အိမ် နှင့်မြေ သို့မဟုတ် မြေကွက် လွှဲပြောင်းရောင်းချရာတွင် ရေးသားချုပ်ဆိုသော မှတ်ပုံတင် အရောင်းအဝယ် စာချုပ်တွင် အဓိက ပါဝင်ရမည့် အချက်များ။

အိမ် နှင့် မြေ သို့မဟုတ် မြေကွက် လွှဲပြောင်းရောင်းချရာတွင် ရေးသားချုပ်ဆိုသော မှတ်ပုံတင် အရောင်းအဝယ် စာချုပ်တွင် အဓိက ပါဝင်ရမည့် အချက်များ ။
=========================
၁ ။ ရောင်းသူနှင့် ဝယ်သူတို့သည် နိုင်ငံသားများ ဖြစ်ရပါမည် ။
၂ ။ ရောင်းသူနှင့် ဝယ်သူတို့၏ နိုင်ငံသားစိစစ်ရေး ကဒ်ပြား အမှတ် သို့မဟုတ် နိုင်ငံသားလက်မှတ် အမှတ်နှင့် နေရပ်လိပ်စာတို့ကို
ပြည့်ပြည့်စုံစုံ ဖော်ပြရပါမည် ။
၃ ။ ရောင်းချသည့် တန်ဖိုးကို မှန်မှန်ကန်ကန် ဖော်ပြရပါမည် ။ အကယ်၍ တန်ဖိုးလျော့ ပြပါက အခွန်လိမ်လည်မှု အရ အရေးယူခြင်း
ခံရပါမည် ။ လျော့ပြသည့် အခွန်တန်ဖိုး၏ ( ၁၀ ) ဆ ကို ဒဏ်ငွေအဖြစ် ခံရနိုင်ဖွယ်ရာ ရှိပါသည် ။
၄ ။ ရောင်းချသည့် မြေကွက်၏ ဦးပိုင်အမှတ်နှင့် အလားလေးရပ် ၊ မြေဧရိယာ အတိုင်းအတာတို့ကို ဖော်ပြရပါမည် ။ ဂရန်၌ ဖော်ပြပါရှိ သည့် အတိုင်း ဖြစ်ရပါမည် ။
၅ ။ ရောင်းသူက ငွေအပြေအကျေ ရရှိပြီးကြောင်းနှင့် ဝယ်သူကလည်း အိမ် နှင့် မြေ သို့မဟုတ် မြေကို လက်ဝယ်ရရှိပြီးကြောင်း ဖော်ပြ ပါရှိရပါသည် ။
၆ ။ မှတ်ပုံတင် အရောင်းအဝယ် စာချုပ် အတွက် ကျသင့်သော တံဆိပ်ခေါင်းခွန်ကို ဝယ်သူက ထမ်းဆောင် ထားရပါမည် ။
၇ ။ ကိုယ်စားလှယ် အဖြင့် ရောင်းချခြင်း ၊ ဝယ်ယူခြင်း ဖြစ်ပါက စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ ပြုလုပ်ထားသော ကိုယ်စားလှယ် ဖြစ် ရမည့် အပြင် ကိုယ်စားလှယ်စာ ပေးသူ အသက်ထင်ရှား ရှိကြောင်း ကိုယ်စားလှယ်စာရရှိသူက တရားရုံးတော်တွင် သက်သေ( ၂ ) ဦး ပါဝင်၍ ပြုလုပ်သော ကျမ်းကျိန်ဆိုချက် နှင့် အတူ ကိုယ်စားလှယ်စာ မူရင်းကို တင်ပြရပါမည် ။
၈ ။ ရောင်းချသူ သို့မဟုတ် ဝယ်ယူသူသည် နိုင်ငံခြားသို့ ရောက်ရှိနေသူ ဖြစ်ပါက နိုင်ငံခြားရှိ မြန်မာသံရုံးတွင် တရားဝင် ပြုလုပ်ထား သော ကိုယ်စားလှယ်လွှဲစာ မူရင်းကို ပူးတွဲတင်ပြရပါမည် ။
၉ ။ အမည်ပေါက် ပိုင်ဆိုင်သူ သို့မဟုတ် အမည်ပေါက် ပိုင်ဆိုင်သူ ကွယ်လွန်သွားပါက အမွေဆိုင်များက စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ ပြုလုပ်ထားသော ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာ စာတမ်း သို့မဟုတ် စီရင်ပိုင်ခွင့် ရှိသော တရားရုံးက ထုတ်ပေးထားသော အမွေ ထိန်း လက်မှတ်စာ အပြင် တရားရုံးက အမွေထိန်းစာပါ မရွှေ့ မပြောင်းနိုင်သည့် အိမ် ၊ မြေ သို့ဟုတ် မြေကို ရောင်းချခွင့်ပြုသည့်
အမိန့် တို့ကို တင်ပြနိုင်ရပါမည် ။
၁၀ ။ ပိုင်ဆိုင်ကြောင်း မြွက်ဟ ကြေညာစာတမ်း အရ ရောင်းချခြင်း ဖြစ်ပါက အမွေဆိုင်အားလုံးက ရောင်းသူ အနေဖြင့် ပါဝင်လက်မှတ် ရေးထိုးရပါမည် ။
၁၁ ။ အမွေထိန်းစာ အရ ရောင်းချခြင်း ဖြစ်ပါက အမွေထိန်းစာ လက်မှတ်ရရှိသူက ရောင်းချသူအနေဖြင့် လက်မှတ် ရေးထိုးရပါမည် ။ ထိုသို့ ရောင်းချခြင်း အတွက် တရားရုံး၏ ခွင့်ပြုချက် ပါရှိရပါမည် ။
၁၂ ။ အရွယ်မရောက်သူ ကိုယ်စား တရားရုံးက ခန့်ထားသည့် အုပ်ထိန်းသူက မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ရောင်းချရန် တရားရုံး၏ ခွင့်ပြုမိန့် ရရှိပါက အရွယ်မရောက်သူပိုင် ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းနှင့် မရွှေ့မပြောင်း နိုင်သည့် ပစ္စည်းကို ရောင်းချနိုင်ပါသည်။
၁၃ ။ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်း လျှောက်ထားရာ၌ အမွေ ပိုင်ဆိုင်ကြောင်း ၊ အမွေ ဆိုင် အားလုံး ပါဝင်ကြောင်းနှင့် စပ်လျဉ်း၍ အမွေ ပိုင်ဆိုင်ကြောင်း ၊ အမွေဆိုင် အားလုံး ပါဝင်ကြောင်းနှင့် စပ်လျဉ်း၍ အမွေ ပိုင်ဆိုင်သူ အချို့ကို ချန်လှပ်၍ ကျမ်းကျိန်ဆိုခြင်း ပြုပါက မမှန်မကန် ကျမ်းကျိန်ဆိုမှု အတွက် တာဝန်ရှိသည့် အပြင် ထိုသို့ အမွေ ဆိုင် အချို့ကို ချန်လှန်၍ လျှောက်ထားရရှိသော ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာ စာတမ်းမှာလည်း သက်ဆိုင်ရာက သိရှိလျှင် သော် လည်းကောင်း ၊ တစ်ဦးတစ်ယောက်က ကန့်ကွက်လာလျှင် သော်လည်းကောင်း ၊ မှတ်ပုံတင်ထားပြီးသော စာချုပ် ပယ်ဖျက်ခြင်း ခံရမည် ဖြစ်ပါသည် ။
၁၄ ။ အလားတူ မြေပုံမြေရာဇဝင် ကူးယူရာ၌လည်း ဖော်ပြသည့် ကတိသစ္စာပြုလွှာမှာ မှန်ကန်မှု မရှိပါက လိမ်လည်၍ ကျမ်းကျိန်ဆိုမှု အတွက် အရေးယူခြင်း ခံရနိုင်ကြောင်း သိရှိထားသင့်ပါသည် ။
၁၅ ။ ကွယ်လွန်သူ၏ အမွေဆိုင်သူ သားသမီးများ သို့မဟုတ် ကွယ်လွန်သူ၏ ညီအစ်ကို မောင်နှမ အရင်းများက ကွယ်လွန်သူပိုင် အိမ်နှင့် မြေ သို့မဟုတ် မြေကွက်ကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်း မြွက်ဟ ကြေညာစာတမ်း လျှောက်ထား၍ ခွင့်ပြု ပါက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးက သတ်မှတ်သည့် တံဆိပ်ခေါင်းခွန် ( ပုံသေ ) ပေးဆောင်ရပါမည် ။
၁၆ ။ ကွယ်လွန်သူ၏ အမွေဆိုင်များ အနက်မှ တစ်ဦးဦးက ကွယ်လွန်သူ၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်း တို့ကို စီမံခန့်ခွဲနိုင်ရန် အမွေထိန်းစာ လျှောက်ထား နိုင်ကြပါသည် ။ တစ်ခါတစ်ရံ အမွေဆိုင်များ အပြိုင် လျှောက်ထားလာပါက တရားရုံးက သင့်တော်မည့် အမွေဆိုင်ကို အမွေထိန်း လက်မှတ်စာ ထုတ်ပေးနိုင်ခွင့် ရှိပါသည် ။ အမွေထိန်းစာ အပြိုင် လျှောက်ထားလာပါက တရားမကြီးမှုအဖြစ်ပြောင်းလဲ၍ တရား ရုံးက စစ်ဆေးသွားမည် ဖြစ်ပါသည်။
အမွေထိန်းစာ ရရှိသူသည် လျှောက်ထားသည့် ပစ္စည်းတန်ဖိုး စုစုပေါင်း အပေါ် ကျပ်တစ်ရာနှင့် ( ၇ ) ကျပ်နှုန်း ရုံးခွန်တော်ထမ်း ဆောင် ရပါသည် ။ ကွယ်လွန်သူပိုင် မရွှေ့မပြောင်းနိုင်သည့် အိမ် နှင့် မြေ သို့မဟုတ် မြေကွက်ကို ထုခွဲ ရောင်းချလိုပါက အမွေ ထိန်းစာ ထုတ်ပေးသည့် တရားရုံး၏ ခွင့်ပြုချက် ရရှိမှသာလျှင် ရောင်းချနိုင်မည် ဖြစ်ပါသည် ။ အမွေထိန်းစာ ရရှိသူသည် ကွယ်လွန်သူမှ ရရန်ရှိသော ကြွေးမြီများကို ရှင်းလင်းပြီးနောက် ကျန်ငွေသားများနှင့် ပစ္စည်းများကို အမွေဆိုင်တို့အား မျှမျှတတ ခွဲဝေပေးရန် တာဝန် ရှိပါသည် ။
၁၇ ။ အပိုဒ် ၁၆ အရ အမွေထိန်း လက်မှတ်စာ အပြိုင်အဆိုင် လျှောက်ထားမှုတွင် အမွေပုံ စီမံခန့်ခွဲမှု စွဲဆိုရန် ပေါ်ပေါက်ပါက တရားရုံး အနေဖြင့် မည်သူ့ကိုမျှ အမွေထိန်း လက်မှတ်စာ ထုတ်ပေးမည် မဟုတ်ကြောင်း သတိပြုသင့်ပါသည် ။ အမွေဆိုင်တို့ အနေဖြင့် ကွယ်လွန်သူ အမွေရှင်၏ ကျန်ရစ်သော အမွေကို မိမိတို့ ရသင့်ရထိုက်သော အမွေဝေစုကို စီရင်ပိုင်ခွင့် ရှိသော တရားရုံးတွင် တရားတစ်ထုံး စွဲဆိုရန် ဖြစ်ပါသည် ။
( ဦးဗကြိုင် ( ဘီအေ ၊ ဘီအယ်လ် ) ၊ မရွှေ့မပြောင်းနိုင်သည် အိမ် ၊ ခြံ ၊ မြေ ၊ တိုက်ခန်း စသည်များ ရောင်းချခြင်း ၊ ဝယ်ယူခြင်း ၊ ငှားရမ်းခြင်း ဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ ၊ စာ ၉ မှ ၁၁ ထိ ) ။
#DVBLawlab
Credit ( ဥပဒေရေးရာ )
Related Posts

ကန်ထရိုက်တိုက်ခန်းဝယ်ယူသည့်အခါ စစ်ဆေးရမည့် အချက်များ
(က) မြေရှင်နှင့်ကန်ထရိုက်တာတို့ အခန်းပေး အခန်းယူ ချုပ်ဆိုသည့်စာချုပ်အရ မိမိအားရောင်းချသည့် တိုက်ခန်းမှာ ၄င်းအကျိုးခံစားခွင့်ရရှိသည့်တိုက်ခန်း ဟုတ်မဟုတ်(ခ) နာမည်ပျက်ရှိသည့် ကန်ထရိုက်တာ ဟုတ်မဟုတ်(ဂ) ငွေကြေးပြည့်စုံသည့် ကန်ထရိုက် ဟုတ်မဟုတ်(ဃ) တိုက်ခန်းအ...

လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း
မြန်မာ့ဓလေ့ထုံးတမ်း ဖြစ်သည့်လှည်းဦးတိုက် လှေဦးတိုက် မြေနေရာအကြောင်း ဗဟုသုတအလို့ဌာဖော်ပြပေးလိုက်ပါတယ်။ “လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတ...

ဥယျာဉ်ခြံမြေ
အခုအခါ မြေကွက်ရိုက်ရောင်းနေသော ဥယျာဉ်ခြံမြေများမှာနေအိမ်ဆောက်ခွင့်ရှိမရှိစိတ်ချရသောမြေကွက်များ ဟုတ်ပါသလားသိချင်လို့ပါ ဖြေပေးပါ ကျေးဇူးတင်ပါတယ်။ဥယျာဉ်ခြံမြေဟာ အိမ်ပိုင် မြေအဖြစ် အကွက်ရိုက်ရောင်း လို့ရပါ တယ်။ ရောင်းခွင့်ရဖို့ အတွက် မြေကွက်တည်ရှိရာမြို့...