“GP / SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”

“ GP / SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ”
၁ ။ " အထူး ကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေ ကိုယ်စားလှယ်လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"
အိမ် ခြံ မြေ ရောင်းဝယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူး ကိုယ်စားလှယ်လွှဲစာ ( Special Power ) နဲ့
အထွေထွေ ကိုယ်စားလှယ်လွှဲစာ ( General Power ) တွေ လုပ်ဆောင်ရာမှာ နှစ်ဦးနှစ်ဖက် သတိထားသင့် ၊ သိထားသင့်တဲ့
အချက်တွေ ရှိကြောင်း အိမ် ခြံ မြေ အကျိုးဆောင် တချို့က ပြောပါတယ်။
အိမ် ခြံ မြေ ရောင်းဝယ်ရာမှာ တချို့ ဝယ်လက်တွေက အခွန်ရှောင်ချင်တဲ့အခါမှာ အရောင်းအဝယ်စာချုပ်နဲ့ တစ်ခါတည်း
လွှဲပြောင်း မချုပ်ဆိုကြဘဲ ဒီလို အထွေထွေ ကိုယ်စားလှယ်လွှဲစာတွေ ၊ အထူးကိုယ်စားလှယ် လွှဲစာတွေနဲ့သာ အလုပ်လုပ်ထား
ကြလေ့ ရှိပါတယ်။
အခွန် ရှောင်ချင်တဲ့ အတွက် ဒီလို အလွယ်တကူ လုပ်ထားပေမဲ့ တကယ်တမ်း မှာ သိထားရမယ့် အရေးကြီးတဲ့ အချက်တွေ
ရှိနေပါတယ်။
* အထူး ကိုယ်စားလှယ် လွှဲစာ ၊ အထွေထွေ ကိုယ်စားလှယ်လွှဲစာတွေ လုပ်ဆောင်ရာမှာ အကြီးအကဲ
( လွှဲပေးတဲ့သူ ၊ တစ်နည်းအားဖြင့် ရောင်းချသူ ပိုင်ရှင် ) ဟာ
- သေဆုံးခြင်း ( သို့မဟုတ် ) စိတ်ပေါ့သွပ်သွားခြင်းကြောင့် ဖြစ်စေ ၊
- ထောင်နှစ်ရှည် ကျလျှင်ဖြစ်စေ ၊
- ကြွေးမြီမှ ကင်းလွတ်စေရန် အတည်ဖြစ်လျက် ရှိတဲ့ ဥပဒေ တစ်ရပ်ရပ် အရ ကြွေးမဆပ်နိုင်တဲ့ လူမွဲစာရင်း ဖြစ်ကြောင်း
စီရင် ဆုံးဖြတ်ခြင်း ခံရခြင်းကြောင့် ဖြစ်စေ ၊
ဒီလို အကြောင်းတရားတွေကြောင့် အထူး ကိုယ်စားလှယ်လွှဲစာ ၊ အထွေထွေ ကိုယ်စားလှယ်လွှဲစာတွေဟာ ဆုံးခန်းတိုင်ပြီး
ပျက်ပြယ်သွားမှာ ဖြစ်ပါတယ် ။ ဒီအချက်တွေကို ပဋိညာဉ် အက်ဥပဒေပုဒ်မ ၂၀၁ မှာ အတိအလင်း ဖော်ပြထားကြောင်းလည်း
အိမ် ခြံ မြေ လောကမှာ နှစ်ပေါင်း ၃၀ နီးပါး အတွေ့အကြုံ ရှိထားတဲ့ ကြည်စိုး ( IC ) က ပြောပါတယ်။
ဒီလို ကိုယ်စားလှယ်လွှဲစာတွေ ပျက်ပြယ်ရတဲ့ အထက်မှာ ဖော်ပြခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုကို ဥပမာပြရရင်
လူတစ်ယောက်က အိမ်မြေ ပိုင်ရှင်တစ်ယောက်ဆီက သိန်း ၁၀၀ တန် အိမ် မြေကို အထူးကိုယ်စား လှယ်လွှဲစာနဲ့
စာချုပ်ချုပ်ပြီး ငွေချေ လိုက်ပါတယ် ။ နောက်တစ်နေ့မှာ အဲဒီရောင်းချလိုက်တဲ့ ပိုင်ရှင်က သေဆုံးသွားခဲ့တယ်ဆိုရင်
အဲဒီ အထူးကိုယ်စားလှယ်လွှဲစာက အကျုံးမဝင်တော့ဘဲ ပျက်ပြယ်သွားမှာမျိုး ဖြစ်ပါတယ် ။
ဒါ့ပြင်
- ဒီကိုယ်စားလှယ်လွှဲစာတွေကို စနစ်တကျနဲ့ ပြန်ရုပ်သိမ်းနိုင်ရင်လည်း ပျက်ပြယ်သလို
- ကိုယ်စားလှယ် ( ပိုင်ရှင် ) က ကိုယ်စားလှယ်လုပ်ငန်းကို ဆောင်ရွက်ရန် ငြင်းပယ်ခြင်းကြောင့် ဖြစ်စေ ၊
- ကိုယ်စားလှယ် လုပ်ငန်း ပြီးဆုံးခြင်းကြောင့် ဖြစ်စေ လည်း ပျက်ပြယ်ပါတယ် ။
*** ဒီကိုယ်စားလှယ်လွှဲစာတွေမှာ သက်တမ်းမရှိသလို စိတ်ပေါ့သွပ်နေသူနဲ့ အသက် ၁၈ နှစ်အောက်က လွဲပြီး
စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်ကာ ကြိုက်တဲ့သူကို လွှဲနိုင်ပါတယ် ။ ***
ဒါပေမဲ့ ဒီကိုယ်စားလှယ်လွှဲစာတွေဟာ လွှဲတဲ့သူရော ၊ အလွှဲခံတဲ့သူပါ သတိထားကြ ရမှာ ဖြစ်ပါတယ်။
အထူး ကိုယ်စားလှယ်လွှဲစာနဲ့ အထွေထွေ ကိုယ်စားလှယ်လွှဲစာမှာ
*** အထွေထွေ ကိုယ်စားလှယ်လွှဲစာဟာ အကန့်အသတ်မရှိ ပါဝါပေးတာဖြစ်ပြီး အလွှဲခံရသူ လုပ်သမျှ ၊ ဖြစ်သမျှ
ပြဿနာကို မူလပိုင်ရှင်ဟာ ရှောင်လို့မရတာကြောင့် ပေါ့ပေါ့ဆဆ မလုပ်သင့်ဘူး *** လို့ အကျိုးဆောင် တချို့က
ပြောပါတယ်။
အခုလို အချိန်အခါမှာ အိမ် ခြံ မြေ ရောင်းဝယ်ရာမှာ ကျင့်သုံးရမယ့်
အခွန်စနစ်ဟာ ဝယ်လက်တွေ အတွက် ခေါင်းခဲစရာ ဖြစ်နေပါတယ်။
ဒါကြောင့် ကိုယ်စားလှယ်လွှဲစာတွေကို ပိုအာရုံကျနေကြဖွယ်ရှိလို့
သတိထားသင့်တဲ့ အချက်တွေကို သိထားပြီးမှ အလုပ်လုပ်သင့်ကြောင်း အကျိုးဆောင် တချို့က အကြံပြုပါတယ် ။
အဆင့်ဆင့် လက်ဆင့်ကမ်း ဝယ်ယူလာကြပြီး နောက်ဆုံး ဝယ်ယူထားသူ အနေနဲ့
မူလပိုင်ရှင် ( သို့မဟုတ် ) GP / SP လွှဲအပ်ခံထားရတဲ့သူ ရှာမရခဲ့ဘူး ဆိုလျှင် သက်ဆိုင်ရာ တရားရုံးကနေ
အနိုင် ဒီဂရီ ရယူပြီး အဆိုပါ အနိုင်ဒီဂရီနဲ့ ဝယ်သူအမည်ပေါက် ( အမည်ပြောင်း ) လို့ ရပါသည်။
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...