင်းလွတ်ခွင့်ပြုသည့် လယ်ယာမြေများ၊

* "ဝ" ဝေငှသည့် လယ်ယာမြေများ၊

* "ခ" နိုင်ငံတော် အလိုရှိသည့်အတိုင်း သုံးစွဲနိုင်သည့် မြေရိုင်းကို လယ်ယာ စိုက်ပျိုးလုပ်ငန်းလုပ်ခွင့် သို့တည်းမဟုတ် အခြားနည်းဖြင့် သုံးစွဲခွင့်ပြုထား သည့်မြေ၊

* "ရ" လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ ပုဒ်မ ၅ အရ သိမ်းယူပြီး ဝေငှခြင်း မပြုနိုင်သဖြင့် ကျန်ရှိသည့် မြေနှင့် နိုင်ငံတော်အစိုးရထံ ပြန်အပ်မြေများ။

I.A မှာ အင်္ဂလိပ်စာလုံး သင်္ကေတတွေနဲ့ မျက်စိယဉ်နေရာက ခုလို မြန်မာ သင်္ကေတတွေ တွေ့တဲ့အခါ "ဝ" လုံးက ဘာလဲ၊ "ရ" ကောက်က ဘာလဲ။ "က" ကြီးကို ဘယ်လို ယူဆရမှာလဲ ဆိုပြီး ဇဝေဇဝါ ယောင်တောင်တောင် ဖြစ်တတ်ပါတယ်။ အမှန်ကတော့ လယ်/နိုင်လုပ်ငန်း ဆောင်ရွက်ခဲ့တဲ့ ကွင်းတွေ၊ ဧရိယာတွေ မှာသာ အဲဒီ မြန်မာသင်္ကေတတွေ ရှိခဲ့ပါတယ်။

ရန်ကုန် တောင်ပိုင်းခရိုင်တို့၊ ကျောက်ဆည်ခရိုင်တို့မှာ အများဆုံး တွေ့လေ့ရှိပါတယ်။ လယ်/နိုင် လုပ်ငန်းကလည်း ၁၉၅၇ လောက်မှာ ရပ်သွားတော့ “လန” မလုပ်ရသေးတဲ့ ကျန်ဒေသ နေရာတွေမှာ ရှေးက သတ်မှတ်ထားတဲ့ အင်္ဂလိပ်စာလုံး သင်္ကေတများသာ I.A မှာ ရှိပါတယ်။ ပြီးတော့ အထူးသိစေလိုတဲ့ အချက်ကတော့ လယ်/နိုင်လုပ်ငန်း ဆောင်ရွက်တယ် ဆိုကတည်းက လယ်ယာမြေကို သိမ်းယူခြင်း၊ ပြန်လည် ဝေငှခြင်း၊ ကင်းလွတ်ခွင့်ပေးခြင်း ဆောင်ရွက်တာ ဖြစ်လို့ လ/န ဆောင်ရွက်ခဲ့တဲ့ မြေဆိုတာ လယ်ယာမြေသာ ဖြစ်ပါတယ်။ မြို့မြေ မပါပါဘူး၊ တောမြေသာ ဖြစ်တယ်ဆိုတာ သိဖို့ပါ။

မြို့တွေ၊ ရွာတွေက ချဲ့ချဲ့လာတော့ကာ လက်ရှိ မြို့ကွက်တွေ ထဲက I.A မှာ ဒီလို “ဝ"တွေ၊ “က”တွေ၊ “ရ"တွေ၊ "ခ"တွေ တွေ့ပြီ ဆိုရင် ၁၉၅၃ ခုနှစ်က လယ်/နိုင် လုပ်ခဲ့တဲ့မြေ၊ တစ်နည်း ပြောရရင် အဲဒီမြေဟာ ၁၉၅၃ လယ်/နိုင် ကာလတုန်းက လယ်ယာ မြေသာ ဖြစ်ခဲ့တယ် ဆိုတာ အသိဝင်ဖို့ပါ။ ဒီမြေတွေကို ဂရန် တန်းပေးလို့ မရပါဘူး။ "ဝ"လုံးကို O (အို) လို့ သွားမထင်ပါနဲ့။ လယ်/နိုင်လုပ်ပြီး ဒေသတွေအတွက် I.A မှာ ရေးသွင်းရမယ့် ညွှန်ကြားချက်တွေကို ကြေး/မြေ မင်းကြီးရုံးက ညွှန်ကြား သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။

မြေပိုင်ဆိုင်မှု (၁-က) စာရင်း (I.A) အကြောင်း သိရှိနိုင်ရန် ဆရာဦးဇော်မင်း (နတ်မောက်) ၏ မြေယာစီမံခန့်ခွဲရေးနှင့် မြေအသုံးချရေး စာအုပ်မှ ထုတ်နှုတ်ကာ တင်ပြခြင်း ဖြစ်ပါတယ်။

မျိုးမင်းထွန်း

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲ

အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲ

မြေဝယ်ချင်ပါတယ်။ အမည်ပေါက်မှန်မမှန်ဘယ်လိုသိနိူင်မလဲဆရာ။ ကိုယ်တိုင်ဆောင်ရွက်လို့ရပါသလား။ ရပါတယ်။ ဝယ်ချင်တဲ့ မြေခြံနဲ့ ပက်သက်ပြီး YGN, MDY ဆို မြို့တော်စည်ပင်၊ နယ်ဆို ထွေအုပ်နဲ့ မြေစာရင်း စတဲ့ နေရာတွေမှာ ကိုယ်ဝယ်ချင်တဲ့ ပါမစ်၊ဂရမ်၊...

စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား

စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား

စာချုပ်စာတမ်းများကို မှတ်ပုံတင်ရန်လိုကြောင်း ပြောနေကြပါသည် ။ စာချုပ်တိုင်းကို မှတ်ပုံတင်ရန် လိုပါ သလား ။ ဘယ်ရုံးမှာ မှတ်ပုံတင်ရမလဲ ။ စာချုပ်စာချုပ်ရုံးဆိုတာ ဘယ်ရုံးကို ပြောတာပါလဲ ။===================စာချုပ်စာတမ်းတွေကို မှတ်ပုံတင်ရန် လိုအပ်ပါတယ်။ လိုတ...

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲ

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲ

'မြေဂရန်အမည်ပေါက်ရ အောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာ သိချင်လို့ပါ ဆရာ''''အကိုက မြေကွက်ဝယ်ထား လို့လား''''ဟုတ်ကဲ့ ဆရာ၊ အိမ်ကတော့ ပျဉ်ထောင်အိမ်လေးတော့ပါတယ် ပြောတယ်။ မြေကွက်က ဂရန်မြေ ကွက်ဆိုတော့ ဝယ်ထားရင်ကောင်း မလားလို့''''ဂရန် ဓာတ်ပုံမိတ္တူ ပါမလာဘူး လား'''...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate