အပျောက်စနစ် နှင့် ဝယ်ထားသည့် တိုက်ခန်းများရှိသော မြေကို ဝယ်မည်ဆိုလျှင်

အပျောက်စနစ်နှင့် ဝယ်ထားသည့် တိုက်ခန်းများရှိသော မြေကို ဝယ်မည်ဆိုလျှင်
'' ကျွန်တော်က တိုက်ခန်းမှာ နေပါတယ် ။ ကျွန်တော့်ရဲ့ မျက်နှာချင်းဆိုင် အခန်းက မြေရှင်နေတယ် ။ မြေရှင်က သူနေတဲ့ အခန်းနဲ့အတူ မြေပါ ရောင်းချင်တယ်လို့ ပြောပါတယ် ။ ဝယ်မယ်ဆိုရင် ဘယ်လိုဆောင်ရွက်ရမယ် ဆိုတာ သိချင်လို့ပါ ဆရာ ''ဟု မိတ်ဆွေတစ် ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးခြင်း ဖြစ်ပါသည်။
'' အဲဒီ အဆောက်အအုံမှာ တိုက်ခန်း ဘယ်နှခန်း ရှိပါသလဲ ''
'' အိမ်ဟောင်း ဆိုတော့ အုတ်ညှပ် နှစ်ထပ်တိုက် ဖြစ်ပြီး မြေညီထပ် နှစ်ခန်းနဲ့ အပေါ်ထပ် နှစ်ခန်း စုစုပေါင်းလေးခန်း ရှိပါတယ် ''
'' အောက်ထပ်က လူတွေက အိမ်ငှားတွေလား ၊ အပျောက်နဲ့ ဝယ်ထားတဲ့ သူတွေပဲလား ''
'' ဟုတ်ကဲ့ အောက်ထပ် နှစ်ခန်းကလည်း အပျောက်စနစ်နဲ့ ဝယ်ထားတဲ့ သူတွေဆရာ ။ ဒါပေမယ့် မြေရှင်ကိုတော့ အိမ်လခ ပေးရတယ်''
'' မြေကို ဝယ်မယ် ဆိုတော့ မြေက ဘယ်လိုမြေ အမျိုးအစားလဲ ''
'' ဂရန်မြေလို့ ပြောပါတယ် ''
'' ဂရန်အမည်ပေါက်က ရှိသေးလား ၊ သူကိုယ်တိုင် ရောင်းမှာလား ''
'' အမည်ပေါက် အဘွားကြီးကတော့ ရှိသေးတယ် ။ နေမကောင်းတော့ မထနိုင်တော့ဘူး ။ အားလုံး ရောင်းပြီး အမွေခွဲတဲ့ သဘောပေါ့ ဆရာ ''
'' သားသမီးတွေက များလား ။ အရောင်းအဝယ် လုပ်ရင်းကိုင်ရင်းနဲ့ အဘွားကြီး ကွယ်လွန်သွားရင် အမွေခွဲဝေတာ မတည့်ဘဲ ဖြစ်တတ် တယ် ''
'' တိုက်ခန်းကို ဝယ်လိုက်လို့ လက်ရောက် ယူလိုက်ရင် လွယ်တယ်ဆရာ ။ မြေကိစ္စကတော့ ငွေကထပ်လိုက် ရမလို ဖြစ်နေတယ် ''
'' ဒါတော့ ဟုတ်တယ် ။ လောလောဆယ်မှာတော့ မြေကို ဝယ်လိုက်ရုံနဲ့ အခွင့်အရေး အမြတ်တော့ ချက်ချင်းရမှာ မဟုတ်ဘူး ''
'' သူငယ်ချင်းတစ်ယောက် ပြောတာကတော့ အခုကာလမှာ ခြောက်ထပ်အထိ တိုက်ခန်းတွေ ဆောက်ခွင့်ရတယ် ။ ၁၂ ခန်းထွက်လာ မယ် ။ ရှစ်ခန်း ပိုရမယ် ။ ကန်ထရိုက်နဲ့ ညှိပြီး ဆောက်ရင်တော့ အကျိုးအမြတ် ရနိုင်တယ်လို့ ပြောတာပဲ ဆရာ ''
'' စိတ်ကူးနဲ့ တွက်ချက်လိုက် ရင်တော့လည်း ၁၂ ခန်းကို ကန်ထရိုက် တစ်ဝက် ၊ ကိုယ်က တစ်ဝက်စီယူမယ် ဆိုရင် ခြောက်ခန်းစီရမယ်။ လက်ရှိ လေးခန်း နှုတ်လိုက်ရင် နှစ်ခန်းကျန်မယ် ။ ကန်ထရိုက်က ခြောက်ခန်းထဲမှ လျှော့ယူရင် တစ်ခန်းနှစ်ခန်း ပိုထွက်လာမယ် ။ ဒါ ဆိုရင် သုံးခန်း အနည်းဆုံး ရပြီး ပြန်ရောင်းနိုင်တယ် ။ ဒီလို တွက်ရင်တော့ ဟုတ်ပါတယ် ။ ဒါပေမယ့် ရင်းနှီးရမှာနဲ့ ပြန်ရမယ့် ငွေကို တော့ သေချာချင့်ချိန်ဖို့ လိုတယ် ''
'' ဟုတ်ကဲ့ ဆရာ ။ အဲဒါကြောင့် ဘယ်လို အဆင့်ဆင့် ဆောင်ရွက်ရမှာကို သိချင်လို့ပါ ။ အဲဒီလို မြေသက်သက်ပဲ ဝယ်တာမျိုး ရှိ သလား''
'' မောင်ရင်က တိုက်ခန်း လက်ဝယ် ရှိသေးတယ် ။ ပြီးတော့ ဝယ်လိုက်ရင် တိုက်ခန်း တစ်ခန်းထပ်ပြီး လက်ရှိဖြစ်လာမယ် ဆိုတော့ ပစ္စည်း လက်ဝယ် ရရှိထားတယ် ။ အချို့က အိမ်ငှားတွေနေတဲ့ တိုက်ခန်းကို ဖြိုပြီး ဆောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြေကိုပဲ သက်သက် ဝယ်တာမျိုး ရှိတတ်တယ် ။ အချို့လည်း အိမ်ငှားရှိတဲ့ အိမ် နဲ့ မြေ ကို ဝယ်တယ် ။ နောက်မှ အိမ်ငှားကို တရားစွဲ နှင်ချတာ မျိုးလည်း ရှိကြတယ် ။ စီးပွားရေးသမားတွေကတော့ တွက်ခြေကိုက်မယ် ထင်ရင် စွန့်စား ဆောင်ရွက်တတ်ကြတယ် ''
'' တိုက်ခန်း ဝယ်တာတော့ အခွန်မဆောင်ပဲ နေရင် ဖြစ်တယ် မဟုတ်လား ၊ ကျွန်တော် သိတာတော့ တိုက်ခန်းဝယ်တာ ဘယ်သူမှ
အခွန်ဆောင်တာတော့ မတွေ့ဘူး ဆရာ ''
'' မြေကတော့ တရားဝင် ဆောင်ရွက်မယ်ဆိုရင် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုဖို့
လိုတယ် ။ ဒါမှ ကိုယ်က တရားဝင် မြေပိုင်ဆိုင်ခွင့် ရှိလာပြီး ကျန်တဲ့ အောက်ထပ်က အိမ်ငှားတွေ အပေါ်မှာ အိမ်ရှင် မြေရှင် အဖြစ် ပြန်လည် ဆက်စပ်မှု ရှိကာ အိမ်လခ ကောက်ခံလို့ ရမှာ ဖြစ်တယ် ''
'' မြေကွက်ကို ဝယ်မယ်ဆိုရင်တော့ ဝယ်ခွန် ဆောင်ရမှာပေါ့ ''
'' ဟုတ်ပါတယ် ။ သက်ဆိုင်ရာ အခွန်အရာရှိကို မြေချည်းသက်သက် ဝယ်တယ် ဆိုတာကို ရှင်းပြဖို့ လိုတယ် ''
'' ဒါမှမဟုတ်ရင် အဆောက်အအုံ တစ်ခုလုံး ဝယ်ဆိုတာမျိုး ဖြစ်လာနိုင်တာပေါ့နော် ''
'' မှန်ပါတယ် ။ အဲဒီအချက်ကို သေချာအောင် အမြတ်ခွန် အရာရှိနဲ့ ဆွေးနွေးဖို့ လိုပါတယ် ''
'' ဟုတ်ကဲ့ ဆရာ ။ မြေတန်ဖိုး သတ်မှတ်ချက်ကတော့ သက်ဆိုင်ရာ တန်ဖိုးဖြတ် အခွန်အရာရှိတွေကပဲ သတ်မှတ် ပေးတာလား ''
'' ဟုတ်တယ် ။ သက်ဆိုင်ရာ အခွန်အရာရှိတွေက ကွင်းဆင်း စစ်ဆေးပြီး လမ်းအခြေအနေ မြေကွက်နေရာပေါ် မူတည်ပြီး သက်ဆိုင်ရာ က သတ်မှတ် ကြေညာထားတဲ့ မြေကွက်စံနှုန်းပေါ် မှာ မူတည်ဆုံးဖြတ်မှာ ဖြစ်ပါတယ် ''
'' မြေကွက်စံနှုန်းဆိုတာက ဘယ်လိုလဲ ဆရာ ''
'' ဘဏ္ဍာရေး ဝန်ကြီးဌာန ကနေပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ညှိနှိုင်းသတ်မှတ်ထားတဲ့ အိမ်မြေစံနှုန်း တွေကို နှစ်အလိုက် ကြေညာထားတာ ရှိတယ် ။ သက်ဆိုင်ရာအခွန် ဦးစီးဌာနရုံးတွေမှာ ကပ်ထားတယ် ။ အဲဒီနှုန်းထားတွေနဲ့ တန်ဖိုးဖြတ်အဖွဲ့က သတ်မှတ် တန်ဖိုးဖြတ်တာ ဖြစ်တယ် ''
'' အဲဒီ မြေတန်ဖိုးဖြတ် အပေါ် မှာ အခွန်ဆောင်ရမှာပေါ့နော် ''
ဟုတ်ပါတယ် ။ မြေအိမ်တန်ဖိုး သိန်းတစ်ထောင်ထက် ကျော်ရင်တော့ ဝယ်ခွန်အနေနဲ့ ဝင်ငွေရလမ်း မဖော်ပြနိုင်ရင် ၃ဝ ရာခိုင်နှုန်းထိ ချမှတ် ကောက်ခံ နိုင်ပါတယ် ။
'' ကျွန်တော်က နိုင်ငံခြားသင်္ဘော လိုက်နေတော့ အခွန်ပြနိုင်တာတော့ ရှိတယ် ဆရာ ''
'' ဝင်ငွေခွန် ဆောင်ထားတာရှိရင်တော့ နုတ်ပေးနိုင်တာပေါ့ ။ သက်သာတာပေါ့လေ ''
'' အဲဒါပြီးရင် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ အရောင်းအဝယ် စာချုပ်ချုပ်ဆိုရမှာ ဖြစ်ပါတယ် ။ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ အရောင်းအဝယ် စာချုပ် ချုပ်ဆိုမယ်ဆိုရင် ပထမဦးဆုံး သက်ဆိုင်ရာ မြို့တော်စည်ပင်သာယာရေး ကော်မတီ မြေယာဌာနမှာ မြေကွက် ရောင်းရန် ဆိုပြီး မြေပုံမြေရာဇဝင် ကူးယူရပါတယ် ။ အဲဒါရယ် အခွန် ဆောင်ထားတဲ့ ပြေစာရယ် ပူးတွဲတင်ပြပြီး အရောင်းအဝယ် စာချုပ်ကို မှတ်ပုံတင် ပြုလုပ် ချုပ်ဆိုရမှာ ဖြစ်ပါတယ် ''
'' မှတ်ပုံတင်ခ ပေးရသေးတယ်လို့ ပြောသံ ကြားဖူးတယ် ဟုတ်ပါသလား ''
'' ဟုတ်ပါတယ် ။ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ခ အဖြစ် တန်ဖိုး၏ ဝ.၅ ရာခိုင်နှုန်း ပေးသွင်းရပါတယ် ။ ပြီးရင် ရက်နှစ်ပတ်ခန့်
အကြာမှာ စာချုပ် မူရင်း ထုတ်ပေးပါတယ် ''
'' မြေကွက် အမည်ပြောင်းဖို့ ရှိမှာပေါ့နော် ''
'' မှန်ပါတယ် ။ အရောင်းအဝယ် မှတ်ပုံတင် စာချုပ်ရရင်တော့ မြို့တော်စည်ပင်သာယာရေး ကော်မတီ မြေယာဌာနမှာ မြေကွက်ပိုင်ရှင် အမည်ပေါက် လျှောက်ထားရပါတယ် ''
'' အဆင့်တွေ အတော်များတယ် ဆရာ ။ လောလောဆယ် တိုက်ခန်းပဲ ဝယ်ထားပြီး လက်ရောက် ယူထားရင် ဖြစ်တယ် မဟုတ်လား ''
'' ဖြစ်ပါတယ် ။ ဒါပေမယ့် မြေပါ ဝယ်မယ် စိတ်ကူးရင်တော့ မြေကွက် အမည်ပေါက် အဘွားကြီးသက်ရှိ ထင်ရှား ရှိချိန်မှာ လုပ်တာ အဆင်ပြေတယ် ။ ငွေလည်း လိုအပ်နေတယ် ဆိုတော့ စျေးသက်သာနိုင်တာပေါ့ ။ သူကွယ်လွန်သွားမှ သားသမီးတွေ အမွေဆက်ခံခွင့် လျှောက်တာနဲ့ အမွေခွဲဝေ ငွေမညီညွတ်လို့ အဆင်မပြေ ဖြစ်တတ်တယ် ။ ဒါကြောင့် မြေကိုပါ မြေကွက် အမည်ပေါက် ဝယ်မယ်လို့ စိတ်ကူးရင်တော့ သက်ရှိထင်ရှား ရှိနေစဉ်မှာ ဝယ်ပါလို့ တိုက်တွန်းချင်တယ် '' ဟု အကြံပြု ဆွေးနွေးလိုက်ပါသည် ။
Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)
Credit ( ဥပဒေရေးရာ )
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...