စာချုပ်ချုပ်မည် ဆိုလျှင် လက်ရောက်ပေးအပ်ပါသည် ဆိုသည့်ကိစ္စ

စာချုပ်ချုပ်မည် ဆိုလျှင် လက်ရောက် ပေးအပ်ပါသည် ဆိုသည့်ကိစ္စ
ငှားရမ်းသည် ဖြစ်စေ ၊ ပေါင်နှံသည် ဖြစ်စေ ၊ ပေးကမ်းသည် ဖြစ်စေ ၊ ရောင်းသည် ဖြစ်စေ ၊ လက်ရောက်ပေး အပ်မှုသည် ပါဝင်လာစမြဲ ဖြစ်သည် ။ ဥပမာ - အရောင်းအဝယ် ပြုသည် ဆိုပါက ဝယ်သူက ငွေကို ပေးချေပြီး ရောင်းသူက ပစ္စည်းကို ပေးအပ်မည် ဖြစ်သည်။
လက်ရောက် ပေးအပ်မှုနှင့် စပ်လျဉ်း၍ ယခု တင်ပြမည့် အကြောင်းအရာသည် ရွှေ့ပြောင်းနိုင်သော ပစ္စည်း အတွက် ဖြစ်ပါမူ ပြဿနာ ပေါ်ပေါက်စရာ မရှိဟု ဆိုရပါမည် ။ သို့သော် မရွှေ့ပြောင်းနိုင်သော ပစ္စည်းတွင်မူ ပြဿနာရှိနိုင်သည် ဖြစ်သောကြောင့် လက်ရောက် ပေးအပ်မှု ကိစ္စနှင့် ပတ်သက်၍ စာချုပ်များ ချုပ်ဆိုကြမည် ဆိုပါက သတိမူနိုင်ရန် အချက်တစ်ရပ် အနေဖြင့် တင်ပြလိုပါသည်။
စာချုပ် ချုပ်ရာတွင် စာတစ်လုံး၏ တန်ဖိုး မည်မျှ ခရီးပေါက်သည် ၊ မည်မျှ အရေးပါသည် ဆိုသည့် အချက်ကိုပါ တစ်ပါတည်း ဆင်ခြင်နိုင်ကြလိမ့်မည်ဟု မျှော်လင့်မိပါသည် ။
အိမ် နှင့် မြေ အရောင်းအဝယ် ပြုလုပ်သည့် ကိစ္စတစ်ရပ်ကို နမူနာ ပေးတင်ပြပါမည် ။ ထုံးစံ အတိုင်း စရန်ငွေ ပေးသော သဘောတူ စာချုပ်တစ်ခု ပြုလုပ်ကြပါသည် ။ ငွေအပြီး ပေးချေသောနေ့တွင် အပိုင်ရောင်းသူက အပိုင်ရောင်းသော အိမ် နှင့် မြေ ကို အပြီး လက်ရောက် ပေးအပ်ပါမည် ဟူသော သဘောတူညီချက် တစ်ရပ်ကိုလည်း စာချုပ်တွင် ထည့်သွင်း ချုပ်ဆိုကြရပါသည်။
စာချုပ်ပါ သဘောတူမှု အတိုင်း အပိုင်ဝယ်ယူသူက ငွေများ အရစ်ကျ ပေးသွင်းလာခဲ့ရာမှ နောက်ဆုံး ကျန်ရှိသော ရောင်းဖိုးငွေကို အပြီးအကျေ အပိုင်ရောင်းသူသို့ ပေးချေလာပါသည် ။ အပိုင်ရောင်းသူကလည်း မူလ ချုပ်ဆိုခဲ့ကြသည့် သဘောတူ ကတိစာချုပ်တွင် ဖော်ပြပါရှိထားသည့် အတိုင်း ငွေအပြေအကျေ ပေးချေသောနေ့ တွင် အိမ် နှင့် မြေကို အပိုင် ဝယ်ယူ လက်ဝယ်သို့ အပြီး လက်ရောက်ပြန်လည် ပေးအပ်ပါသည် ။
အပိုင်ဝယ်ယူသူသည် လက်ရောက် ပေးအပ်ခံရသော အိမ် နှင့် မြေ ရှိရာသို့ သွားရောက်သောအခါ နေအိမ်တွင် လူအချို့ နေထိုင်လျက် ရှိနေသည်ကို တွေ့ရပါသည် ။
ဤတွင် အပိုင်ရောင်းသူ နှင့် အပိုင်ဝယ်သူတို့ ပြဿနာ တက်ပါတော့သည် ။ အပိုင်ဝယ်ယူသူက အိမ် နှင့် မြေကို ၎င်းအား လက်ရောက် ပေးအပ်ခဲ့ခြင်း မရှိဟု အပိုင်ရောင်းသူအား စွပ်စွဲပါသည် ။ အပိုင်ရောင်းသူကလည်း အိမ် နှင့် မြေ ကို အပိုင်ဝယ်ယူသူသို့ လက်ရောက် လွှဲပြောင်း ပေးအပ်ပြီး ဖြစ်သည် ။ ထိုသို့ လက်ရောက်လွှဲပြောင်း ပေးအပ်ခဲ့သည့် အချိန်မှ အစပြု၍ ယခုအချိန်အထိ အိမ်နှင့် မြေသည် အပိုင်ဝယ်ယူသူ၏ လက်ဝယ်တွင် ရှိနေပြီ ဟုဆိုသည် ။
အပိုင်ရောင်းသူ၏ ထုချေချက် ဆိုလိုရင်းမှာ ၎င်းအနေနှင့် ရောင်းသော အိမ် နှင့် မြေမှ ဖယ်ရှားထွက်ခွာ ပေးခဲ့ပြီး ဖြစ်ကြောင်း ၊ ထို့နောက် အပိုင်ဝယ်ယူသူသို့ အိမ် နှင့် မြေ ကို လက်ရောက်ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း ၊ အိမ် နှင့် မြေတွင် လူအချို့ ကျန်ရှိခြင်းမှာ ၎င်းနှင့် မသက်ဆိုင်ကြောင်း ၊ ၎င်းအနေနှင့် စာချုပ်တွင် သဘောတူထား သည့်အတိုင်း လက်ရောက် ပေးအပ်ပြီး ဖြစ်ကြောင်း ထုချေခြင်း ဖြစ်သည်။
နေထိုင်သူများ၏ ပြောပြချက်အရ ၎င်းတို့သည် -- - - - - - - - - - အိမ်ငှား ဖြစ်ကြောင်း သိရပါသည်။
ဖော်ပြပါ ပြဿနာကို ပြန်လည် စမ်းစစ်ရာတွင် စာချုပ်ချုပ်စဉ်က ( ငွေကို အပြီးပေးချေချိန်တွင် အိမ် နှင့် မြေ ကို အပိုင်ဝယ်ယူသူသို့ အပြီး လက်ရောက် လွှဲပြောင်းပေးအပ်ရမည် ဖြစ်သည် ) ဟူသော နေရာတွင် ( ငွေကို အပြီးပေးချေ ချိန်တွင် အိမ် နှင့် မြေကို နေထိုင်သူ မရှိ ၊ အပိုင်ဝယ်ယူသူသို့ အပြီး လက်ရောက် လွှဲပြောင်း ပေးအပ်ရမည် ဖြစ်သည် ) ဟူ၍ မဖော်ပြ မချုပ်ဆိုမိခဲ့၍ အထက်ပါ အတိုင်း ပြဿနာ ဖြစ်ရခြင်း ဖြစ်သည် ဟူ၍ ဆိုရမည် ဖြစ်ပေသည် ။
( အညွှန်း - ဦးကျော်ဇေယျ ၊ စာချုပ် ချုပ်မည်ဆိုလျှင် ဆောင်ရန် ရှောင်ရန်များ ၊ စာ ၈၇ ) ။
Credit-OriginalUploder
Credit ( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...