အွန်လိုင်းမှာ အကျပ်ကိုင် ခြိမ်းခြောက်သူတွေကို လွတ်မြောက်ခွင့် မပေးပါနဲ့

12-Apr-23 အခြား
အွန်လိုင်းမှာ အကျပ်ကိုင် ခြိမ်းခြောက်သူတွေကို လွတ်မြောက်ခွင့် မပေးပါနဲ့

အွန်လိုင်းမှာ အကျပ်ကိုင် ခြိမ်းခြောက်သူတွေကို လွတ်မြောက်ခွင့် မပေးပါနဲ့
သင် နေ့စဉ် သုံးစွဲနေသည့် ဖေ့စ်ဘွတ်ခ် ၊  ဗိုက်ဘာ   အပါအဝင် အင်တာနက် လူမှုကွန်ရက်ပေါ်မှ   လိင်ပိုင်းဆိုင်ရာ   ခြိမ်းခြောက် ခြင်းဖြစ်စေ ၊ ငွေညှစ်တောင်းခံ ခြင်းဖြစ်စေ ၊ ကိုယ်တိုင်ကြုံတွေ့ ဖူးပါသလား ။  အကယ်၍ သင် ကိုယ်တိုင်လိင်ပိုင်းဆိုင်ရာ  ခြိမ်း ခြောက်ခြင်း ၊   ငွေညှစ်ခြင်းခံရပါက  မည်ကဲ့သို့  ဖြေရှင်း လုပ်ဆောင်မည်နည်း။
မြန်မာနိုင်ငံတွင် ဖေ့စ်ဘွတ်ခ် ၊ ဗိုက်ဘာအပါအဝင် အင်တာနက် မှ ရာဇဝတ်မှုကျူးလွန်သူများ အတွက် ထိရောက်စွာ အရေးယူရန် ဆိုက်ဘာ လုံခြုံရေးဥပဒေမရှိသေးဘဲ အင်တာနက်ကို အသုံးပြုကာ ဥပဒေမဲ့ပြုလုပ်ခြင်းကို မည်ကဲ့သို့ ဟန့်တားကာကွယ်မလဲ ဆိုသည့် မေးခွန်းမှာ ပြည်သူများအကြား အဖြေမရှိ ထိတ်လန့်နေဆဲ အနေအထားသာ ဖြစ်သည် ။ အထူးသဖြင့် မြန်မာမိန်းကလေးများ အတွက် ဖြစ်သည်။
လက်ရှိ အချိန်အထိ အွန်လိုင်းတွင် အမျိုးသမီးများအား ခြိမ်းခြောက် အကျပ်ကိုင်နေသူများကို ဖမ်းဆီး အရေးယူနိုင်သည့် ဖြစ်စဉ်တစ်ခုမျှ မရှိသေး ။ အွန်လိုင်းမှ နှစ်ဦးသဘောတူ ချိန်းဆိုပြီး ဖြစ်ပွားခဲ့သည့် မှုခင်းများသာ ရှိခဲ့သည်။ ယင်းအဓိပ္ပာယ်က လူသတ် လုယက်မှု နှင့်ဗီဒီယိုရိုက်ကူး ဖြန့်ချိသည့် မှုခင်းမျိုးမှလွဲ၍ ယခု ဖြစ်ပွားနေသည့် ခြိမ်းခြောက် အကျပ်ကိုင်မှုများမှာ လွတ်မြောက်နေဆဲ ဖြစ်သည်။
လွန်ခဲ့သည့် တစ်နှစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ်တွင် အင်တာနက်မှ ချစ်ကြိုက်နေသူ မိန်းကလေးကို သတ်ဖြတ်ကာ ပိုက်ဆံနှင့်ရွှေထည်များ ယူဆောင်ထွက်ပြေးမှု ဖြစ်ပွားခဲ့သည် ။ ယင်းဖြစ်ရပ်တွင် သေဆုံးသွားသည့် မိန်းကလေးနှင့် တရားခံသည် ဗိုက်ဘာမှ ချစ်ကြိုက်နေသူများ ဖြစ်သည်ဟု မင်္ဂလာဒုံမြို့မ ရဲစခန်းမှ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂ နှစ်ခန့် ကလည်း မကွေးမြို့တွင် ကုမ္ပဏီအရာရှိတစ်ဦးသည် လက်အောက် ဝန်ထမ်းစာရေးမနှင့် အတူတကွ နေထိုင်ခဲ့ပြီး စာရေးမက အဆိုပါအရာရှိ၌   မယားကြီးရှိသည်ကို သိချိန်၌ အဆက်အသွယ် ဖြတ်ခဲ့သည်။  ယင်းကြောင့်  ၎င်းက စာရေးမနှင့်အတူနေထိုင်ခဲ့သည့် ဓာတ်ပုံများကို အင်တာနက်ပေါ် တင်ခဲ့၍ အမှုဖြစ်ခဲ့ကာ အထောက်အထား ခိုင်မာသောကြောင့် ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။
အမျိုးသမီးငယ် အများစုသည် အင်တာနက်တွင် ၎င်းတို့၏ ပုံများကို အခြားသူများက ရယူကာ ညစ်ညမ်း ဝက်ဘ်ဆိုက်များ၌ ဖုန်းနံပါတ်များနှင့်အတူ တင်ထားခဲ့သည့်အတွက် ဂုဏ်သိက္ခာ ကျဆင်းရကြောင်း ဖေ့စ်ဘွတ်ခ်သုံးစွဲသူ မချမ်းအေးမြက ပြောကြား သည်။
‘‘ရည်ရွယ်ချက်ရှိလို့ လုပ်တာလား ၊  မသိလို့လားတော့ နားမလည်ဘူး ။ ညဘက် ဆက်လိုက်ကြတယ် ။ ပထမတော့ ရှင်းပြမိတယ်။ နောက်ပိုင်း ထပ်ဆက်ရင် ရဲတိုင်မယ် ပြောမှ ထပ်ပြီး မဆက်တော့တာ။ နောက်နေ့ ရုံးကသူငယ်ချင်းက နင့်ဖုန်းနံပါတ်ကြီးကို မကောင်းတဲ့ ဝက်ပ်ဆိုက်မှာ တွေ့တယ် ။ ပုံကတော့ တခြားမိန်းကလေးပုံ တင်ထားတယ် ပြောတယ် ။ တိုင်ချင်ပေမယ့် ဘယ်မှာတိုင်ရမှန်း မသိလို့ ဖုန်းကို ငါးရက်လောက် ပိတ်ထားရတယ်’’ဟု  ၎င်းတွေ့ကြုံမှုကို ပြောသည်။
မြန်မာနိုင်ငံတွင်     ကျပ် ၁,၅၀၀ ဖြင့် ဆက်သွယ်ရေး ဆင်းမ်ကတ်ကို လွယ်ကူစွာ ဝယ်ယူနိုင်ချိန် ၂၀၁၄ နှစ်လယ်ပိုင်းမှစ၍ လူတိုင်း၏ လက်ထဲတွင် စမတ်ဖုန်း ကိုယ်စီနှင့် တစ်ဦးနှင့်တစ်ဦး မြင်တွေ့ဖူးခြင်း မရှိသော်လည်း ဆက်သွယ်ပြောဆိုနိုင်သည့် အင်တာနက် လူမှုကွန်ရက်များပေါ် ရောက်ရှိကုန်ကြသည်။
လက်ရှိတွင် အင်တာနက်မှ နည်းပညာအသုံးပြုကာ အသက်အန္တရာယ် ခြိမ်းခြောက်ခြင်း နှင့် ငွေကြေးတောင်းခံခြင်းများ အတွက် ကာကွယ် တားဆီးရန် ရဲတပ်ဖွဲ့ များနှင့် နည်းပညာကျွမ်းကျင်သူ များက ဖြေရှင်းရန် လေ့လာနေဆဲ အဆင့်သာရှိသေးကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။
‘‘အင်တာနက်ပေါ် ရောက်ပြီဆိုရင် သုံးတဲ့သူကိုယ်တိုင်က အတွေ့အကြုံ ၊ အသိတရား ရှိနေဖို့ အရေးကြီးတယ်။ လာပြီး ခြိမ်းခြောက်လာတဲ့သူကို မကြောက်ဖို့ လိုတယ် ။ ကြောက်တာက အားပေးအားမြှောက် လုပ်တာနဲ့  တူတယ် ။ အသိအမှတ် မပြုဘဲ ထားပြီး ပြတ်ပြတ်သားသား Block သင့်တယ်’’ဟု Online Security Manager ကိုအိမောင်က အကြံပြုသည်။
ယခုအချိန်တွင် အဆိုပါ လိင်ပိုင်းဆိုင်ရာ စော်ကားသည့် တိုင်ကြားမှုမျိုး ရန်ကုန်တိုင်းဒေသကြီးအတွင်း မရှိသော်လည်း ဖေ့စ်ဘွတ်ခ် နှင့်ဗိုက်ဘာတို့မှ တစ်ဆင့် ခြိမ်းခြောက်ငွေညှစ်သူ ရေးပို့ထားသည့် စာများကို မိမိဖုန်း (သို့မဟုတ်) ကွန်ပျူတာတွင် မှတ်သားထားပြီး သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများသို့    သွားရောက်တိုင်ကြား နိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦး ကပြောကြားထားသည်။
‘‘မြန်မာနိုင်ငံမှာတော့ အင်တာနက် မှုခင်းထောက်လှမ်းရေး အဖွဲ့ဆိုပြီး သီးခြားဖွဲ့စည်း ထားတာတော့ မရှိသေးဘူး ။ ဒါပေမဲ့ ဆက်သွယ်ရေး ကိရိယာတွေ သုံးပြီး ခြိမ်းခြောက်မယ် ၊ ငွေညှစ်မယ် ဆိုရင်တော့ ထောက်လှမ်းလို့ ရပါတယ် ။ ဒီလိုနည်းပညာတွေ ထောက်လှမ်းဖို့အတွက်လည်း နည်းပညာတွေ ရှိပါတယ်’’ဟု ၎င်း ကပြောကြားသည်။
လိင်ပိုင်းဆိုင်ရာ နှင့် ငွေကြေးတောင်းခံ ခြိမ်းခြောက်မှု ပြုလုပ်သူ အများစုသည် မိန်းကလေးများကို ပြီး ဖေ့စ်ဘွတ်ခ်သုံးစွဲသူ မိန်းကလေးများ အနေဖြင့်လည်း မိမိအား သူငယ်ချင်းဖြစ်ရန် ကမ်းလှမ်းမှု (Friend Requestပစ်မှတ်ထားလေ့ရှိ) တိုင်းကို လက်မခံသင့်ပဲ သေချာစီစစ်ပြီးမှ လက်ခံသင့်ကြောင်း Online Marketing Manager ကိုခွန်နေက သုံးသပ် ပြောကြားသည်။
‘‘မိန်းကလေးတွေက အရမ်းပေါ်ပြူလာ ဖြစ်ချင်ကြတယ် ။ အဲဒါ ပြဿနာပဲ ။ ကိုယ့်ကို လာအက်ဒ်တဲ့ သူက Profile Picture တင်ထားရဲ့လား ။  ပြီးတော့ သူ့ရဲ့ Timeline ကို ကြည့်မယ် ။ Mutual Friend ကိုကြည့်မယ် ။ သေချာစိစစ်ပြီး   လက်ခံရင်တော့ ခြိမ်းခြောက်ခံရတာတွေ ၊ လိင်ကိစ္စ အကြမ်းဖက်မှုတွေ   ဖြစ်လာမှာ မဟုတ်ဘူး’’ဟု၎င်းကဆိုသည်။
အမျိုးသမီးငယ် အများစုမှာ မိမိတို့ အလှရိုက်သည့် ဓာတ်ပုံများ Like များများရရန် ဖေ့စ်ဘွတ်ခ်ပေါ်တွင် တွေ့ရှိသည့် မည်သူ့ကိုမဆိုလက်ခံပြီးနောက် ၎င်းတို့၏ ဓာတ်ပုံများသည် ညစ်ညမ်းဝက်ဘ်ဆိုက်များတွင် အသုံးပြုခံရလေ့ ရှိကြောင်း အင်တာနက်ဆိုင် ဖွင့်လှစ် ထားသူ ကိုထက်နိုင်က  ပြောကြားသည်။
ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်ပေါ်တွင် မြန်မာမိန်းကလေးအများစု မျှဝေ (Share) ထားသည့် ပို့စ်တစ်ခုရှိ သည် ။ ယင်းပို့စ်မှာ အင်တာနက်တွင် ခြိမ်းခြောက်အကျပ်ကိုင် ခံရလျှင် ကာကွယ်ရန် နည်းလမ်းအချို့ဖြစ်သည်။ နည်းလမ်း ခုနစ်ခုကို ဖော်ပြထားခြင်း ဖြစ်သည်။
( ၁  ) ခြိမ်းခြောက်သူကို လုံး၀ အကြောင်း မပြန်ပါနှင့်။  ( ၂ ) ခြိမ်းခြောက်သည့် Message များကို Screenshot ရယူ သိမ်းဆည်းထားပါ။ ( ၃ )  ခြိမ်းခြောက်အကျပ်ကိုင် သူကို ချက်ချင်း Block ပါ ။ ( ၄ ) မိတ်ဆွေ သူငယ်ချင်းများနှင့် တိုင်ပင်၍ အကူအညီ ရယူပါ ။ မိတ် ဆွေများ အနေနှင့် ခြိမ်းခြောက်အကျပ်ကိုင်သည့်  Message များကို အဆင့်ဆင့်မ Share သင့်ပါ ။ ခြိမ်းခြောက်သူကို အားပေးရာရောက်ပါသည်။ အခြားနည်းလမ်းများ ဖြင့်သာ ကူညီသင့်ပါသည် ။ ခြိမ်းခြောက်သူကို သက်သေများ သိမ်းဆည်းထားကြောင်း ၊ ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း ပြောနိုင်ပါသည် ။ ဝိုင်း၍ Report လုပ်နိုင်ပါသည် ။ ( ၅ )ခြိမ်းခြောက်အကျပ်ကိုင်သူကို  Report လုပ်ပါ ။  ဖေ့စ်ဘွတ်ခ်အကောင့် သိလျှင် Facebook ကို  Report လုပ်ပါ ။ ဖုန်းနံပါတ်သိလျှင် သက်ဆိုင်ရာ ဖုန်းအော်ပရေတာကို ဆက်သွယ် ပြီး တိုင်ပါ။ ( ၆ ) သက်သေများ ပေးပို့၍ ရဲတိုင်ပါ ။ ရဲမတိုင်လျှင် ဘာမှ လုပ်မရပါ။ မိမိနှင့်အတူ တခြား ခြိမ်းခြောက်အကျပ်ကိုင်ခံရသူ များ တိုင်ပါများလာလျှင် ရဲတပ်ဖွဲ့လည်း ငြိမ်နေလို့ ရတော့မည် မဟုတ်ပါ ။ ဖေ့စ်ဘွတ်ခ်ရှိ ရဲတပ်ဖွဲ့ များနှင့် အစိုးရပိုင်းတာဝန်ရှိသူ များ၏ Page များသို့ ပေးပို့ တိုင်တန်းခြင်းလည်း ပြုလုပ်သင့်ပါသည်။ ( ၇ ) မိမိကိုယ်တိုင်ကလည်း ကောလာဟလများ ဖြန့်ဝေခြင်း ၊ တစ်ဦးတစ်ယောက်ကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်း စသည့် Cyber Bully အပြုအမူများကို ရှောင်ရှားဖို့ လိုပါသည် ။ Cyber Bully အပြု အမူများတွင် သတိမမူမိဘဲ ပါဝင်မိနေခြင်း မဖြစ်အောင် သတိပြုဖို့ လိုပါသည်။
မြန်မာနိုင်ငံတွင် ဆိုက်ဘာ ဥပဒေထွက်ရှိရန် လုပ်ဆောင်နေသော်လည်း အားရစရာကောင်းသည့် အနေအထားတွင် မရှိကြောင်း ၊ ယင်းဥပဒေ မထွက်သေးမီ ဆိုက်ဘာ ပြစ်မှုကျူးလွန်သူများ နှင့် ပတ်သက်၍ အပြည့်အဝ အကာအကွယ် ရမည်မဟုတ်ကြောင်း နည်းပညာနှင့်ဥပဒေ ကျွမ်းကျင်သူများက သုံးသပ်သည်။
‘‘လက်ရှိမှာ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ရှိပေမယ့်လည်း အဲဒါက အားနည်းချက်တွေ အများကြီးရှိတဲ့ အတွက် အရေးယူဖို့ သိပ်အဆင်မပြေသေးဘူး ။ နောက်ပိုင်း အွန်လိုင်းအသုံးပြုသူတွေ များလာတဲ့အတွက် မကြာခင်မှာ အကြီးအကျယ် ပြဿနာတွေ တက်လာနိုင်ပါတယ်’’ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦး ခွန်ဦးကပြောကြားသည်။
အင်တာနက်မှတစ်ဆင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ် အရေးယူရန် ဂူးဂဲလ် ၊ ဖေ့စ်ဘွတ်ခ် စသည့် ကမ္ဘာ့အဆင့်နည်းပညာ ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်နေကြောင်း သတင်းအချက်အလက် ၊ နည်းပညာနှင့်ဆိုက်ဘာ လုံခြုံရေးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲနိုင်မိုးက ဆိုသည်။
‘‘အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေထဲမှာ ပြဋ္ဌာန်းထားတဲ့ အသေရေဖျက်မှု ၊ ပုံရိပ် ၊ အသံ စတဲ့ သတ်မှတ်ချက်တွေနဲ့ အရေးယူလို့ ရတာတွေတော့ ရှိပါတယ် ။ အွန်လိုင်းပေါ်က လူမှုကွန်ရက်ဆိုတာ ဘယ်သူမဆို လွတ်လွတ်လပ်လပ်နဲ့ သုံးလို့ရတဲ့အတွက် ဘယ်သူက အဲဒီကိစ္စကို လုပ်တယ်ဆိုတာ ဘယ်လို သက်သေ ပြမလဲ။ အဲဒီအတွက် ဘယ်လို ကာကွယ်မလဲဆိုတာတွေ လိုအပ်ပါတယ်။ သက်သေ ခိုင်လုံနေရင်တောင် ဘယ်သူလုပ်တယ် ဆိုတာကို သက်သေခံနိုင်ဖို့ လိုပါသေးတယ် ။ လက်ရှိမှာတော့ အဲဒီအတွက် တိကျတဲ့ မူဝါဒနဲ့ ပြဋ္ဌာန်းချက်တွေ ရေးဆွဲပြီးတော့ ဆောင်ရွက်သွားဖို့ လုပ်နေပါတယ်’’ဟု ၎င်းက ရှင်းပြသည်။
ပြည်တွင်း၌ အင်တာနက် အသုံးပြုသူဦးရေမှာ ၁၈ သန်း ကျော်ရှိနေပြီး ဖေ့စ်ဘွတ်ခ်သုံးစွဲသူ သုံးသန်းခန့်နှင့် ဗိုက်ဘာအသုံးပြုသူ ဦးရေ ငါးသန်းကျော် ရှိနေသည် ။ ဆက်သွယ်ရေး အော်ပရေတာများက လစဉ်ဆင်းမ်ကတ်များကို ရောင်းချနေသောကြောင့် အင်တာနက်အသုံးပြုသူ ဦးရေမှာလည်း ဆက်လက် တိုးတက်နေမည်သာ ဖြစ်သည်။ ထို့အတူ အင်တာနက်မှာ ပြစ်မှုကျူးလွန်မှုများ သည်လည်း အများအပြား ရှိလာမည် ဖြစ်ကြောင်း ကျွမ်းကျင်သူ အများစုက သုံးသပ်ကြသည်။
လက်ရှိတွင် အွန်လိုင်းမှ ပြစ်မှုကျူးလွန်မှုများ နှင့်ပတ်သက်၍ အရေးယူဆောင်ရွက်မှုများ မရှိသော်လည်း ကျူးလွန်ခံရပါက ငြိမ်မနေဘဲ သက်ဆိုင်ရာ ရဲစခန်းများသို့ မဖြစ်မနေ အသိပေးရန် တုံ့ဆိုင်းမနေသင့်ကြောင်း ကိုအိ မောင်က အကြံပြုသည်။
ထို့ကြောင့် သင်ကိုယ်တိုင် အကျပ်ကိုင်ခံရမှုမျိုး ကြုံလာပါက ထိတ်လန့်ရှက်ကြောက်နေမည့် အစား အထက်တွင် ဖော်ပြခဲ့သည့် အကာအကွယ်များကို အသုံးပြုကာ တန်ပြန် တိုက်ခိုက်ဖို့ မမေ့ပါနှင့် ။ အွန်လိုင်းမှ နှောင့်ယှက်နေသူများကို လွတ်မြောက်ခွင့် မပေးပါနှင့်။

သတင်းအဖွဲ့  (7day news)

#Crd to owner
 

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate