တလင် တမယား ဥပဒေ အကြောင်း တစေ့တစောင်း

တလင် တမယား ဥပဒေ အကြောင်း တစေ့ တစောင်း၂၀၁၅ ခုနှစ်က စတင်ထုတ်ပြန် လာသည့် တလင် တမယား စနစ်ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ ထွက်ပေါ် လာပြီးနောက် အမှုဖွင့် တိုင်ကြားသူ မနည်း ရှိနေခဲ့ ပါသည် ။ အိမ်ထောင်ရှင် များနှင့် မိသားစုများ အကြား အငြင်း ပွားဖွယ် ဖြစ်နေသည့် တလင် တမယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေသည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့က အစိုးရကို တိုက်တွန်းကာ ရေးဆွဲ စေခဲ့သည့် မျိုးစောင့် ဥပဒေ ၄ ရပ် အနက် တခု အပါအဝင် ဖြစ်သည် ။
ဘာသာခြား လူမျိုး များကို ဖိနှိပ်လို၍ ပြဋ္ဌာန်း သည်ဟု ဝေဖန် ကန့်ကွက်မှု များစွာ ရှိနေသော ယင်း ဥပဒေကို အိမ်ထောင်ရှင်များ ဖောက်ပြန်မှု မရှိစေရေး ရည်ရွယ် တားမြစ်သည့် အနေဖြင့် ထုတ်ပြန် သည်ဟု အစိုးရက အကြောင်းပြချက် ပေးထားသည်။
သို့ဖြစ်ရာ ဥပဒေ ထုတ်ပြန် ခဲ့ပြီး ၂ လအတွင်း အိမ်ထောင်ဖက် အချင်းချင်း အပြန်အလှန် တိုင်ကြားမှုများ ရှိလာပြီး အမျိုးသမီးများ ဘက်မှ တိုင်ကြားမှုက ပိုမိုများပြား လာခဲ့သည် ။
တိုင်ကြားသူ အများစုမှာ ဗုဒ္ဓ ဘာသာဝင်များ ဖြစ်ကြ ပါသည် ။ ရန်ကုန်မြို့ နေ မရွှေ ( အမည်လွဲ ) က အိမ်ထောင်ဖက်၏ ဖောက်ပြန်မှုကို မခံမရပ်နိုင် ဖြစ်သဖြင့် တလင် တမယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေဖြင့် ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားခဲ့
သည် ။“ကျမ တိုင်လိုက်တယ် ။ ဒါပေမယ့် သူနဲ့ ရထားတဲ့ ကိုယ်ဝန် ရှိနေပြီ ဆိုတော့ ကလေးကို ငဲ့ညာပြီး အမှုပြန် ပိတ်ပေးဖို့ လုပ်နေ ရပြီ ။
ပိတ်လို့ရ မရတော့ မသိဘူး ။ သူကလည်း နောင် မလုပ်တော့ ပါဘူးလို့ တောင်းပန်တယ် ။ ဥပဒေကတော့ ကောင်းတယ် လို့မြင်ပါတယ် ။ သူ့မိဘ တွေကို အရင်က ကျမ သွားပြောရင် နင့်ဘာသာ နင်ရှင်း ဆိုတဲ့ ပုံစံမျိုးပေါ့ ။ အခုမှ သူတို့သား အကြောင်း သိလာလို့ ကျမအပေါ် အမြင် ပြောင်းလာတယ် ”ဟု ဂျာနယ် တခုတွင် ဖတ်လိုက် ရသည် ။
အဆိုပါ ဖြစ်စဉ်သည် ခင်ပွန်းမှာ ယာဉ်နောက်လိုက် တဦးဖြစ်ပြီး အိမ်၌ အဝတ် လျှော်ရန် ငှားထားသည့် အသက် ၂၉ နှစ် အရွယ် တခုလပ် အမျိုးသမီးနှင့် ဖောက်ပြန်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခင်ကလည်း တကြိမ် ဖောက်ပြန်ခဲ့ ဖူးကြောင်း ၊ ယခု အကြိမ်သည် ဒုတိယ အကြိမ်ဖြစ်ပြီး လက်ပူး လက်ကြပ် မိခဲ့သဖြင့် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည် ။ တလင် တမယား ဥပဒေသည် ရဲအရေးပိုင်တာ ဖြစ်သည့် အတွက် အာမခံ ပေးလို့ မရပါဘူး ။
စက်တင်ဘာ ၁ ရက်က စတင် အသက် ဝင်ခဲ့သော တလင် တမယားစနစ် ဥပဒေတွင် လင် နှင့် မယား တဦးအပေါ် တဦး သစ္စာရှိစွာဖြင့် သာယာချမ်း မြေ့သည့် အိမ်ထောင် တည်ဆောက် နိုင်စေရန် ၊ အမျိုးသမီးများ တရားမဝင် မယားအဖြစ် ရောက်ရှိခြင်းမှ ကာကွယ်ရန် ၊ အိမ်ထောင်ဖက် တဦးထက် ပိုယူ ခြင်းကြောင့် ဖြစ်ပွား နိုင်သည့် အိမ်ထောင်ရေး ပြဿနာ နှင့် အိမ်ထောင်ရေး မှုခင်းများကို တားဆီးနိုင်ရန် နှင့် အမျိုးသား ၊ အမျိုးသမီး များ၏ ကိုယ်ကျင့်တရား ပိုမို ထိန်းသိမ်း နိုင်စေရန် ရည်ရွယ် ပြဋ္ဌာန်းခြင်း ဖြစ်သည် ဟု ဖော်ပြ ထားပါသည် ။
ယင်း ဥပဒေအရ မြန်မာနိုင်ငံတွင် နေထိုင်သူ နိုင်ငံသားများသည် လည်းကောင်း ၊ နိုင်ငံသားများ နှင့် လက်ထပ်ထားသည့် နိုင်ငံခြား သားများသည် လည်းကောင်း အကျုံးဝင်မည် ဖြစ်သည် ။ ထို့အပြင် ထိုဥပဒေသည် ရဲအရေးပိုင် သည့်အမှု ဖြစ်ရာ အာမခံ မရနိုင်ဘဲ ပြစ်မှုထင် ရှားပါက တလင်တမယား ဥပဒေ ပုဒ်မ ၁၃ အရ ထောင်ဒဏ် ၇ နှစ် အထိ ချမှတ်နိုင်ပြီး ထိမ်းမြားမှုကို ထိန်ချန်၍ ထပ်မံလက်ထပ်ပါက တလင် တမယား ဥပဒေ ပုဒ်မ ၁၇ အရ ထောင်ဒဏ် ၁၀ နှစ် အထိ ချမှတ် နိုင်ကြောင်းနှင့် တိုင်ကြားသူ လင် သို့မဟုတ် မယားက ကွာရှင်း ပြတ်စဲ နိုင်ပြီး ပြစ်မှု ကျူးလွန်သူသည် တလင်တမယား ဥပဒေ ပုဒ်မ ၁၄ / ၁၅ အရ အိမ်ထောင်စုပိုင် ပစ္စည်းများကို ဆုံးရှုံးသွားပြီး အဝတ်တထည် ကိုယ်တခုဖြင့် အိမ်ပေါ်က ဆင်းရမည် ဖြစ်သည် ။
အဆိုပါ တလင် တမယား ဥပဒေ အချက် အလက်များ အရ မယား ပြိုင်ထားရှိမှု စနစ်ကို ကန့်သတ်ထားပြီး နောက်မယားမှ မွေးဖွားလာမည့် ကလေး၏ အခွင့်အရေး များလည်း ဆုံးရှုံးမည် ဖြစ်သည် ။ သို့ဖြစ်ရာ အိမ်ထောင်ဖက်ကို တိုင်ကြားပြီး နောက်ပိုင်းတွင် မိသားစု အတွင်း၌ နှစ်ဖက် မိသားစု အကြား ပြဿနာများ ၊ စီးပွားရေး ၊ လူမှုရေး ပြဿနာများ နှင့် သားသမီးရှိ နေပါက ၎င်းတို့၏ရှေ့ရေး အတွက် နောက်ဆက်တွဲ ပြဿနာများ ရှိနေသည်ကို တွေ့နိုင်ပါသည် ။
စိတ် အခန့်မသင့် မှုနှင့် မခံချင် စိတ်ကြောင့် “ တလင် တမယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာ ” ဥပဒေဖြင့် အမှုဖွင့်ခဲ့သူ အိမ်ထောင်ရှင်များ အနေဖြင့် မိသားစုများ အကြား ဆက်ဆံရေး ၊ ဂုဏ်သိက္ခာနှင့် တခြား နောက်ဆက် တွဲပြဿနာများ မည်ကဲ့သို့ ဖြေရှင်း မည်နည်း ဆိုသည့် မေးခွန်းများလည်း ယခုထိ ရှိနေပါ သေးသည် ။ တလင် တမယား စနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေသည် မယား တဦးထက် ပိုယူသည့် အခါ အိမ်ထောင်ခန်း ပြဿနာများ ဖြစ်ပွားပြီး ပဋိပက္ခ မကြာခဏ ဖြစ်ပွား လေ့ရှိသဖြင့် အတိုင်းအတာ တခုအထိ ငြိမ်းချမ်းစေရန် ရည်ရွယ်၍ ထောက်ခံခြင်း ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ထားသည် ။
လူ့ အခွင့်အရေး ဆိုင်ရာ လှုပ်ရှား သူများကမူ ယင်းဥပဒေသည် အိမ်ထောင်ရေးတွင် ဝင်ရောက် စွက်ဖက်နေသည့် သဘော သက်ရောက်နေပြီး နောက်မယား ဖြစ်သူ၏ အခွင့်အရေး နှင့် မွေးဖွားလာသည့် ကလေးဖြစ်သူ၏ အခွင့်အရေးများ ဆုံးရှုံးနေသည့် အပေါ် ထောက်ပြ ဝေဖန်ခဲ့ပြီး ယနေ့အထိ ကန့်ကွက် ရှုတ်ချနေဆဲ ဖြစ်သည် ။ အိမ်ထောင်ရေး ကိစ္စဆိုတာ မိသားစု ပြဿနာ ၊ ဒါကို အစိုးရ နဲ့ ဥပဒေက ဝင်စွက်ဖက် နေတဲ့ သဘောမျိုး ဖြစ်နေတာ ဟု သုံးသပ်သူ များလဲ ရှိပါသည် ။
တလင် တမယား စနစ် ကျင့်သုံး ခြင်းဆိုင်ရာ ဥပဒေသည် ရဲအရေးပိုင် သည့်အမှု ဖြစ်နေ ခြင်းကြောင့် ကာမပိုင် ယောက်ျား မိန်းမဖြစ် သူက တရား မစွဲသော်လည်း အခြားတယောက်မှ တရားစွဲခွင့် ရနေသည့် အတွက် ခြိမ်းခြောက် ငွေညစ်မှုများ ၊ မသမာမှုများ ဖြစ်လာ နိုင်ပါသည် ။ ထို့အပြင် ဥပဒေကို နားလည် ထားသည့် လူဆိုးဂိုဏ်းများ အတွက် ခြိမ်းခြောက် ငွေညစ်နိုင်ရန် အခွင့်အလမ်းပေးရာ ရောက်နေသည် ဟု ထောက်ပြ သူများလည်း ရှိသည် ။
မည်သို့သော အကြောင်းပြ ချက်များ ရှိစေကာမူ အသက်ဝင်နေပြီ ဖြစ်သည့် “ တလင် တမယား စနစ် ဥပဒေ ” အမှုကြီး ဖြစ်ပွားမှု စာရင်း တွင်လည်း “ သစ္စာ ဖောက်မှု” ဟူသည့် ခေါင်းစဉ်တခု တိုးလာသည့် အနေထားကို မြင်နေရသည့်အတွက် အများသူငှာ ဗဟုသုတ ရစေရန် အတွက် ရေးသားမျှ ဝေလိုက်ပါသည် ။
ကိုးကား…တလင် တမယား စနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေ / သတင်းစာ
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...