အိမ်ထောင်ရေးဖောက်ပြန်မှု ၊ လင်မယားကွာရှင်းမှု နှင့် အမွေခွဲဝေမှု

အိမ်ထောင်ရေးဖောက်ပြန်မှု ၊ လင်မယားကွာရှင်းမှု နှင့် အမွေခွဲဝေမှု

အိမ်ထောင်ရေးဖောက်ပြန်မှု၊ လင်မယားကွာရှင်းမှုနဲ့ နှစ်ဦးပိုင်ပစ္စည်းခွဲဝေမှုဆိုင်ရာ ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး ဦးကျော်ဇေယျ (ဥပဒေပညာရှင် ၊ စာရေးဆရာ) ကို ဒီဗွီဘီသတင်းဌာနမှ နေရီရီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး – မယားဖြစ်သူက နောက်တယောက်နဲ့ ဖောက်ပြန်ပြီး ထွက်ပြေးသွားပါတယ်။ ဒီလိုဖြစ်စဉ်ကြောင့် နှစ်ဦးစလုံး လင်ခန်းမယားခန်း အလိုလို ကွာရှင်းပြီးသားဖြစ်ပါသလား။ ဇနီးဟောင်းဖြစ်သူက နှစ်ဦးပိုင်ပစ္စည်းတွေကို ခွဲဝေဖို့ တောင်းဆိုခွင့်၊ သားသမီးအုပ်ထိန်းခွင့်တွေ ရှိပါသလား။

ဖြေ – အများအားဖြင့် လူတွေက ထင်ကြတာက မယားက နောက်ယောကျာ်းတယောက်နဲ့ လိုက်ပြေးသွားပြီဆိုရင် လင်ခန်းမယားခန်း အလိုလိုပြတ်စဲသွားပြီလို့ထင်ကြတယ်။ အမှန်တော့ မဟုတ်ပါဘူး။ အဲဒါက လင်ယောကျာ်းက ဖြတ်မှပဲရမှာပါ။ သူက လင်မယားကွာရှင်းပေးစေလိုမှု လျှောက်ရတယ်။ မလျှောက်ဘဲထားရင် တည်မြဲခိုင်မာတဲ့ အိမ်ထောင်ရေး ဖြစ်နေတုန်းပဲ။ ဒါကြောင့် တလင်တမယား ကျင့်သုံးခြင်းဆိုင်ရာဥပဒေ ပုဒ်မ-၁၃ မှာ ဖောက်ဖျက်တာကို တလင်တမယား ကျင့်သုံးခြင်းဆိုင်ရာဥပဒေ ပုဒ်မ-၁၄ အရ တရားရုံးမှာ ကွာလိုမှု လျှောက်ရတယ်။

နောက်ပြီး ပုဒ်မ ၁၅ မှာက ကွာလိုမှုရတယ်ဆိုရင် ဖောက်ပြန်တဲ့ ဇနီးမယားအနေနဲ့ အမွေ အခွင့်အရေး အားလုံးဆုံးရှုံးတယ်လို့ ပါတယ်။ ဒါကြောင့် အဲဒါကို ဖော်ပြပြီးတော့ ကွာလိုမှု လျှောက်တဲ့နေရာမှာ အဆင့်ဆင့်တွေကို တင်ပြပြီးတော့ လျှောက်ထားနိုင်တယ်။ ကွာလိုမှု ရတဲ့အခါမှာလည်း ဖောက်ပြန်တဲ့ ဇနီးမယားက အမွေဆက်ခံခွင့်ဘာမှမရပါဘူး။ ဆုံးရှုံးပါတယ်။ သားသမီးထိန်းသိမ်းရေးနဲ့ ပတ်သက်ရင် ဖောက်ပြန်တဲ့သူက အုပ်ထိန်းခွင့် လျှောက်ရင်တော့ အင်မတန် အခွင့်အရေးနည်းပါတယ်။ သူမှာက စာရိတ္တချို့ယွင်းထားတာ ရှိနေတာကြောင့် မိခင်အနေနဲ့ လျှောက်ရင် အခွင့်အရေးဆုံးရှုံးနိုင်တယ်လို့ ဖြေကြားချင်ပါတယ်။

ရန်ကုန်မြို့တွင်းရှိ ကွန်ဒိုမီနီယံများကြည့်ရန် Condominiums In Yangon ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါသည်။

မေး – လင်ယောကျာ်းဖြစ်သူက တနယ်တကျေးမှာ ရဟန်းဘောင်၀င်သွားတာ ဘယ်တော့ကြာမလဲဆိုတာ မပြောတော့ နောက်အိမ်ထောင်ပြုဖို့ နှစ်ဦးနှစ်ဖက်မိသားစုတွေ သဘောတူ စီစဉ်ထားပြီးဖြစ်ပါတယ်။ အခုကျတော့ ၂ နှစ်ကျော်အကြာမှာ လူပြန်ထွက်ပြီး အိမ်ကို ပြန်လာပါတယ်။ ကျမသိချင်တာက အခုလိုလူပြန်ထွက်လာတာက လင်မယားအရာ တည်မြဲနေသေးပါသလား။ အကျပ်အတည်း တွေ့နေတဲ့အတွက် ဘယ်လို ဆက်လုပ်သင့် သလဲဆိုတာ အကြံဉာဏ်တောင်းခံထားပါတယ်ရှင်။

ဖြေ – မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ လင်ခန်းမယားခန်း ပျက်တယ်ဆိုတာကတော့ အချက်သုံးချက်ရှိတဲ့အထဲက (၁) အချက်မှာ လင်ယောကျာ်းရဟန်းဘောင်ဝင်ရင် ပျက်တယ်ဆိုတာ ပါဝင်တယ်။ ရဟန်းဘောင်ဝင်တဲ့အခါ ဒုလ္လဘ မဟုတ်ဘူး။ အပြီးရဟန်းဘောင် ခံယူလိုက်တယ်။ လင်ခန်းမယားခန်း ပြတ်မပြတ်ဆိုတာကို ဟိုးရှေး ဓမ္မသတ်အဟောင်းတွေမှာ ဘာပါသလဲဆိုတော့… လင်ယောကျာ်းက ရဟန်းဘောင်ဝင်ရင် ကျန်ရှိနေတဲ့ တယောက်က နောက်အိမ်ထောင်ထူလို့ရတယ်။ ဒါပေမယ့် လင်ယောကျာ်းက ပြန်ထွက်ရင်တော့ မယားကို ဆက်လက်ပေါင်းသင်းခွင့်ရှိတယ်လို့ ဟိုးအရင်ဓမ္မသတ်တွေက ဆိုပါတယ်။ ဒါပေမယ့် (၃၄)ဆောင်တွဲ ဓမ္မသတ်၊ အခန်း (၁၃)၊ ပုဒ်မ (၄၁၁) မှာ လင်ယောက်က်ျားက ရဟန်းဘောင်ကို အပြီးဝင်သွားတာနဲ့ လင်ခန်းမယားခန်း ပြတ်တယ်လို့ ဆိုထားတယ်။

နောက်တခု စိတ်ဝင်စားစရာကောင်းတာက မနုကျယ်ဓမ္မသတ်ရဲ့ (၅)တွဲ၊ အခန်း (၁၇) မှာ လင်ယောကျာ်းက ရဟန်းဘောင်ကို ဝင်ပြီဆိုရင် ဇနီး၊ မယားက (၇) ရက်တော့စောင့်ပေးပါတဲ့။ စိတ်လည်ပြီး ပြန်ထွက်လာရင်လည်း ပြန်ပေါင်းလို့ရတာပေါ့။ စိတ်ပြတ်အောင်လို့ပါ။ (၇) ရက်ကျော်ပြီဆိုရင် ကျန်ခဲ့တဲ့ဇနီးမယားက နောက်အိမ်ထောင်ထူပိုင်ခွင့်ရှိတယ်။ (၇)ရက်ကျော်မှ ရဟန်းဘောင်က ပြန်လာပြီး မိမိရဲ့ ဇနီးမယားပါလို့ အခွင့်အရေး တောင်းဆိုခွင့် မရှိတော့ဘူးလို့ ဆိုချင်ပါတယ်။

မေး – မြန်မာနိင်ငံ လင်မယားကွာရှင်းရေး အက်ဥပဒေဟာ မြန်မာနိုင်ငံမှာနေထိုင်တဲ့ ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေနဲ့သာသက်ဆိုင်ပြီး အခြားဘာသာ ကိုးကွယ်သူတွေနဲ့ မသက်ဆိုင်ဘူးလို့ သိရပါတယ်။ လက်ရှိမှာ တလင်တမယားဥပဒေ ရှိနေတဲ့အတွက် ခရစ်ယာန်ဘာသာ၀င်တွေအနေနဲ့ အိမ်ထောင်ရေး ပြဿနာတခုခု ဖြစ်လာရင် ဘယ်ဥပဒေနဲ့ အမှုကို ကိုင်တွယ်မလဲဆိုတာ ဥပဒေဗဟုသုတအနေနဲ့ သိလိုပါတယ်။

ဖြေ – အိမ်ထောင်ရေးပြစ်မှုဆိုတာကို သူက မေးထားတာ။ ဘယ်လို အိမ်ထောင်ရေး ပြစ်မှုဆိုတာကိုတော့ သူက အတိအကျ ဖော်ပြထားတာ မတွေ့ဘူးပေါ့ကွယ်။ အိမ်ထောင်ရေး ပြစ်မှုဆိုတာ အမျိုးမျိုးရှိသေးတာကိုး။ ဒါပေမယ့် နောက်အိမ်ထောင်ပြုတာမျိုး၊ အိမ်ထောင်ရေး ဖောက်ပြန်တာမျိုးလား။ အဲလိုဆိုရင်တော့ တစ်လင်တမယား ကျင့်သုံး ခြင်း ဆိုင်ရာဥပဒေပုဒ်မ (၁၇) မှာ အတိအကျဆိုထားတယ်။ ဘယ်လိုဆိုတာလဲဆိုရင် ..ဥပဒေတရပ်အရ ပဲဖြစ်ဖြစ်၊ ကိုးကွယ်ရာ ဘာသာတရပ်အရရပဲဖြစ်ဖြစ်၊ ဓလေ့ထုံးစံအရပဲဖြစ်ဖြစ်၊ တည်မြဲတဲ့အိမ်ထောင်မှုကို ယောကျာ်းကပဲဖြစ်စေ၊ မိန်းမကပဲဖြစ်စေ..ထူထောင်ထားပြီးဖြစ်တယ်ဆိုရင် ဒီကိစ္စကိုထိန်ချန်ပြီး နောက်ထပ် အိမ်ထောင်မပြုရဘူးလို့ ပါတယ်။ ဆိုတော့.. သူက ဘာသာမရွေး၊ ဓလေ့ထုံစံမရွေး..မည်သည့် ဥပဒေနဲ့ပဲ အိမ်ထောင်ပြုထားပြုထား၊ ဒီလိုပြုထားတဲ့ဥစ္စာကို ထိန်ချန်ပြီး နောက်အိမ်ထောင်ပြုမယ်ဆိုရင်တော့ ဒီဥစ္စာက ပုဒ်မ-၁၇ အရဆိုရင် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တယ်။ ဒါကြောင့်မို့ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်.. တလင်တမယား ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေအရ ဘယ်ဓလေ့ထုံးတမ်းကိုပဲယူယူ၊ ဘယ်ကိုးကွယ်တဲ့ ဘာသာကိုပဲယူယူ၊ ဘယ်ဥပဒေကိုပဲ ယူယူ ဒီဥပဒေအရပဲ ဆုံးဖြတ်ချက် ခံယူရမယ်လို့ ဖြေချင်ပါတယ်။

မေး – ကျနော်တို့က အစ္စလာမ်ဘာသာ၀င်တွေပါ။ သားသမီး ၄ ယောက်ရှိပါတယ်။ နှစ်ဦးသဘောတူကွာရှင်း ဖို့ဖြစ်လာပါတယ်။ တချို့ပစ္စည်းတွေက ဇနီးနာမည်နဲ့ ဖြစ်နေတဲ့အတွက် လက်ထက်ပွားပစ္စည်းတွေကို ဘယ်လို ခွဲဝေရမလဲ ဆိုတာကို သိလိုပါတယ် ။

ဖြေ – အစ္စလာမ်ဘာသာဓလေ့ထုံးတမ်းနဲ့ ဗုဒ္ဒဘာသာ ဓလေ့ထုံးတမ်း.. လင်ခန်းမယားခန်း မတူဘူးကွဲ့။ ပစ္စည်းခန်း အခွင့်အရေးလည်း မတူဘူးကွဲ့။ အစ္စလာမ်ဘာသာမှာ ကျတော့ လင်ယောက်ျားဟာ အမွေရတဲ့ပစ္စည်းပဲဖြစ်ဖြစ် သူရှာဖွေလို့ရတဲ့ ပစ္စည်းပဲဖြစ်ဖြစ်.. အဲဒီ ပစ္စည်းဥစ္စဓနဟာ သူ့ပစ္စည်းပဲ ..ဇနီးမယားဟာ သူအမွေရတဲ့ပစ္စည်း ပဲဖြစ်ဖြစ် ..သူ၀န်ထမ်းဖြစ်လို့ လခရရင်လည်း အဲပစ္စည်းအရပ်ရပ်ဟာ ဇနီးမယားဟာ သူ့ပစ္စည်းပဲ။ သူကသီးခြားစီဖြစ်တယ်။ နှစ်ဦးပေါင်း လက်ထက်ပွားပစ္စည်းဆိုတာ မရှိဘူး။ လင်ခန်းမယားခန်း ပေါင်းနေဆဲမှာလည်း သူ့ ပစ္စည်းနဲ့သူသွားတာပဲ။

မဟာရွှေဆိုတာတော့ရှိတာပေါ့။ မဟာရွှေဆိုတာကတော့ အိမ်ထောင်ပြုတဲ့အခါမှာ လင်ယောက်ျားက တင်တောင်းတဲ့ငွေပေါ့ကွယ်။ ဒါကတော့ ပေးဖို့ကျန်တာရှိရင် လင်ခန်းမယားခန်း နှစ်ဦးသဘောတူ ပြတ်တဲ့အခါမှာ အဲဒီမဟာရွှေပေးစရာရှိရင်တော့ ပေးရတဲ့ ထုံးစံရှိတယ်။ အဲဒါကလည်း လင်ခန်းမယားခန်းပြတ်ပြီး ၃ နှစ်အတွင်း စွဲရတယ်။ ၃ နှစ်ကျော်လို့ရှိရင် စွဲပိုင်ခွင့်မရှိဘူး ။

နောက်တခုရှိသေးတယ်။ အဲဒီလို ပေါင်းသင်းနေစဉ်ကာလအတွင်းမှာ လင်ယောက်ျားက မိမိရဲ့ ဇနီးမယားကို မေတ္တာသက်၀င်ပြီးတော့ ၀ယ်ပေးမယ် ..Gift အနေနဲ့ ပေးမယ်ဆိုရင်လည်း ပေးလို့ရတယ်။ အဲဒီလိုပေးမယ်ဆိုရင်လည်း မိန်းမနာမည်နဲ့ ပေးရတယ်။ အိမ်တို့ခြံတို့မြေတို့ ကိုပေးမယ်ဆိုရင် မိန်းမနာမည်နဲ့ မှတ်ပုံတင်ပြီး ပေးရတယ်။ ဒါကြောင့်မို့လို့ ပိုင်ဆိုင်မှုဟာ သီးခြားစီဖြစ်တယ်။ နှစ်ဦးလက်ထက်ပွားပစ္စည်းဆိုတာ မရှိပါဘူး။ ဒါကြောင့်မိန်းမနာမည်နဲ့ ရှိတဲ့ပစ္စည်းဟာ မိန်းမပိုင်တာပဲ။ ယောက်ျားနာမည်နဲ့ရှိတဲ့ ပစ္စည်းမှန်သမျှဟာ ယောက်ျားပိုင်တယ်။ နှစ်ဦးသဘောတူ ပြတ်ပြီဆိုတာနဲ့ ထိမ်းမြားတဲ့အချိန်ကနေ ပြတ်စဲတဲ့အချိန်ထိ ပိုင်ဆိုင်မှု အားလုံးဟာ သူ့ဖာသာသူအားလုံး သီးခြားဖြစ်သွားပါပြီ။ ဒီလိုပဲ ဖြေရပါမယ်။

မေး – ကျမယောက်ျားက မူးယစ်ဆေးဝါးအမှုနဲ့ ထောင်ဆယ်နှစ်ကျသွားတာ နှစ်နှစ်လောက်ရှိပါပြီ။ ဒီကြားထဲမှာ စား၀တ်နေရေးကလည်း အဆင်မပြေ၊ ကလေးတွေရဲ့ ရှေ့ရေးကလည်း ရှိနေတော့ နောက်အိမ်ထောင်ပြုဖို့ စဉ်းစားနေပါတယ်။ အကယ်၍ အိမ်ထောင်ပြုလိုက်ရင် ဥပဒေနဲ့ညီပါသလား။

ဖြေ – မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရပြောရရင်တော့ ဓမ္မသတ်(၃၄)စောင်တွဲ၊ အိမ်မှုခန်းမှာ ယောကျာ်းဟာ နူနာရောဂါ စွဲကပ်သွားသည့်တိုင် ဇနီးမယားက ကွာလိုမှု မလျောက်နိုင်ဘူးလို့ ဆိုထားပါတယ်။ နောက်ဆုံးစီရင်ထုံးအနေနဲ့ “ဒေါ်လှလှဝင်းနဲ့ ဦးဘရှင်” ၁၉၉၁ ခုနှစ် စာမျက်နှာ (၁၅၉) အမှုစီရင်ထုံးမှာလည်း အဲဒီအတိုင်း ဆုံးဖြတ်ထားပါတယ်။ လင်ယောကျာ်းက ထောင် ၁၀ နှစ်ပဲကျကျ၊ အနှစ် ၂၀ ပဲကျကျ.. အဲဒါကို အကြောင်းပြုပြီး ကွာလိုမှု လျှောက်ဖို့ စိတ်မကူးပါနဲ့။ အကြံပေးချင်တာတခုက ကွာလိုမှု လျှောက်မယ်ဆိုရင် ဇနီးမယားအနေနဲ့ သူ့ကို လင်ယောကျာ်းက စိတ်၏ဆင်းရဲခြင်း၊ ကိုယ်၏ဆင်းရဲခြင်း ဖြစ်အောင် ဘာလုပ်သလဲဆိုတာကိုပဲ အခြေခံရတယ်။ ဒီမူးယစ်ဆေးဝါးလုပ်လို့ သူ့ကို စိတ်၊ကိုယ်ဆင်းရဲခြင်းဖြစ်အောင် ဘာတွေလုပ်သလဲဆိုတဲ့ အချက်တွေပေါ်မှာ မူတည်ပြီးမှသာ ကွာလိုမှုလျှောက်လို့ရပါတယ်။ ဒီအချက်တွေကို မဖော်ပြဘဲနဲ့ လင်ယောကျာ်းက ထောင် ၁၀ နှစ်ကျလို့ ကွာလိုမှုလျှောက်လို့တော့ မရနိုင်ဘူး။ ရနိုင်တဲ့ အခွင့်အရေးပေးထားတာက မိမိကိုယ်ကိုယ် စိတ်ဆင်းရဲအောင် ဘာတွေလုပ်လဲ ဆိုတာကို ခိုင်မာအောင် သက်သေပြပါ။ ထောင်မှာ ၁၀ နှစ်ကျတာကို အကြောင်းမပြပါနဲ့။ ကိုယ်ခံစားရတဲ့ အချက်ကိုမူတည်ပြီး၊ အကြောင်းပြပြီး ကွာလိုမှုလျှောက်မယ်ဆိုရင် ရပါတယ်လို့ အကြံပေးချင်ပါတယ်။
 

==========

Credit-ODVB TV News

 

 

Related Posts

"ကာမကိုလိမ်လည်ရယူမှု"

"ကာမကိုလိမ်လည်ရယူမှု"

ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း

လင် နှင့် မယား ကွာရှင်းခြင်း

ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု

ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate