ဥပဒေ အမေးအဖြေများ (ဗဟုသုတ) “ ဦးမြင့်လွင် (တရားလွှတ်တော်ရှေ့နေ)” ရေး သားပြုစု ထုတ်ဝေသည့် “ဥပဒေအရေး သိလိုရာမေး စာအုပ်” မှ ကောက်နှုတ် ဖော်ပြချက်ဖြစ်ပါသည်။

29-Jun-22 အခြား
ဥပဒေ အမေးအဖြေများ (ဗဟုသုတ) “ ဦးမြင့်လွင် (တရားလွှတ်တော်ရှေ့နေ)” ရေး သားပြုစု ထုတ်ဝေသည့် “ဥပဒေအရေး သိလိုရာမေး စာအုပ်” မှ ကောက်နှုတ် ဖော်ပြချက်ဖြစ်ပါသည်။

ဥပဒေ အမေးအဖြေများ (ဗဟုသုတ)
“ ဦးမြင့်လွင် (တရားလွှတ်တော်ရှေ့နေ)” ရေး သားပြုစု ထုတ်ဝေသည့် “ဥပဒေအရေး သိလိုရာမေး စာအုပ်” မှ ကောက်နှုတ် ဖော်ပြချက်ဖြစ်ပါသည်။ 
အမေးအဖြေများ 
၁။ ကလေးစွန့်ပစ်သည့်ကိစ္စ 
မေး - ရှေ့နေကြီးခင်ဗျား အပြစ်မဲ့တဲ့ ကလေးငယ်အား ရက်ရက်စက်စက် စွန့်ပစ်တဲ့ မိဘကို ဥပဒေအရ ဘယ်လို အရေးယူပါသလဲ။ 
ဖြေ - မိဘများအနေနဲ့ အသက်အရွယ် နုနယ်တဲ့ ကလေးငယ်တွေကို ကျွေးမွေး စောင့်ရှောက်ရမယ့် တာ၀န် ရှိပါတယ်။ အဲဒီတာ၀န်တွေကို ရှောင်တမ်းရင်တော့ ဥပဒေအရ အပြစ်ရှိပါတယ်။ မိမိကိုယ်ကို မထိန်းသိမ်းနိုင်သေးတဲ့ အသက် ၁၂ နှစ်အောက် ကလေးရဲ့မိဘနဲ့ အုပ်ထိန်းသူ တစ်ဦးဦးက လုံး၀စွန့်ပစ် ရန်အကြံဖြင့် မည်သည့်နေရာတွင်မဆို စွန့်ပစ်ရင် ထိုသူကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ- ၃၁၇ အရ အရေး ယူပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ပါတယ်။ 
၂။ ကလေးစရိတ် 
မေး - ကျွန်မနဲ့ ခင်ပွန်းသည်တို့ ကလေး သုံးနှစ်သားအရွယ်မှာ စိတ်သဘောထားခြင်း မတိုက်ဆိုင်လို့ တရား၀င် ကွာရှင်း ခဲ့ကြပါတယ်။ လင်မယားကွဲတာ နှစ်နှစ်ရှိပါပြီ။ မယားနဲ့ ကလေးစရိတ် တောင်းလို့ရပါ သလား။ ကလေးစရိတ်ကို ကလေး ဘယ်အရွယ်အထိ ရခွင့်ရှိပါသလဲ။ ဘယ်လိုလျှောက်ရမလဲ သိပါ ရစေ။ 
ဖြေ - ကမ္ဘာ့နိယာမအရ မိမိရဲ့ သားမယားကို ကျွေးမွေးစောင့်ရှောက်ရမည့် တာ၀န် လင်ယောင်္ကျားမှာ ရှိပါတယ်။ မင်္ဂလာ ၃၈ ပါးမှာလည်း “ပုတ္တဒါရဿ သင်္ဂဟော” ဟူ၍ လည်းကောင်း၊ သင်္ဂါလောဝါဒသုတ်တွင် လည်း လင့်၀တ္တရား ငါးပါး ပြဆိုထားပါတယ်။ ပြီးတော့ သားမယားကို လုပ်ကျွေးပြုစုရန် တာ၀န်မကျေ ပျက်ကွက်တဲ့ လင်ယောင်္ကျားကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ- ၄၈၈ အရ ပြစ်မှုသေးအဖြစ် ရာဇ၀တ် တရားရုံးမှာ ဦးတိုက်လျှောက်ထား စွဲဆိုနိုင် ကြောင်း ပြဌာန်းထားပါတယ်။ အခုကိစ္စမှာ လင်မယားနှစ်ဦး သဘောတူ တရား၀င် ကွာရှင်းထားပြီးဖြစ်လို့ မယားစရိတ် ရခွင့်မရှိပါဘူး။ ကလေးစရိတ်ပဲ ရခွင့်ရှိပါ တယ်။ ဥပဒေအရ သားသမီးများအား ထောက်ပံ့ရန် အသက်ကန့်သတ်ချက် မရှိကြောင်း “ဦးမောင်ပြန့်နဲ့ ဒေါ်ခင်မြအမှု၊ ၁၉၈၉၊ မတစ၊ စာ-၇”မှာ ပြဆိုထားပါတယ်။ မိမိကိုယ်မိမိ ရပ်တည်နိုင်သည် အထိ ထောက်ပံ့ရမှာ ဖြစ်ပါတယ်။ အမှုစွဲမယ်ဆိုရင် လင်ဖြစ်သူနေထိုင်ရာဒေသ (သို့မဟုတ်) လင်မယားနှစ်ဦး နောက်ဆုံး အတူနေထိုင်ရာ အရပ်ရှိ တရားရုံးမှာ တရားစွဲရပါမယ်။ တရားမကြောင်းနဲ့လည်း ဖခင်ရဲ့ လုပ်ငန်းအပေါ် မူတည်၍ ကလေးစရိတ်ကို စွဲဆိုတောင်းခံနိုင်ပါတယ်။ တရားစွဲရာမှာ သားသမီးက ဖခင်ကို တရားစွဲလို့မရပါဘူး။ ကလေးရဲ့ မိခင်က စွဲရပါမယ်။ ကလေးစရိတ်ကို တောင်းတဲ့အချိန်က စလို့ ရပါမယ်။ နောက်ကြောင်းပြန်မပေးပါဘူး။ ဖခင်ကွယ်လွန် သွားရင် ကလေးစရိတ် ရခွင့်မရှိတော့ပါဘူး။ 
၃။ ကလေးအဖေ ဘယ်သူလဲ။ 
မေး - ကျွန်တော်နဲ့ ဇနီးသည်တို့ စိတ်သဘောထားခြင်း မတိုက်ဆိုင်လို့ တရား၀င် ကွာရှင်းခဲ့ကြပါတယ်။ ကွာရှင်းပြီး ကိုးလအကြာမှာ ပြတ်စဲခဲ့တဲ့ ဇနီးဟောင်းက သားလေးမွေးပါတယ်။ အဲဒီကလေးဟာ ကျွန်တော်နဲ့ ရတဲ့ကလေးဆိုပြီး ပြဿ နာရှာနေပါတယ်။ ဘယ်လိုဖြေရှင်းရမလဲဆိုတာ ဥပဒေအကြံဥာဏ် ပေးစေလိုပါတယ်။ 
ဖြေ - လူမှုရေးနယ်ပယ်မှာ ဖြေရှင်းရ အလွန်ခက်တဲ့ ကိစ္စပါ။ ကိုယ့်သွေးသားလား၊ သူ့သွေးသားလား ဆိုတာ ကာယကံရှင်တွေ အသိဆုံးပါပဲ။ ဥပဒေနယ်ပယ်မှာတော့ ပေါင်းသင်းခြင်း ရပ်စဲပြီးနောက် မိန်းမ ဖြစ်သူဟာ နောက်အိမ်ထောင် မပြုဘဲ ရက်ပေါင်း ၂၈၀ အတွင်း သားသမီးမွေးဖွားရင် ပြတ်စဲခဲ့တဲ့ ယောင်္ကျားနဲ့ရတဲ့ တရား၀င် (Legitimate) သားသမီးဖြစ်တယ်လို့ မှတ်ယူကြောင်း သက်သေခံဥပဒေ ပုဒ်မ- ၁၁၂ မှာ ပြဆိုထားပါတယ်။ ဒီတော့ ကိုယ့်ကလေး ဟုတ်မဟုတ် ဒီအင်အေ စစ်ကြည့်လိုက်ဖို့ အကြံပြုပါရစေ။ 
၄။ ကာယကံရှင် သဘောတူညီချက်အရ ဓားနဲ့ခုတ်တဲ့ကိစ္စ 
မေး - ကျွန်တော်တို့ရွာမှာ ဓားပီးတုတ်ပီးတဲ့ လူတစ်ယောက်ရှိပါတယ်။ သူ့ကို ဓားနဲ့ထိအောင် ခုတ်နိုင်တဲ့ လူကို ဆုငွေ တစ်ထောင် ပေးမယ်လို့ စိမ်ခေါ်နေပါတယ်။ မတော်တဆ ထိခိုက်မိလို့ သေသွားရင် အပြစ်ရှိ လား။ စမ်းကြည့်ချင်လို့ပါ။ 
ဖြေ - သေစေရန်ဖြစ်စေ၊ အပြင်းအထန် နာကျင်စေရန်ဖြစ်စေ အကြံမရှိဘဲ အသက် ၁၈ နှစ်ပြည့်သူက မိမိအပေါ်ကျရောက် လာမယ့် အန္တရာယ်ကို ခံယူရန် သဘောတူညီချက်အရ ပြုလုပ်တာ ဖြစ်မှုမမြောက် ပါဘူး။ ပြစ်မှုပုဒ်မ - ၈၇ အရ ကင်းလွတ်ခွင့်ရပါတယ်။ လက်ဝှေ့ပွဲ၊ သိုင်းပြိုင်ပွဲလို ဟာမျိုးပေါ့။ ဒါပေမယ့် အရမ်းတော့ မလုပ်လိုက်ပါနဲ့။ ရုံးရောက် ဂါတ်ရောက်မယ့် အလုပ်တွေ ရှောင်တာ အကောင်းဆုံးပါပဲ။ 
၅။ ကြွေးမပေးနိုင်သူ ပိုင်တဲ့ပစ္စည်းကို ၀င်သိမ်းလို့ ရ ၊မရ။ 
မေး - ကျွန်တော်က လူတစ်ယောက်ဆီက ဖွင့်ပြောလို့မရတဲ့ ကိစ္စနဲ့ ငွေရဖို့ရှိပါတယ်။ တောင်းလို့လည်း မရဘူး။ ရှောင်တိမ်းနေပါတယ်။ အဲဒါ သူ့အိမ်မှာရှိတဲ့ ပစ္စည်းတွေကို ၀င်သိမ်းလို့ ရပါသလား။ သိပါရစေ။ 
ဖြေ - ဖွင့်ပြောလို့မရတဲ့ ကိစ္စဆိုတော့ ဥပဒေနဲ့ မကင်းတဲ့ ကိစ္စပဲဖြစ်ရမယ်။ သူများပိုင်တဲ့ ပစ္စည်းကို ကျော် နင်း၀င် ရောက်ပြီး သွားမသိမ်းလိုက်နဲ့နော်။ အချုပ်ထဲ ရောက်နေဦးမယ်ကွဲ့။ ဒီလိုရှိပါတယ်။ မိမိရရန် ရှိတဲ့ ငွေကြေးကို ဥပဒေနဲ့အညီ တရားစွဲပြီးတောင်းရမှာ ဖြစ်ပါတယ်။ မပေးရင် သူ့ပိုင်ပစ္စည်းကို ၀ရမ်းကပ်လို့ရ ပါတယ်။ ဥပဒေနဲ့ မညီတဲ့ကိစ္စကို ပဋိညာဉ်ဥပဒေ ပုဒ်မ-၃၀ အရ အလောင်းအစား သဘောမျိုးဖြင့် (By Way of Wager) ပြုလျှင်ဖြစ်စေ၊ တရားမ၀င် ပျက်ပြယ်တဲ့အတွက် တရားစွဲလို့ မရတဲ့အပြင် ပစ္စည်းသိမ်း လို့လည်း မရကြောင်း ပြန်ကြားလိုက်ပါတယ်။ 
၆။ ကလေးအလောင်း ဖျောက်ဖျက်သည့်ကိစ္စ 
မေး - မသိလို့မေးကြည့်တာပါ။ ကျွန်မရဲ့ကိုယ်၀န်ကို အရပ်၀မ်းဆွဲနဲ့ အိမ်မှာမွေးပါတယ်။ မမျှော်လင့်ဘဲ မီးဖွားရခက်လို့ ကလေးသေ သွားပါတယ်။ အဲဒါ ကလေးအလောင်းကို ခြံထဲမှာ မြှုပ်တာ အပြစ်ရှိပါသ လား ရှေ့နေကြီး။ 
ဖြေ - အပြစ်ရှိပါတယ်။ ဘာပြုလို့လဲ ဆိုတော့ ပြစ်မှုပုဒ်မ- ၃၁၈ အရ ကလေးမွေးဖွားရာတွင် ကလေးသေ ဆုံး၍ ထိုကလေး၏ အလောင်းကို တိတ်တဆိတ် ဖျောက်ဖျက်ခြင်းဖြင့် ကလေးမွေးဖွားခြင်းကို တမင်ထိန် ချန်လျှင် (သို့မဟုတ်) ထိန်ချန်ရန် အားထုတ်လျှင် ၂ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါတယ်။ ဒီပုဒ်မက ကလေးမွေးဖွားတာကို ထိန်ချန်ချင်တဲ့ သူကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ခုဟာက ကိုယ့်ရပ်ရွာမှာ အမှန်တကယ် မွေးဖွားတာဖြစ်လို့ သက်ဆိုင်ရာကို အသိပေးအ ကြောင်းကြားပါလို့ အကြံပေးလိုပါတယ်။ 
၇။ ကလေးသူငယ်ပြုလုပ်မှု ပြစ်မှုမြောက်မမြောက် ပြဿနာ 
မေး - ကျွန်မမှာ သား ၃ ယောက်ရှိပါတယ်။ ၇ နှစ်၊ ၉နှစ်နဲ့ ၁၀ နှစ် အရွယ်တွေပါ။ ဘမျိုးဘိုးတူလို့လား မသိဘူး။ ကလေးတွေက အတော်လေး ဆိုးပါတယ်။ ကျောင်းမှာ လိုက်ပြီးဖြေရှင်းရ၊ ထိပ်ပေါက်ခေါင်းကွဲ လုပ်ခဲ့လို့ ခဏခဏ တောင်းပန်နေရပါတယ်။ အသက်အန္တရာယ် ထိခိုက်အောင်လုပ်ခဲ့ရင် အပြစ် ရှိ၊မရှိ ဥပဒေအရ သိလိုပါတယ်။ 
ဖြေ - သားသမီးရှိတဲ့ မိဘတွေအနေနဲ့ အင်မတန်မေးသင့်တဲ့ မေးခွန်းပါ။ ကလေးငယ်တွေနဲ့ ပတ်သက်ပြီး ဥပဒေအရ ကင်းလွတ်ခွင့်အနေနဲ့ အကာအကွယ် ပေးထားပါတယ်။ အသက် ခုနစ်နှစ်အောက်ကလေး၏ ပြုလုပ်မှုဟာ ပြစ်မှုမမြောက်ပါဘူး။ (ပြစ်မှုပုဒ်မ- ၈၂ နှင့် ကလေးသူငယ် ပုဒ်မ -၂၈(က))၊ ပြီးတော့ အမြော်အမြင် အဆင်အခြင် မပြည့်စုံသေးတဲ့ အသက် ၇ နှစ်အထက်နှင့် ၁၂ နှစ်အောက် အရွယ်ရှိ ကလေး ရဲ့ပြုလုပ်မှုဟာ ပြစ်မှုမမြောက်ပါဘူး။ (ပြစ်မှု ပုဒ်မ- ၈၃ နှင့် ကလေးသူငယ်ပုဒ်မ - ၂၈(ခ)) 
၈။ ကလေးစရိတ်တောင်းခံခွင့် 
မေး - သားသမီးက ဖခင်ထံ ကလေးစရိတ် တောင်းလို့ ရ၊ မရ သိပါရစေ။ တူလေးရဲ့ ရှေ့ရေးအတွက်ပါ။ 
ဖြေ - အရွယ်မရောက်သူ သားသမီးက ဖခင်အား ကလေးစရိတ် ရလိုကြောင်း တရားစွဲဆိုခွင့်နှင့် စပ်လျဉ်း ၍ ပြဌာန်းချက် တစ်စုံတစ်ရာ မရှိသဖြင့် မြန်မာနိုင်ငံ ဥပဒေများဆိုင်ရာ ဥပဒေပုဒ်မ-၁၃(၃) တွင် ပြဌာန်း ထားသည့်အတိုင်း တရားမျှတမှု၊ သာနာညီမျှမှု၊ ကောင်းမြတ်သော စိတ်ထားတို့နှင့်အညီ အဆုံးအဖြတ် ပြုရန် ဖြစ်သည်။ သို့ပါ၍ ကျွေးမွေးထောက်ပံ့ရန် တာ၀န်ပျက်ကွက်သည့် ဖခင်အပေါ် သားသမီးက ကလေးစရိတ် ရလိုကြောင်း တရားမကြောင်းအရ တရားစွဲခွင့်ရှိကြောင်း အောက်ပါ စီရင်ထုံးအရ ဆုံးဖြတ်ထားပါတယ်။ (မအေးတည်ငြိမ် အရွယ်မရောက်သူ (၄င်း၏ နီးစပ်ရာမိတ်ဆွေ မနုနုရီ) နှင့် ဦးကြည်လွင်၊ ၁၉၈၇၊ မတစ ၉၉၊ (၁၀၆)) 
၉။ ကလေးသူငယ် 
မေး - ရှေ့နေကြီးခင်ဗျား ။ မိဘတစ်ဦးအနေနဲ့ ကလေးသူငယ်နဲ့ ပက်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် သိလို ပါတယ်။ ကလေးပြစ်မှုကျူးလွန်ရင် ဘယ်လို အပြစ်ပေးပါသလဲ။ 
ဖြေ - ဒီမေးခွန်း ဘယ်သူမေးမလဲလို့ စောင့်နေတာ။ အရမ်းဖြေချင်လို့ပါ။ ဒီလိုရှိပါတယ်။ အသက် ၁၆ နှစ် မပြည့်သေးသူကို ကလေးသူငယ်လို့ ခေါ်ပါတယ်။ (ကလေးပုဒ်မ - ၂(က)) 
(၁) ကလေးသူငယ်တစ်ဦး ပြစ်မှုကျူးလွန်က(သို့မဟုတ်) အမှု၌ တရားခံဖြစ်ပါက ဦးစွာ ကလေးသူငယ် ဟုတ်၊ မဟုတ် သတ်မှတ်ဖို့ လိုပါတယ်။ 
(က) တရားရုံးသို့ တင်ပို့သည့်နေ့တွင် အသက် ၁၆ နှစ်မပြည့်လျှင် ကလေးသူငယ်ဟု သတ်မှတ်၍ ကလေးသူငယ် စစ်ဆေးနည်းအတိုင်း စစ်ဆေးပါတယ်။ 
(ခ) ကလေးသူငယ်ဖြစ်ကြောင်း မြင်သာလျှင် စစ်ဆေးမှု မပြုပါဘူး။ 
(ဂ) ဆေးစစ်ရင် ဆရာ၀န်ကိုရုံးခေါ်၍ စစ်ဆေးစေပါတယ်။ 
(ဃ) သေဒဏ် တစ်ကျွန်းခံထိုက်သည့် ပြစ်မှုမဟုတ်လျှင် သမ္ဗာန်မှု စစ်ဆေးနည်းအတိုင်း စစ်ဆေးပါ တယ်။ 
(၂) ကလေးသူငယ်နှင့် လူကြီးတရားခံ ပူးတွဲမှုခင်းတွင် ဖြစ်နိုင်ပါက သီးခြားစီခွဲထုတ်၍ စစ်ဆေးပါတယ်။ 
(၃) တရားခွင်တွင် တခမ်းတနား စစ်ဆေးရန် မဟုတ်ဘဲ ရုံးအလုပ်ခန်း၌ စစ်ဆေးခြင်းအတိုင်း စစ်ဆေးပါ တယ်။ 
(၄) ကလေးနှင့်လူကြီး ပူးတွဲကျူးလွန်တဲ့ပြစ်မှု ဖြစ်ပါက ဖြောင့်ချက်ပေးထားသော တရားခံက မိမိရော ပူးတွဲတရားခံ များပါ ပြစ်မှုကျူးလွန်သည်ဟု ထွက်ဆိုထားလျှင် ကလေးသူငယ်အား လူကြီးတရားခံများနှင့် အတူ ပူးတွဲ၍စစ်ဆေးပါမယ်။ 
(၅) ကလေးသူငယ်အား သာမန်အားဖြင့် ထောင်ဒဏ် ချမှတ်ခြင်း မပြုပါဘူး။ ကလေးသူငယ်သည် တည် ဆဲဥပဒေ တစ်ရပ်ရပ်အရ သေဒဏ်(သို့မဟုတ်) တစ်သက်တစ်ကျွန်းဒဏ် ချမှတ်နိုင်သောပြစ်မှုကို ကျူး လွန်သည်ဟု လည်းကောင်း၊ အကျင့်စာရိတ္တလွန်ကဲစွာ ပျက်စီးနေသော သို့မဟုတ် မည်သည့်နည်းနှင့်မျှ ထိန်းသိမ်းမရနိုင်သော ဆိုးသွမ်းနေသည့် ကလေးဖြစ်သည်ဟုလည်းကောင်း၊ ကလေးသူငယ်တရားရုံးက ယုံကြည်မှသာ ထောင်ချပါ့မယ်။ ယင်းသို့ချမှတ်သော ထောင်ဒဏ်သည် ၇ နှစ်ထက် မပိုရပါဘူး။ (ကလေးပုဒ်မ-၄၆) 
(၆) ကျူးလွန်သော ပြစ်မှုသည် ကြီးလေးခြင်း မရှိသည့်အပြင် ကလေးသူငယ်မှာလည်း အကျင့်စာရိတ္တ ပျက်ပြားခြင်း မရှိက ဆုံးမ၍ လွှတ်နိုင်သည်။ သို့မဟုတ် အသက် ၁၄ နှစ်ပြည့်ပြီး ၀င်ငွေရရျိသည့် ကလေး ဖြစ်က ငွေဒဏ် တပ်ရိုက်နိုင်သည်။ (ကလေးပုဒ်မ - ၄၇ (က) ၀င်ငွေမရှိသော ကလေးဖြစ်က အုပ်ထိန်း သူ မိဘကို ငွေဒဏ်တပ် ရိုက်ပါသည်။) 
(၇) ကလေးအကျင့်မပျက်က ၃ နှစ်ထက်မပိုသော ခံ၀န်ချုပ်ဖြင့် မိဘ၊ အုပ်ထိန်းသူထံ ပြန်အပ်နှံပါသည်။ (ကလေး ပုဒ်မ - ၄၇(ခ)) 
(၈) ၃ နှစ်ထက်မပိုသော ကာလအတွင်း ကလေးသူငယ် ကြီးကြပ်သူ၏ ကြီးကြပ်စီမံခြင်းကို ခံယူစေနိုင် သည်။ (ကလေးပုဒ်မ - ၄၇(ဂ))
(၉) ဆိုဆုံးမခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်သော အခြေအနေမရှိလျှင် ထိုကလေးငယ်အား ၂ နှစ်ဖြစ် စေ၊ အများဆုံး အသက် ၁၈ နှစ်ပြည့်သည့် နေ့အထိဖြစ်စေ သင်တန်းတစ်ခုခုသို့ ပို့အပ်ကြောင်း ပြန်ကြား အပ်ပါသည်။ 
၁၀။ ကျူးကျော်သစ်ကိုင်း ခုတ်လို့ရ၊ မရ ပြဿနာ 
မေး - တစ်ဖက်ခြံက ကုက္ကိုပင်ရဲ့ အကိုင်းတစ်ကိုင်းဟာ ကျွန်တော့်ခြံဖက် ကျူးကျော်နေပါတယ်။ အကိုင်း ဖြတ်ပေးဖို့ တစ်ဖက်ခြံက ပိုင်ရှင်ထံ သွားပြောတော့ တိုင်ချင်ရာ တိုင်လို့ ပြောပါတယ်။ အဲဒါ ဘယ်လိုလုပ် ရမလဲဆိုတာ သိပါရစေ။ 
ဖြေ - ဒီလိုရှိပါတယ်။ တစ်ဖက်ခြံက သစ်ပင်ရဲ့ အကိုင်းဟာ မိမိခြံအတွင်း ကျူးကျော်ခြင်းကြောင့် မိမိရဲ့ အဆောက်အဦး တွေပျက်စီးမယ်၊ သစ်ပင်ပန်းမာလ်များ ပျက်စီးနစ်နာမယ်ဆိုရင် ရှေ့ဦးစွာ ရပ်ကွက် ကောင်စီရုံး (ယခု အုပ်ချုပ်ရေးမှူး ရုံး)မှာ ညှိနှိုင်းကြည့်ပါ။ မပြေလည်ရင် သက်ဆိုင်ရာ မြို့နယ်စည်ပင် သာယာ အုပ်ချုပ်ရေးမှူးထံ တိုင်ပါ။ အဲဒါမှ မလိုက်လျောဘူး ဆိုရင်တော့ သက်ဆိုင်ရာ တရားရုံးမှာ “ ကျူးကျော်နေတဲ့ သစ်ကိုင်းကို ဖြတ်ပေးရန်နှင့် နောက်ထပ်သစ်ကိုင်းများ ထပ်မံမကျူးကျော်စေရန်အတွက် အမြဲတား၀ရမ်းထုတ်ပေးဖို့” တရားမကြောင်းနဲ့ တရားစွဲဆိုရမည်ဖြစ်ကြောင်း ပြန်ကြားအပ်ပါတယ်။ 
၁၁။ ကန်ထရိုက်တိုက်ခန်းကိစ္စ 
မေး - ကန်ထရိုက် အပျောက်တိုက်ခန်းတွေ ၀ယ်ရင် စိတ်ချရအောင် ဘာတွေ စစ်ဆေးဖို့ လိုပါသလဲ။ 
ဖြေ - ကန်ထရိုက် တိုက်ခန်းဆိုတာ မြေရှင်ပိုင်တဲ့ မြေကွက်ပေါ်မှာ ကန်ထရိုက်ပိုင်ငွေနဲ့ ဆောက်လုပ်ပြီး ဖြစ်ပေါ်လာမယ့် တိုက်သစ်အပေါ် အခန်းပေးအခန်းယူ ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ အပျောက်တိုက်ခန်း ဆိုတာ နေထိုင်ခွင့်၊ ငှားရမ်းခွင့် ထပ်ဆင့်လွှဲပြောင်းခွင့်ရှိတဲ့ Tanant ခေါ် အိမ်ငှားပဲဖြစ်ပါတယ်။ ၁၉၆၀ ပြည့်နှစ် ငှားရမ်းခ ကြီးကြပ်ရေး အက်ဥပဒေကို လိုက်နာရပါမယ်။ ၀ယ်တဲ့အခါမှာ စစ်ဆေးရမယ့် အချက် တွေကတော့- 
(၁) မြေရှင်နှင့် ကန်ထရိုက်တာတို့ အခန်းပေးအခန်းယူ ကန်ထရိုက် တိုက်သစ်ဆောက်လုပ်ရန် ချုပ်ဆို ထားတဲ့စာချုပ် အရ မိမိအားရောင်းချသည့် တိုက်ခန်းဟာ ရောင်းသူ အကျိုးခံစားခွင့် ရတဲ့အခန်း ဟုတ်၊ မဟုတ်။ 
(၂) နာမည်ပျက်ရှိတဲ့ ကန်ထရိုက် ဟုတ်၊ မဟုတ်။ 
(၃) အခန်း၀ယ်တဲ့အခါ မြေရှင်လက်မှတ်ထိုးရင် စိတ်ချရပါမယ်။ 
(၄) စာချုပ်မှာ တိုက်ခန်းကို ဘယ်နေ့အပ်မလဲ ပါဖို့လိုပါတယ်။ 
(၅) လူနေထိုင်ခွင့်လည်း ပါရပါမယ်။ 
ကန်ထရိုက် တိုက်ခန်း၀ယ်ရာမှာ စွန့်စားပြီး ၀ယ်ရပါတယ်။ မိမိ၀ယ်တဲ့ အခန်းကို ဘယ်နှစ်ယောက်ရောင်း ချထားတယ်။ ဘယ်သူ့ဆီမှာ ပေါင်နှံထားတယ်ဆိုတာ မသိနိုင်ပါဘူး။ Buyer Risk လို့ ဆိုထားပါတယ်။ ခွင်ကောင်းလို့ ၀င်အောင်းတဲ့ ကန်ထရိုက်တာနဲ့ တွေ့ရင်တော့ နာပြီပေါ့ဗျာ။ 
၁၂။ ကုန်အမှတ်တံဆိပ် 
မေး - ထုတ်လုပ်တဲ့ ကုန်ပစ္စည်းကို မှတ်ပုံတင်မယ်ဆိုရင် ဘယ်လိုဆောင်ရွက်ရမလဲ။ 
ဖြေ - မိမရဲ့ ကုန်ပစ္စည်းကို မှတ်ပုံတင်တော့မယ်ဆိုရင် အောက်ပါတို့ကို သိထားဖို့ လိုပါတယ်။ 
(၁) ကုန်အမှတ်တံဆိပ် 
ကုန်အမှတ်တံဆိပ် ဆိုသည်မှာ တစ်စုံတစ်ဦး၏ ထုတ်လုပ်သော/ ဆောင်ရွက်ပေးသော ကုန်စည် /သို့မ ဟုတ်/ ၀န်ဆောင်မှု တစ်ရပ်ချင်းစီကို ခွဲခြားသိရှိစေရန် အသုံးပြုသော ထူးခြားသည့် အသွင်ဆောင်သော အမှတ်အသား ဖြစ်သည်။ ကာကွယ်မှု သက်တမ်းမှာ အမျိုးမျိုးကွဲပြားသော်လည်း အကန့်အသက်မရှိ သက်တမ်း တိုးနိုင်သည်။ 
(၂) ဥပေဒ 
ကုန်အမှတ်တံဆိပ်ဥပဒေ သီးခြားမရှိပါ။ ပြဌာန်းဥပဒေ မရှိသော်လည်း စီရင်ထုံးများမှ ထိုက်သင့်အား လျော်စွာ အကာအကွယ် ပေးထားပါသည်။ 
(၃) မှတ်ပုံတင်ခြင်း 
စာချုပ်စာတမ်း မှတ်ပုံတင်ရုံးများမှ ၁၉၀၈ ခုနှစ် စာချုပ်စာတမ်း မှတ်ပုံတင်အက်ဥပဒေ ပုဒ်မ- ၁၈(ခ)နှင့် စာချုပ်စာတမ်း အမိန့်ဆင့်ဆိုချက်- ၁၃ (Direction-13)အရ မြွတ်ဟကြေညာစာတမ်းအဖြစ် မှတ်ပုံတင် ပေးခြင်း ဖြစ်သည်။ ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရပါမည်။ 
မြွတ်ဟကြေညာစာတမ်း ဖြစ်၍ အောက်ပါ ၀န်ခံချက်များကို မှတ်ပုံတင်သွင်းသူမှ ရေးသားဖော်ပြရပါမည်။ 
(က) ဤတံဆိပ် အမှတ်အသားကို မိမိထုတ်ကုန် ကုန်စည်/ ၀န်ဆောင်မှုလုပ်ငန်းပေါ်တွင် ကပ်နှိပ်အသုံး ပြု လျက်ရှိကြောင်း 
(ခ) ယင်းကုန်အမှတ် တံဆိပ်ကို မိမိကိုယ်ပိုင် ဥာဏ်ဖြင့် တီထွင်ခြင်းဖြစ်ကြောင်း 
(ဂ) အခြား တစ်စုံတစ်ရာမှ တိုက်ရိုက်/ ဆင်တူရိုးမှား တုပကူးယူထားခြင်း မရှိကြောင်း 
(ဃ) မည်သူ တစ်ဦးတစ်ယောက်မျှ ထုတ်လုပ်ရောင်းချခြင်း/ ပြုလုပ်သုံးစွဲခြင်းကို မတွေ့မမြင် မကြား သိကြောင်း 
(၄) မှတ်ပုံတင်ခွင့် မရှိသော ကုန်အမှတ် တံဆိပ်များ 
စာချုပ်စာတမ်း မှတ်ပုံတင် အမိန့်ဆင့်ဆိုချက်-၁၃ (Direction-13)ပါ တားမြစ်ချက်အရ မှတ်ပုံတင်ခွင့်မရှိ သော ကုန်အမှတ် တံဆိပ်များမှာ... 
ကျင့်၀တ် သိက္ခာကြောင်း (သို့မဟုတ်) ဥပဒေကြောင်းအရ မသင့်လျော်ဟု ယူဆရသော တံဆိပ် အမှတ် အသား၊ 
ကိုးကွယ်သော ဘာသာရေး တစ်ရပ်ရပ်၏ ယုံကြည်မှုကို ထိခိုက်ဖွယ်ရှိသည်ဟု ယူဆရသော တံဆိပ် အမှတ်အသား၊ 
လိမ်လည် လှည့်ဖြားပြုလုပ်သော စာရွက်စာတမ်းဖြင့် ပြုလုပ်သည်ဟု ယူဆရသော တံဆိပ်အမှတ် အသား၊ 
ငွေစက္ကူတစ်မျိုး၏ အရောင်အသွေးကို တုပထားသော တံဆိပ်အမှတ်အသား၊ 
ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံပါ၀င်သော တံဆိပ်အမှတ်အသား၊ 
၄င်းအပြင် နိုင်ငံတော်အလံနှင့် နိုင်ငံတော် အထိမ်းအမှတ်တံဆိပ် ဥပဒေအရ တားမြစ်ထားသည့် နိုင်ငံတော်အလံနှင့် နိုင်ငံတော် တံဆိပ်များကို လည်း ကုန်အမှတ် တံဆိပ်အဖြစ် သုံးစွဲခြင်းမပြုရပါ။ 
(၅) မြန်မာနိုင်ငံတွင် ကုန်အမှတ်တံဆိပ် ပိုင်ဆိုင်မှုနှင့် ပက်သက်၍ မှတ်ပုံတင် ဥပဒေမရှိပါ။ ထိုသို့ မရှိ ကြောင်း စီရင်ထုံးများတွင် တညီတညွတ်တည်း ဖော်ပြထားပါသည်။ (တီစီမိုဟာမက်နှင့် အေကွန်ဂျလမ်၊ ၁၉၅၁၊ မတစ- ၉၈၊ တရားလွှတ်တော်) 
(၆) ကုန်အမှတ်တံဆိပ်၏ ပိုင်ဆိုင်မှုကို အသုံးပြုခြင်းဖြင့်သာ ရရှိပါသည်။ မှတ်ပုံတင်ရရုံဖြင့် အခွင့်အရေး မရရှိပါ။ မှတ်ပုံတင်ခြင်းသည် မှတ်ပုံတင်သည့် နေ့ရက်မှစ၍ ယင်းအခွင့်အရေးကို တောင်းဆိုနိုင်ရန်ဖြစ် သည်။ (ဦးကျော်နှင့် ဦးဘအေး၊ ၁၉၆၂၊ မတစ -၁၈၇၊ ရုံးချုပ်) 
(၇) ကုန်အမှတ် တံဆိပ်ကို တစ်ဦးထက် ပိုသူများက အသုံးပြုနေကြလျှင် ရှေးဦးစွာ အသုံးပြုသူသာ ကုန်အမှတ် တံဆိပ်ပိုင်ဆိုင်မှုကို ရရှိပေမည်။ 
(၁) ဦးမောင်ငွေနှင့် မစ္စတာဘီလားလီ၊ ၁၉၆၂၊ မတစ-၉၃၊ ရုံးချုပ် 
(၂) ဦးချစ်ဆွေနှင့် မသန်း၊ ၁၉၅၈၊ မတစ-၃၇၇၊ လွှတ်တော် 
(၈) ကုန်အမှတ်တံဆိပ် ပိုင်ဆိုင်သုံးစွဲခွင့်ကို အမွေဆက်ခံနိုင်သည်။ 
(မသန်း ပါ-၃၊ မအမာ(ခ) မအမာထွေးနှင့် ဦးချစ်ထွေး၊ ၁၉၆၁၊ မတစ-၁၃၆၊ ရုံးချုပ်) 
(၉) ကုန်အမှတ်တံဆိပ် ဖော်ဖျက်သူသည် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ-၄၈၃ အရ ပြစ်မှုကြောင်းဖြင့်လည်း စွဲဆိုနိုင်ပါသည်။ 
ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ - ၄၈၃ 
အခြားသူ သုံးစွဲသော ကုန်တံဆိပ်သော်လည်းကောင်း၊ ပစ္စည်းတံ ဆိပ်သော်လည်းကောင်း အတုပြုခြင်း။ (၂ နှစ်ထိ ထောင်ဒဏ် တစ်မျိုးမျိုး/ ငွေဒဏ်/ ဒဏ်နှစ်ရပ်လုံး) 
(၁၀) တရားမကြောင်းဖြင့် ၃ နှစ်အတွင်း ဖောက်ဖျက်သော အရပ်ရှိ တရားရုံးတွင် ကုန်အမှတ်တံဆိပ်ကို ဆက်လက် သုံးစွဲခြင်းမပြုရန်နှင့် နစ်နာကြေး တောင်းဆိုနိုင်ပါသည်။
 

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate