အိမ် ခြံ မြေ ဝယ်ယူလိုသူများ သတိပြုစရာ ယုံလွယ်လျှင် အမှားဖြစ်တတ်သည့် အိမ် မြေ ဝယ်ယူခြင်း

အိမ် ခြံ မြေ ဝယ်ယူလိုသူများ သတိပြုစရာ ယုံလွယ်လျှင် အမှား ဖြစ်တတ်သည့် အိမ် မြေ ဝယ်ယူခြင်း
'' အိမ်ဆောက် နေလာတာ ၁ဝ နှစ်ခန့်ရှိမှ သူ့မြေပါ ဆိုပြီး ဖယ်ပေးဖို့ နို့တစ် ပို့တယ်ဆရာ ၊ အဲဒါ ဘာဖြစ်လာနိုင်ပါသလဲ '' ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် တိုင်ပင် ဆွေးနွေး လာပါသည် ။
'' အကြောင်းကြားစာ အရတော့ သူ့အမည်ပေါက် ပါမစ်မြေ လို့ ဆိုထားပါလား ''
'' ဟုတ်တယ် ဆရာ ''
'' ခင်ဗျားတို့ ဝယ်စဉ်က စာရွက်စာတမ်းတွေ သေချာ မစိစစ်ခဲ့ဘူးနဲ့ တူတယ် ''
'' တကယ်တော့ ကျွန်တော်တို့ကလည်း တစ်ဆင့် ဝယ်တဲ့ အိမ် ဖြစ်တယ် ''
'' ကဲ - ဖြစ်စဉ်လေး ပြောပြပါဦး ''
'' ကျွန်တော် ဝယ်စဉ်က ခြံစည်းရိုးက တစ်ခြမ်းပဲ ကာရံထားတယ် ။ ဒါပေမယ့် အိမ်သေးသေး တစ်လုံး ရှိတယ် ။ မီး ရှိတယ် ။ ရေ ကတော့ လက်တုန်ကင် လုပ်ပေးထားတယ် ။ ဒါနဲ့ အဆင်ပြေတယ် ဆိုပြီး ဝယ်ဖြစ်သွားတာပဲ ''
'' ဘေးပတ်ဝန်းကျင်မှာ အိမ်တွေ ရှိသလား ''
'' ညာဘက်ခြမ်း မှာတော့ အိမ်ရှိတယ် ။ လူတွေလည်း နေကြတယ် ။ ဘယ်ဘက်ခြမ်းမှာတော့ မြေကွက်လပ် အနေနဲ့ ရှိတယ် ။ အခု တော့ အိမ်တွေနဲ့ စည်ကားနေပါပြီ ''
'' အခုမှ လာပြီး သူ့မြေကွက်ပါ ။ ဖယ်ပေးပါ ဆိုပြီး နို့တစ် ပေးတာ မဟုတ်လား ။ ဒါကလည်း မကြာမကြာ ဖြစ်တတ်တဲ့ ပြဿနာ
တစ်ခုပဲ ''
'' အိမ်ဆောက်တုန်း ကလည်း ဘယ်သူမှ မကန့်ကွက်ခဲ့ဘဲနဲ့ အခုမှ လာပြီး သူ့မြေပါဆိုလို့ ဥပဒေက ခွင့်ပြုပါသလား ''
'' လောလောဆယ် စိတ်ကို တည်တည် ငြိမ်ငြိမ် ထားပြီး ကျွန်တော် မေးတာလေး ဖြေပေးပါ '' ဟု စာရေးသူက မိတ်ဆွေဖြစ်သူကို အေးဆေးစွာ ပြောလိုက်ပါသည် ။
'' ရုတ်တရက် စာရောက်လာတော့ စိတ်ထဲမှာ အတော် ရှုပ်သွားတယ် ''
'' မှန်ပါတယ် ။ ကျွန်တော် ခံစား မိပါတယ် ။ အခုဝယ်ထားတဲ့ မြေနဲ့ ပတ်သက်ပြီး ဘာစာရွက်စာတမ်း အထောက်အထား ရှိပါသလဲ ။ မြေဂရန် စာချုပ် ရှိသလား ''
'' ဂရန်တော့ မလျှောက် ရသေးဘူးဗျာ ။ သူတို့က ဒီမြေချပါမစ် ပြတယ် ။ ပြီးတော့ သူတို့ အဆင့်ဆင့် လက်လွှဲဝယ်ထားတဲ့ စာချုပ်
နှစ်ခု ပေးတယ် '' ဟု ဆိုပြီး စာရေးသူအား အရပ်စာချုပ် နှစ်ခုကို ပြသပါသည် ။
'' ဒီ အရပ်စာချုပ် တွေကတော့ အထောက်အထား တစ်ခုအဖြစ် တင်ပြနိုင်တာပေါ့လေ ။ အဓိက အချက်က အဲဒီမြေကွက်ရဲ့ ပါမစ် စာချုပ် ပါတယ် မဟုတ်လား ။ သူငယ်ချင်းပြတဲ့ အခု ဒီ ပါမစ်စာချုပ်က မိသားစုဓာတ်ပုံ လည်း မပါလာပါလား ''
'' ဟုတ်တယ် ။ ကိုယ်ဝယ်စဉ်က အမည်ပေါက် တိုက်ရိုက် မဟုတ်တော့ သူပေးတာပဲ ယူထားလိုက်တာ ''
'' အင်း - လွယ်လွယ်ကူကူ လုပ်တော့လည်း အမှား ပါတတ်တယ် သူငယ်ချင်း ။ ကိုယ့်အမြင်တော့ ဒီ ပါမစ်စာချုပ်က အတု ဖြစ်မယ် ထင်တယ် ။ မြေစာရင်းဌာနကို သွားမစုံစမ်းဘူးလား ''
'' အခု သွားစုံစမ်းတော့ နို့တစ် ပေးတဲ့ သူရဲ့ အမည်ပေါက်လို့ သိရတယ် ။ ဒါကြောင့် အတော် ထိတ်လန့် သွားတာ သူငယ်ချင်း ''
'' မိမိထံ ရောင်းသွားတဲ့ သူကို ဆက်သွယ်လို့ ရသေးလား ''
'' ၉ နှစ် ၁ဝ နှစ်လောက် ရှိပြီ ဆိုတော့ လိပ်စာလည်း မသိတော့ဘူး ။ ရောင်းစဉ်က အခု အိမ်လိပ်စာနဲ့ ရောင်းသွားတာ ဆိုတော့
ဘယ် ဆက်သွယ် ရမှန်းမသိတော့ဘူး ''
'' ဟုတ်ပြီ လေ ၊ ဥပဒေအရ ကျွန် တော်တို့ စဉ်းစားကြည့်တာပေါ့ ။ ပြီးတာတွေတော့ ပြီးခဲ့ပြီ ။ အိမ်လည်း ဆောက်နေခဲ့ပြီ ။ ဒီတော့ လက်ဝယ် ရှိနေပြီ ဆိုတဲ့အတွက် နည်းနည်းတော့ အခွင့်အရေး ရှိပါသေးတယ် ''
'' အချို့က ပြောတော့ ကျွန်တော် တို့က မူလပိုင်ရှင် ရှိမှန်း မသိလို့ ဝယ်မိတာ ဆိုရင် ဆင်းပေးရန် တာဝန်မရှိဘူး ဆိုတာ ဟုတ်ပါသလား''
'' အိမ်ကတော့ ကိုယ်ပိုင်ငွေ နဲ့ ဆောက်ထားတဲ့ အတွက် မိမိပိုင်အိမ် လို့ ပြောပိုင်ခွင့် ရှိပေမယ့် မြေက ပိုင်ရှင် အစစ်ထံက ဝယ်ယူခဲ့ခြင်း မဟုတ်လို့ ပိုင်ဆိုင်ခွင့်ရမှာ မဟုတ်ဘူး ''
'' တကယ်လို့ တရားစွဲဆိုလာရင် ဖယ်ပေးရမှာလား ''
'' ဒါနဲ့ ပတ်သက်လို့ ရှင်းအောင် ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်ခင်လှမူ နှင့် ဒေါ်စိန်စိန် ၂ဝဝ၃ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ - ၁ဝ၅ အမှုမှာ ပိုင်ရှင် လက်ရှိ ဝင်ရောက်နေထိုင်ခြင်း မရှိသေးမီ အခြားသူ ဝင်ရောက်၍ အိမ်ဆောက် နေထိုင်ခြင်းသည် ကျူးကျော် နေထိုင်ခြင်း ဖြစ်သည် ။ မြေပိုင်ရှင်က မြေကွက်ကို စွန့်လွှတ်သည်ဟု မဆိုနိုင်ကြောင်း ဆုံးဖြတ်ထားပါ တယ် ။ ဒါကြောင့် မြေကွက်ပိုင်ရှင်က အဆိုပါ မြေကွက်ကို စွန့်လွှတ်ထားကြောင်း အထောက်အထား ပြဖို့ လိုအပ်မှာ ဖြစ်ပါတယ်''
'' အိမ်က ဆောက်လုပ်ထားတဲ့ အတွက် အမှုရှုံးရင် အိမ်တန်ဖိုး ရနိုင်ပါသလား ''
'' ဒါကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ မူတည်မှာ ဖြစ်ပါတယ် ။ အမှုဖြစ်စဉ်က မတူညီတဲ့ အတွက် တစ်ထစ်ချတော့ မပြောနိုင် ဘူး သူငယ်ချင်း ၊ ဒါပေမယ့် သူငယ်ချင်းကို ရောင်းလိုက်တဲ့သူ အပေါ်မှာတော့ လျော်ကြေး တောင်းပိုင်ခွင့် ရှိမှာ ဖြစ်ပါတယ် ''
'' သူက လိပ်စာ ရှာမတွေ့ ဖြစ်နေတော့ အဆင်မပြေဘူး ''
'' ဒါကတော့ ကြိုးစား ရှာရမယ် ။ မဖြစ်ရင် တရားစွဲဆို ရမယ် သူငယ်ချင်း ''
'' မဖြစ်တော့ဘူး ဆိုရင်တော့ ပွဲစား လုပ်ပေးတဲ့ သူက တစ်ဆင့် ရှာရမှာပဲ ''
'' သူငယ်ချင်းရဲ့ အရောင်းအဝယ် ကတိစာချုပ်မှာ အရှုပ်အရှင်း ပြဿနာ တစ်စုံတစ်ခု ရှိလျှင် ပြေလည်သည် အထိ ဆောင်ရွက်ပေး
ပါမည် ။ ပြေလည်ခြင်း မရှိပါက ဝယ်သူကို နစ်နာမှု မရှိစေရန် ပေးလျော်မည်လို့ ဖော်ပြထားတဲ့ အတွက် တရားစွဲဆို တောင်းပိုင်ခွင့်
ရှိပါတယ် ''
'' အခုကိစ္စက အရောင်းအဝယ် ထပ်တဲ့ သဘော မဟုတ်ဘူးလား ''
'' အရောင်းအဝယ် ထပ်တယ် ဆိုတာက ပစ္စည်းပိုင်ရှင်က ၎င်းပိုင်မြေ နဲ့ အိမ်တို့ကို တစ်ဦးထံ ရောင်းချလိုက်မယ် ။ ဝယ်သူက ဝင်မနေဘဲ ကာလအကြာမှာ အိမ်မြေ ပိုင်ရှင်က အခြားတစ်ဦးကို ထပ်ရောင်းတာမျိုး ဖြစ်တယ် ''
'' ပိုင်ရှင် တစ်ဦးတည်းက နှစ်ခါ ရောင်းတဲ့ သဘောပေါ့ ''
'' ဟုတ်ပါတယ် ။ ဒီလို ကိစ္စမျိုးမှာလည်း လက်မဲ့ဖြစ်သူက ရောင်းသူ အပေါ် ဝယ်ဈေးအပြင် နစ်နာကြေးပါ ရထိုက်တယ်လို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးအဘူနှင့် ဒေါ်ကမာလ် ဇံပါ ( ၄ ) ၊ ၁၉၉၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ - ၁၁၈ အမှု မှာ ဆုံးဖြတ်ထားပါတယ် ။ ဒါကြောင့် ဥပဒေနဲ့အညီ နစ်နာကြေး ရပိုင်ခွင့် ရှိပါတယ် ''
'' ယုံလွယ်ရင် အမှား ဖြစ်တတ်တယ် ဆိုတာ သဘောပေါက်သွားပြီ ။ အမှန်တော့ ဝယ်စဉ်ကတည်းက စာရွက်စာတမ်း မှန် မမှန် သေချာ လေ့လာရမှာ ''
'' မှန်ပါတယ် ။ အိမ် ခြံ မြေ ဆိုတာက အမျိုးမျိုး ရှိတယ် ။ ဥယျာဉ်ခြံ မြေ ၊ ပါမစ် မြေ ၊ ဂရန်မြေ ၊ လယ်ယာ မြေ စသဖြင့် ရှုပ်ထွေး တယ် ။ ဒီအပေါ်မှာ အခွင့်အရေးယူပြီး အမြတ်ထုတ်တဲ့ သူတွေလည်း ရှိကြတယ် ။ ဒါကြောင့် ဘယ်သူမဆို အိမ် မြေ ဝယ်မယ်ဆိုရင် နားလည် တတ်ကျွမ်းသူတွေ နဲ့ သေချာ လေ့လာစုံစမ်းပြီးမှ ဝယ်သင့်တယ် သူငယ်ချင်း '' ဟု ဆွေးနွေးလိုက်ပါသည် ။
Credit: ထီယု ( ဥပဒေ အတိုင်ပင်ခံ )
Credit ( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...