"ဝယ်ထားသည့် ပါမစ်မြေကွက်မှာ ဂရန်သစ် လျှောက်ထားသူရှိနေလျှင် ဘယ်လိုလုပ်ပါ့မလဲ"
"ဝယ်ထားသည့် ပါမစ်မြေကွက်မှာ ဂရန်သစ်
လျှောက်ထားသူရှိနေလျှင် ဘယ်လိုလုပ်ပါ့မလဲ"
အိမ် ၊ ခြံ ၊ မြေ အရောင်းအဝယ် လောကတွင်
အိမ် ၊ ခြံ၊ မြေ များ ရောင်းကြ ဝယ်ကြသောအခါ
ရောင်းသူ ဝယ်သူများမှာ မြေကွက် ဖြစ်စေ ၊
မြေ နှင့် အိမ် ဖြစ်စေ ၊ တိုက်ခန်းဖြစ်စေ ၊
ယင်းမြေ နှင့် အိမ် ၊ တိုက်ခန်းတို့နှင့်
ပတ်သက်၍ မှန်ကန်မှု ရှိ မရှိ စုံစမ်းကြလေ့ရှိသည် ။
အဓိကအားဖြင့် ရောင်းမှား ဝယ်မှား ဖြစ်မှာ
စိုးရိမ်သည့် အတွက် စေ့စပ်သေချာအောင်
ဆောင်ရွက်ကြခြင်း ဖြစ်သည် ။
ယင်းသို့ တက်စွမ်းသလောက် လေ့လာသည့်ကြားမှာပင်
မမျှော်လင့်သော အခက်အခဲများနှင့် ကြုံတွေ့ကြလေ့
ရှိကြသည် ။
မကြာသေးမီက အိမ် ခြံ မြေ ဝယ်ရောင်း အမျိုးသမီး
တစ်ဦး ကျွန်ုပ်ထံ ရောက်လာသည် ။
သူဝယ်ထားသည့် ပါမစ်မြေကွက်မှာ အတု - အစစ်
သိလို၍ ရန်ကုန်မြို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနသို့
သွားရောက်ကာ တာဝန်ရှိသူများထံတွင် ပြသစစ်ဆေးရာ
မှန်ကန်ကြောင်း သိခဲ့ရသည် ။
ထိုမျှနှင့် အားရကျေနပ်မှု မရှိသဖြင့်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ၊
မြို့ပြစီမံကိန်း နှင့် မြေစီမံခန့်ခွဲမှု ဌာနတွင်လည်း
နာမည်ပေါက် မှန်ကန်မှု ရှိ / မရှိ သွားရောက်
စစ်ဆေးရာ အမည်ပေါက် မှန်ကန်ကြောင်း
ပြန်ကြားစာ ရရှိခဲ့သည် ။
ထို့ကြောင့် ယင်းမြေကွက်ကို ဝယ်ယူပြီး မိမိ အမည်ပေါက်
ဖြစ်ရန် နှစ် ၆၀ ဂရန်သစ် ထုတ်ပေးရန် မြေယာဌာနတွင်
လျှောက်ထားခဲ့သည် ။
ပါမစ်မှ ဂရန်သစ် လျှောက်ထားပြီး ၁၄ ရက်ခန့်
အကြာတွင် ယခင်က မူလ အမည်ပေါက် ပိုင်ရှင်က
၂၀၁၀ ခုနှစ်က ဂရန်သစ် လျှောက်ထားသည့်
မှတ်ချက် ရှိ၍ ရှင်းလင်းရန် စည်ပင်မြေယာဌာနမှ
အကြောင်းကြားစာ ရောက်လာသဖြင့် ဘယ်လို
ဆောင်ရွက်ရမည် မသိ၍ ကျွန်ုပ်ထံ လာရောက်
မေးမြန်းခြင်း ဖြစ်သည် ။
ဒီလို ဂရန်သစ် လျှောက်တဲ့အခါမှာ ပါမစ်တစ်ခုထဲတွင်
ဂရန်လျှောက်သူ နှစ်ဦး ပေါ်တတ်ကြောင်း သိရသည် ။
ယင်းသို့ ဖြစ်ရခြင်းမှာ မူလ ဂရန်သစ် လျှောက်ထားသူက
လျှောက်ထားသည့် မြေကွက်ပေါ်တွင် တစ်သက်လုံး နေရန်
ရည်ရွယ်၍ ဂရန်သစ် လျှောက်ထားသည်ကို တွေ့ရသည် ။
နောက်ပိုင်းတွင် မိသားစု စီးပွားရေး အတွက် ဖြစ်စေ ၊
စျေးကောင်းရ၍ ပြန်ရောင်းရသည့် အခါမျိုးတွင် ဖြစ်စေ ၊
မိမိ ယခင်က ဂရန်သစ် လျှောက်ထားဖူးကြောင်း ပြောဆိုရန်
မေ့နေတက်ကြသည် ။
" ဂရန် မထုတ်ရသေးတာပဲ ၊ အရေးမကြီးပါဘူးလေ "
ဟူသော အထင်ဖြင့် မေ့မေ့လျော့လျော့ နေတတ်ကြသည် ။
ပါမစ်မူရင်းကို အခြားသူ တစ်ဦးဦးသို့ ရောင်းချပြီးသော်လည်း
မိမိ လျှောက်ထားခဲ့သည့် ဂရန်အသစ် အမှုတွဲမှာ အရေးမပါ
ဟု ယူဆကြသဖြင့် မြေကွက် အရောင်းအဝယ် လုပ်သည့်အခါ
မိမိထံမှ ဝယ်ယူသူကို ဂရန်သစ် လျှောက်ထားသည့် အကြောင်း
မပြောဘဲ နေခဲ့မိသည် ။
ထို့အတူ" ဂရန်လျှောက်ထားစဉ်က ဂရန်သစ်လျှောက်
အမှုတွဲအမှတ်ပါသည့် ဝန်ဆောင်ခ ပေးသွင်းသည့်
ပုံစံလျှောက်လွှာ " တို့ကိုပါ ပေးအပ်ရန် မေ့တတ်ကြသည် ။
" သတိမမူတော့ ဂူမမြင် ၊ သတိမူတော့ မြူစင်၍ ဂူမြင်သည် "
ဆိုသော ဆိုရိုးစကားအတိုင်း မူလအမည်ပေါက်ထံ မှ
ထပ်မံ ဝယ်ယူသူက ဂရန်သစ် လျှောက်သည့်အခါ ယခုလို
ဂရန်သစ် လျှောက်ထားသည့် မှတ်ချက်ကြီး က
ပေါ်လာတော့ ဌာနက လာရောက် ရှင်းလင်းချက်
ရေးသားတင်ပြပါ ဆိုပြီး ခေါ်ယူတော့ စိတ်ညစ်စရာတွေနဲ့
ကြုံရတာပေါ့ ။
ဒီလို ကြုံရတဲ့အခါ မူလရောင်းသူ အမည်ပေါက် သို့မဟုတ်
စာချုပ်အဆက်ဖြင့် ဂရန်လျှောက်ဖူးသူကို ပြန်ပြီးခေါ်၍
မြို့တော်ခန်းမ လက်ထောက်ဌာနမှူးရှေ့မှာ မိမိလျှောက်
ခဲ့သည့် ဂရန်သစ် အမှုတွဲ ပိတ်သိမ်းပေးဖို့ အခြားသူ
တစ်ဦးဦးအား ရောင်းချထားခြင်းကြောင့် မိမိ
လျှောက်ထားချက် ရုတ်သိမ်းကြောင်း စာတင်ခဲ့ရတယ် ။
ကိုယ်တိုင်လာရောက် အမှုပိတ်သိမ်းသူ မှန်ကန်ကြောင်း
၎င်းအရာရှိရှေ့မှာ လက်မှတ်ထိုးရတယ် ။
အမှုပိတ်သိမ်းတဲ့ အမှုတွဲ တင်ပြချက်နှင့်အတူ
ပိတ်သိမ်းသူရဲ့ မှတ်ပုံတင်မိတ္တူ ၊ ပါမစ်မိတ္တူ
တစ်စုံစီကို ပူးတွဲတင်ပြရတယ် ။
အဲဒီ တင်ပြချက်တွေကို အရာရှိ ရှေ့မှာ ဒီအတိုင်း
ထားခဲ့လို့ မရဘူး ။ ဝင်စာလက်ခံတဲ့သူထံမှာ
တင်ခဲ့ရတယ် ။ အဲဒီ ဝင်စာလက်ခံသူက
ဝင်စာအမှတ် ( ) နဲ့ နေ့စွဲကို ပြောပြတယ် ။
ဥပမာ ဝင်စာအမှတ် ၉၉၉ / နေ့စွဲ ၂၉ - ၅ - ၂၀၁၄ လို့
ပြောရင် မှတ်သားထားရတယ် ။ အဲဒီ ဝင်စာအား
ဂရန်သစ် လျှောက်ထားတဲ့ မြေကွက်ပေါ်မှာ ရှိတဲ့
မှတ်ချက်ကို ဖျက်ပေးလိုက်တယ် ။
အဲဒီအခါမှ ဂရန်သစ် လျှောက်ထားသူ အတွက်
- ဌာနက မြေတိုင်း ကွင်းဆင်းစစ်ဆေးခြင်း
- သတင်းစာ ကြော်ငြာပေးခြင်း ၊
- ဂရန်သစ် ထုတ်ပေးသည့် ဘုတ်အဖွဲ့သို့ တင်ပြခြင်း ၊
- ခွင့်ပြုချက် ရလျှင် မြေကွက်တန်ဖိုး ငွေသွင်းခြင်း ၊
ယင်းနောက်
- တာဝန်ရှိသူ အဆင့်ဆင့် လက်မှတ် ရေးထိုးပေးပြီး
- ဂရန်သစ် ထုတ်ပေးဖို့ အဆင်သင့် ဖြစ်တဲ့နေ့မှာ
လျှောက်ထားသူထံကို အကြောင်းကြား ပါတယ် ။
ရုံးက အကြောင်းကြားစာ ရောက်မလာမီ
မိမိကိုယ်တိုင် မြို့တော်ခန်းမမှာ မကြာခဏ
သွားစုံစမ်းလို့လည်း ရပါတယ် ။
မြတ်ဗုဒ္ဓ ဟောတယ် မဟုတ်လား ။
" အတ္တာဟိ .. အတ္တနော နာထော " တဲ့လေ ။
" ကိုယ့်ကိုယ်ကိုပဲ အားကိုးရာပါ " ဆိုတော့
အမြန်ရအောင် ခဏခဏ သွားစုံစမ်းပေါ့ ။
ဤသို့ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို
ကျွန်ုပ်က ပြောပြလိုက်သည့် အခါ လာရောက်မေးသူ
အမျိုးသမီးမှာလည်း သဘောပေါက် နားလည်ပြီး
ကျေးဇူးတင်ကြောင်း ပြော၍ ပြန်သွားလေတော့သည် ။
ရေးသားသူဆရာ တရားလွှတ်တော်ရှေ့နေမောင်ကောင်းဖေ
ကူးယူဖော်ပြပါသည် ။
Related Posts
ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...
စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...