မြေခွန် ဘယ်အချိန် စည်းကြပ် ကောက်ခံသလဲ။
တောမြေခွန်၊ မြို့မြေခွန်နဲ့ ရေခွန်တာတမံခွန်များကို နှစ်တစ်နှစ်ရဲ့ ဘယ်အချိန်မှာ ပြုစုပြီး ကောက်ခံတယ်၊ မြေခွန် စည်းကြပ်တယ်၊ မြေခွန်ပြေစာပေးပြီး ငွေကောက်တယ်ဆိုတာကို သိရှိနိုင်ဖို့ဖြစ်ပါတယ်။ တောမြေခွန်လို့ ခေါ်ကြတဲ့ လယ်ယာမြေအတွက် မြေခွန်၊ မြို့မြေခွန်လို့ ခေါ်ဆိုကြတဲ့ ဂရန်ချထားပေးပြီး ကောက်ခံတဲ့ မြေခွန်၊ ဆည်ရေသောက်ဧရိယာများမှာ ရေသုံးစွဲမှုအတွက် ကောက်ခံတဲ့ ရေခွန် တာတမံခွန်များကို ဆိုလိုခြင်းဖြစ်ပါတယ်။
ဥပဒေအရ အခွန်စည်းကြပ်တဲ့ဌာန၊ အခွန်ကောက်ခံတဲ့ဌာန မတူကြပါဘူး။ စည်းကြပ်တဲ့ဌာနက စာရင်းရေးသွင်း မှတ်တမ်းပြုစုရပြီး ကောက်ခံတဲ့ဌာနက အခွန်ငွေကောက်ခံခြင်း ဖြစ်ပါတယ်။ လယ်ယာမြေ၊ မြို့မြေများကို မြေစာရင်းဌာနက စည်းကြပ်စာရင်းမှတ်တမ်းပြုစုပြီး ထွေအုပ်ဌာနက ကောင်ခံခြင်း ဖြစ်ပါတယ်။ ရေခွန် တာတမံခွန်မှာလည်း အဆင့်ဆင့်သော ကောက်ခံရေးအဖွဲ့များက စည်းကြပ်ကောက်ခံကြပေမဲ့ အဓိကအားဖြင့် မြေစာရင်းဌာနက စည်းကြပ်စာရင်းပြုစု မှတ်တမ်းတင်ပြီး ဆည်မြောင်းဌာနက အခွန်ကောက်ခံခြင်းပဲ ဖြစ်ပါတယ်။
တောမြေခွန်နဲ့ မြို့မြေခွန်ကို အောက်မြန်မာပြည် မြေခွန်နည်းဥပဒေ အပိုဒ်-၈၁(က) အရ လည်းကောင်း၊ အထက်မြန်မာပြည် မြေနှင့် အခွန်စည်းမျဉ်း နည်းဥပဒေ အပိုဒ်-၁၄၈(ခ) အရလည်းကောင်း မြေခွန်ပြေစာများကို မြေစာရင်းဌာနက ပြုစုရေးသွင်းပြီး ပြေစာကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပေးပို့အပ်နှံကြပါတယ်။
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စိစစ်ပြီး စာရင်းသွင်း မှတ်တမ်းတင်ပါတယ်၊ ပြေစာမှာ ခရိုင်အုပ်ချုပ်ရေးမှူး (ကော်လိတ်တော်အရာရှိ) လက်မှတ် တံဆိပ်ရိုက်နှိပ်ပြီး မြို့နယ် ထွေအုပ်ကိုပေးပို့ပါတယ်။ မြို့နယ် ထွေအုပ်က စာရင်းသွင်းမှတ်တမ်းတင်ပြီး ရပ်ကျေး အုပ်ချုပ်ရေးမှူးရုံးကို ပေးပို့ပါတယ်။ ရပ်ကျေးရုံးမှာ စာရင်းသွင်း မှတ်တမ်းတင်ပြီး ရပ်ကျေးအုပ်ချုပ်ရေးမှူး လက်မှတ်ထိုးပြီး သက်ဆိုင်ရာ ပြည်သူများကို ငွေကောက်ခံရန် ပြေစာပေးပို့ခြင်း၊ ရုံးသို့ လာရောက်ယူစေခြင်းများ ဆောင်ရွက်ပြီး ငွေကောက်ခံပါတယ်။
ရေခွန်များကိုတော့ ၂၀၁၇ ခုနှစ်၊ ရေခွန်နှင့် တာတမံခွန်ဥပဒေအရ ရပ်ကွက်ကျေးရွာ ကောက်ခံရေးအဖွဲ့က မြေစာရင်းဌာနနဲ့ ဆည်မြောင်းဌာနတို့ရဲ့ အကူအညီနဲ့ ပြုစုပြီး မြေစာရင်းဌာနကို ပေးပို့ရပါတယ်၊ မြေစာရင်းဌာနက ပြေစာများပြုစုပြီး ခရိုင်ကောက်ခံရေးအဖွဲ့ ကိုပေးပို့ပါတယ်။ ခရိုင်ကမှတဆင့် မြို့နယ်နဲ့ ရပ်ကျေးကို ပြေစာပေးပို့ပြီး ရပ်ကျေးကပဲ ငွေကောက်ခံပေးရပါတယ်။
မိုးရာသီအတွက် ကောက်ခံစည်းကြပ်တဲ့ မြေခွန်ပြေစာများကို မြေစာရင်းဌာနက...
(က) နိုဝင်ဘာလ(၃၀)ရက်နေ့မှာ ပထမအရစ်၊ ဒီဇင်ဘာလ(၃၁)ရက်နေ့မှာ ဒုတိယအရစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့မှာ တတိယအရစ် အပြီး ရေးသွင်းအပ်နှံရပါတယ်။
(ခ) ရေခွန်၊ တာတမံခွန် ပြေစာများကို ဒီဇင်ဘာလ (၃၁)ရက်မှ ဇန်နဝါရီလ(၃၁)ရက်အတွင်း ရေးသားပြီး အပ်နှံရပါမယ်။
နွေရာသီအတွက် စည်းကြပ်ရတဲ့ မြေခွန်ပြေစာများကို မြေစာရင်းဌာနက...
(က) အောက်မြန်မာပြည်မှာ ဧပြီလ(၁)ရက်နေ့မှာ အပြီး၊ အထက်မြန်မာပြည်မှာ ဧပြီလ(၁၅) ရက်နေ့မှာအပြီး ရေးသွင်းအပ်နှံရပါတယ်။
(ခ) ရေခွန်၊ တာတမံခွန်ပြေစာများကို မေလ (၃၁)ရက်မှ ဇွန်လ(၃၀)ရက်အတွင်း အပြီးရေးသားပြီး အပ်နှံရပါတယ်။
မြို့မြေများအတွက် မြေခွန်ကို အောက်/အထက် မြေနှင့်အခွန်ဥပဒေများအရ ကောင်ခံပါတယ်။ လူနေထိုင်ရန်/စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် မြေငှားဂရန်ထုတ်ပေးထားမှုအပေါ် မူတည်ပြီး ကောက်ခံကြပါတယ်။ ဂရန်ထုတ်ပေးဖို့ အသင့်ဖြစ်တဲ့အချိန်မှာ မြေပိုင်ရှင်က ဘဏ်မှာသတ်မှတ်နှုန်းနဲ့ အခွန်ဆောင်ထားတဲ့ ဘဏ်ချလန်အထောက်အထား ပူးတွဲတင်ပြရပါတယ်။ ငွေသွင်းပြီးမှ ဂရန်ထုတ်ပေးမှာဖြစ်ပါတယ်။ မြေပိုင်ရှင်ကို ဂရန်ထုတ်ပေးပြီးရင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြေစာရင်းဌာနကို ဦးပိုင်မှတ်ပုံစာရင်း(၁-က) မှာ ရေးသွင်းဖို့ အကြောင်းကြားပါတယ်။
မြေစာရင်းဌာနက နှစ်စဉ် ဒီဇင်ဘာလ (၁)ရက်နေ့အတွင်း အကြောင်းကြားစာရရှိတဲ့ မြေကိုပဲ မြေငှားဂရန်ခွန်စည်းကြပ်ဖို့ ပြေစာရေးသားရပါတယ်။ ဒီကာလနောက်မှ အကြောင်းကြားလာတဲ့ မြေများကိုတော့ နောက်နှစ်ကျမှပဲ မြေငှားဂရန်ခွန်စည်းကြပ်ဖို့ ပြေစာရေးသားရပါတယ်။
ဒါကြောင့် သက်ဆိုင်ရာဌာနများနဲ့ အများပြည်သူက မြေခွန်ကောက်ခံမှုကို ဘယ်ကာလမှာအပြီး ရေးသားစည်းကြပ်ပြုစုကြတယ်၊ ဘယ်လိုဆောင်ရွက်ကြတယ်ဆိုတာ သိရှိနိုင်ဖို့နဲ့ သတ်မှတ်တဲ့ အချိန်ကာလအတွင်းမှာ ပြီးစီးအောင် ဆောင်ရွက်နိုင်ကြဖို့ဖြစ်ပါကြောင်း တင်ပြလိုက်ပါတယ်။
MYOMINTUN
ကူးယူဖော်ပြပါသည်။
အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ