"သက်သေ၏ မျက်ကွယ်တွင် ချုပ်ဆိုသော စာချုပ်များ ပျက်ပြယ်ခြင်း"

"သက်သေ၏ မျက်ကွယ်တွင် ချုပ်ဆိုသော စာချုပ်များ ပျက်ပြယ်ခြင်း"
အိမ် ခြံ မြေ တိုက်ခန်း အရောင်းအဝယ် စာချုပ် ၊ အပေါင် စာချုပ် ၊ ပေးကမ်းခြင်း စာချုပ် အပါအဝင် စာချုပ်အမျိုးမျိုး ချုပ်ဆိုကြရာ၌ အနည်းဆုံး အသိသက်သေနှစ်ဦးက သိရှိသူ အဖြစ် လက်မှတ်ရေး ထိုးကြရသည်။
တစ်ခါတစ်ရံတွင် စာချုပ်များကို အသိသက်သေများ ရှေ့၌ ချုပ်ဆို လက်မှတ်ရေးထိုးကြခြင်း မဟုတ်ဘဲ နောက်မှ အသိသက်သေများကို ဖြည့်စွက် လက်မှတ်ရေးထိုး ကြသည် လည်း ရှိသည်။
* ဥပဒေအရ စာချုပ်ချုပ်ဆိုသူ ကာယကံရှင်တို့၏ ရှေ့တွင် မဟုတ်ဘဲ မျက်ကွယ်၌ အသိသက်သေ လက်မှတ်ထိုးခြင်း
မှန်ကန်ပါက အဆိုပါ စာချုပ်သည် တရားမဝင် ပျက်ပြယ်မည် ဖြစ်သည် ။
* သက်သေခံ ဥပဒေပုဒ်မ-၇ဝ တွင် အသိသက်သေ လက်မှတ် ရေးထိုးထားသော စာတမ်း အမှတ်အသားကို ချုပ်ဆိုသူ ကိုယ်တိုင်က
ချုပ်ဆိုခဲ့ကြောင်း ဝန်ခံချက်သည် သက်သေ သာဓက ဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့ကြောင့် စာချုပ်ချုပ်ဆိုသူသည် စာချုပ် ချုပ်ဆိုခဲ့ကြောင်း ဝန်ခံရုံမျှဖြင့် မလုံလောက်ပေ ။
အသိသက်သေ လက်မှတ် ရေးထိုးထားသော စာတမ်း အမှတ်အသားကို ချုပ်ဆိုခဲ့ပါသည်ဟု ဝန်ခံမှသာ လုံလောက်သည့်
ဝန်ခံချက် ဖြစ်ပေသည်။
'' မောင်မိုးကြိုးပါ ၂ဦးနှင့် မောင်မင်းဒင် - ၁၉၂၇ ခုနှစ် အတွဲ ၅ ရန်ကုန်စီရင်ထုံး - စာမျက်နှာ ၅၆၁ '' တွင်
* ပေါင်နှံသူက စာချုပ် ချုပ်ဆိုကြောင်း ဝန်ခံသော်လည်း အပေါင်စာချုပ်ကို ဥပဒေနှင့်အညီ သက်သေများက မှန်ကန်ကြောင်း လက်မှတ် ရေးထိုးထားခြင်း မရှိလျှင် သက်သေခံ ဥပဒေပုဒ်မ - ၇ဝ အရ ယင်းစာချုပ်သည် တရားဝင် ဖြစ်မလာနိုင်ကြောင်း ညွှန်ပြထားသည် ကို တွေ့ရသည် ။ သို့ဖြစ်၍ စာချုပ် ချုပ်ဆိုရာတွင် ချုပ်ဆိုသူများ အနေဖြင့် အသိသက်သေတို့ ရှေ့တွင် ချုပ်ဆို လက်မှတ်ရေးထိုး
ကြရန် အထူး လိုအပ်ပေသည် ။
*'' ဦးစိုးအောင်နှင့် ဒေါ်ခင်ခင်လှပါ ၂ ဦး ( ကွယ်လွန်သူ ဒေါ် ဖွားသက်၏ တရားဝင် ကိုယ်စားလှယ်များ )
- ၂ဝဝဝ ခုနှစ် မြန်မာနိုင်ငံ စီရင်ထုံး ၊ စာမျက်နှာ ၇၃ အမှုမှာ
- တနင်္သာရီတိုင်း တရားရုံး၌ ဒေါ်ဖွားသက်က ဦးစိုးအောင် အပေါ် နေအိမ်နှင့် မြေအပိုင်ပေး စာချုပ်အား
ပယ်ဖျက်ပေးစေလိုမှု စွဲဆိုခဲ့သည်။
- တိုင်းတရားရုံးက ဒေါ်ဖွားသက် စွဲဆိုသောအမှုကို ပလပ်လိုက်သဖြင့် ဒေါ်ဖွားသက်က တရားရုံးချုပ်သို့ အယူခံ ဝင်ရောက်သည့်အခါ တရားရုံးချုပ်က တိုင်းတရားရုံး၏ စီရင်ချက်နှင့်ဒီကရီကို ပယ်ဖျက်ပြီး ဒေါ်ဖွားသက် စွဲဆိုသည့်အတိုင်း အနိုင်ဒီကရီ ချမှတ်ပေးခဲ့သည်။
- ယင်းအမိန့်ကို မကျေနပ်၍ ဦးစိုးအောင်က အထူး အယူခံ ဝင်လာခြင်း ဖြစ်သည် ။ အထူး အယူခံ တင်သွင်းထားစဉ် ဒေါ်ဖွားသက် ကွယ်လွန် သွားသဖြင့် ဒေါ် ခင်ခင်လှ တို့က ဒေါ်ဖွားသက်၏ တရားဝင် ကိုယ်စားလှယ်အဖြစ် ပါဝင်လာခြင်း ဖြစ်သည်။
အထူး အယူခံရုံးက သုံးသပ်ဆုံးဖြတ်သည်မှာ ဤအမှု သည်
- ထားဝယ်မြို့ ၊ မြို့မရပ်ကွက် ၊ အကွက် အမှတ် ၄၁ နှင့် ယင်းမြေပေါ် ရှိ အိမ်ကို ဒေါ်ဖွားသက်က တူဖြစ်သူ ဦးစိုးအောင်အား
အပိုင်ပေးကမ်းသည့် နေအိမ်နှင့် မြေအပိုင် ပေးကမ်းခြင်း စာချုပ်ကို ၂၃ . ၄ . ၉ဝ နေ့ စာချုပ်ဆိုခဲ့သည်။
- ဒေါ်ဖွားသက်က ၄င်းအား လိမ်လည်လှည့်ဖြား၍ စာချုပ် လက်မှတ်ရေးထိုးစေခဲ့ခြင်း ဖြစ်၍ ထိုစာချုပ်အား
ပယ်ဖျက်ပေးစေလိုမှုကို ဦးစိုးအောင် အပေါ်စွဲဆိုခြင်း ဖြစ်သည် ။
- မေတ္တာဖြင့် ပေးသော စာချုပ်တွင် အနည်းဆုံး အသိသက်သေနှစ်ဦးက လက်မှတ်ရေးထိုး မှသာ ထိုစာချုပ်သည် တရားဝင်မည် ဖြစ်သည် ။
- ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ ၃ တွင်
* မှန်ကန်ကြောင်း လက်မှတ်ရေးထိုးခြင်း ဆိုသည်မှာ စာချုပ်စာတမ်း တစ်ခုကို ချုပ်ဆိုခြင်းနှင့် စပ်လျဉ်း၍ သက်သေ ၂ ဦး
သို့မဟုတ် အများက ယင်း စာချုပ်စာတမ်းတွင် ချုပ်ဆိုသူ လက်မှတ်ရေးထိုးသည်ကို အသီးသီး မြင်တွေ့ပြီးနောက် ဖြစ်စေ ၊
စာချုပ်ချုပ်ဆိုသူက မိမိလက်မှတ် သို့မဟုတ် အမှတ်အသား မှန်ကန်ကြောင်း ဝန်ခံပြောသဖြင့် ဖြစ်စေ ၊
ယင်းသက်သေ အသီးသီးတို့က စာချုပ် ချုပ်ဆို သူတို့၏ရှေ့တွင် မှန်ကြောင်း ၊ ဝန်ခံ လက်မှတ်ရေးထိုးကြခြင်းကို
ဆိုလိုသည်ဟု အဓိပ္ပာယ်ဖွင့် ဆိုထားပေသည် ။
* မှန်ကန်ကြောင်း လက်မှတ်ရေးထိုးခြင်း အထမြောက်ရန်မှာ-
၁ ။ အနည်းဆုံး သက်သေနှစ်ဦး ရှိရမည် ။
၂ ။ သက်သေတိုင်းက စာချုပ်ချုပ်ဆိုသူ လက်မှတ်ရေးထိုးသည် ကို ဖြစ်စေ ၊ အမှတ်အသားပြုသည်ကို ဖြစ်စေ တွေ့မြင်ရမည် ။
သို့မဟုတ် စာချုပ်ချုပ်ဆိုသူက မိမိလက်မှတ် သို့မဟုတ် အမှတ်အသား ဖြစ်ကြောင်း ဝန်ခံပြောဆိုချက်ကို ကြားသိ၍
ဆောင်ရွက်ခြင်း ဖြစ်ရမည် ။
၃ ။ သက်သေတိုင်းက စာချူပ် ချုပ်ဆိုသူ၏ ရှေ့တွင် လက်မှတ်ရေးထိုးရမည် ဖြစ်ပေသည် ။
- ဒေါ်ဖွားသက်က အချင်းဖြစ် မြေနှင့်အိမ်ကို ဦးစိုးအောင်အား ပေးကမ်းသည့် စာချုပ်ချုပ် ဆိုကြောင်းနှင့် စာချုပ်တွင် ၄င်း လက်မှတ် ရေးထိုးသည်ကို ဝန်ခံသည် ။
သို့ရာတွင် စာချုပ်ပါ သက်သေလူကြီးများမှာ နောက်မှ ၄င်း၏ မျက်ကွယ်တွင် လက်မှတ်ရေး ထိုးခြင်းဖြစ်၍ တရားမဝင်ကြောင်း အဆို ပြုထားသည် ။
- သက်သေလူကြီးများကလည်း ဒေါ်ဖွားသက် ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခြင်း မဟုတ်ကြောင်း ဝန်ခံကြသည် ။
- ထိုအချက်ကို ဦးစိုးအောင် ကိုယ်တိုင်ကလည်း မငြင်းဆိုပေ ။
- စာချုပ်ကို မှတ်ပုံတင်ရာ တွင်လည်း အသိသက်သေလူကြီးများက မှတ်ပုံတင်ရုံးသို့ လိုက်ပါခဲ့ခြင်း မရှိပေ ။ သက်သေလူကြီးများ လက်မှတ်ရေးထိုးပြီး ဖြစ်၍ မှတ်ပုံတင်အရာရှိက တစ်ခါတည်း မှတ်ပုံတင်ပေးလိုက်သည် ဟု ဦးစိုးအောင်က ထွက်ဆိုသည် ။
- သက်သေခံ ဥပဒေပုဒ်မ ၇ဝတွင် အသိသက်သေ လက်မှတ် ရေးထိုးထားသော စာတမ်း အမှတ်အသားကို ချုပ်ဆိုသူ ကိုယ်တိုင်
ချုပ်ဆိုခဲ့ကြောင်း ဝန်ခံချက်ဟု ဖော်ပြထားရာ ၊ ချုပ်ဆိုသူက ချုပ်ဆိုခဲ့ကြောင်း ဝန်ခံရုံမျှဖြင့် မလုံလောက်ချေ ။ အသိသက်သေ ကိုယ်တိုင်ရှေ့တွင် လက်မှတ်ရေးထိုးထားသော စာတမ်း အမှတ်အသားကို ချုပ်ဆိုပါသည်ဟု ဝန်ခံမှသာ လုံလောက်သော
ဝန်ခံချက် ဖြစ်သည် ။
ယခုအမှုတွင်
- ပေးကမ်းခြင်း စာချုပ်ကို စာချုပ်ချုပ်ဆိုသူ ဒေါ်ဖွားသက်က အသိသက်သေများ၏ မျက်ကွယ်တွင် လက်မှတ်ရေး ထိုးခဲ့သည်။
- ဦးစိုးအောင်က ဒေါ် ဖွားသက် လက်မှတ် ဖြစ်ပါသည် ဟုပြောသည်ကို ယုံကြည်၍ သက်သေများက ဒေါ်ဖွားသက် မျက်ကွယ်တွင် လက်မှတ် ရေးထိုးပေးခဲ့သည်။
ထို့ကြောင့်
- သက်သေများသည် ဒေါ်ဖွားသက်က မိမိလက်မှတ် မှန်ကန်ကြောင်း ၊ ပြောဆိုသဖြင့် လက်မှတ်ရေးထိုးပေးခဲ့ခြင်း
မဟုတ်သည့် အပြင် စာချုပ်ချုပ်ဆိုသူ ဒေါ်ဖွားသက် ရှေ့၌ လက်မှတ်ရေးထိုးခြင်း မဟုတ်သဖြင့် ပေးကမ်းခြင်း စာချုပ်သည်
ပစ္စည်း လွှဲပြောင်းခြင်း အက်ဥပဒေ ပုဒ်မ ၃ပါ ပြဋ္ဌာန်းချက်များနှင့် မညီညွှတ်ကြောင်း တွေ့ရသည်။
* စာချုပ်ချုပ်ဆိုသူက စာချုပ်ချုပ်ဆိုခြင်းကို ဝန်ခံသော်လည်း ၊ စာချုပ်တွင် သက်သေများက မှန်ကြောင်း နည်းလမ်းတကျ
လက်မှတ် ရေးထိုးထားခြင်း မရှိလျှင် သက်သေခံ ဥပဒေ ပုဒ်မ - ၇ဝပါ ပြဋ္ဌာန်းချက် အရ ယင်းစာချုပ်အား တရားဝင် စာချုပ်
အဖြစ် လက်မခံနိုင်ပေ ။ *
သို့ဖြစ်၍
- ဒေါ်ဖွားသက် စွဲဆိုသည့် အတိုင်း နေအိမ်နှင့် မြေ အပိုင်ပေးကမ်းခြင်း စာချုပ်အား ပယ်ဖျက်စေလိုမှုကို
ခွင့်ပြုကြောင်း အမိန့်ချမှတ် ခဲ့ပေသည်။
အထက်ပါ ဥပဒေ အချက်အလက် ၊ စီရင်ထုံးများ အရ စာချုပ်စာတမ်းများ ချုပ်ဆိုရာတွင် သက်သေ အစုံအလင်ဖြင့်
စာချုပ် ချုပ်ဆို သူတို့ ရှေ့မှောက်၌ အားလုံး ချုပ်ဆို လက်မှတ်ရေးထိုး ၊ လက်ဗွေနှိပ်ခြင်းတို့ ပြုလုပ်မှသာ တရားဝင် စာချုပ်ဖြစ်မည် ဖြစ်ကြောင်း အကြံပြု ရေးသားလိုက်ပါသည် ။
Credit
Lawpot ကူးယူဖော်ပြပါသည်။
Credit ( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...