တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့ပေါ်ပေါက်လာပုံ -

သာယာအေးချမ်းလှသော တန်ဆောင်မုန်းလပြည့်သာမညဖလအခါတော်နေ့မှာ မြန်မာနိုင်ငံနှင့်တကွ ကမ္ဘာသူ ကမ္ဘာသားအားလုံးတို့သည် တန်ဆောင်မုန်းလပြည့်ည၏ ကောင်းကင်ထက်တွင်ထွန်းလင်း တောက်ပကြသော နက္ခတ်ကြယ်တာရာများကဲ့သို. မိမိတို့ဘ၀သည်လည်း လင်းလက်ကာထွန်းလင်းတောက်ပ ကြပါစေကြောင်း Yuzanar Land မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ရှင်။
တန်ဆောင်မုန်းလပြည့်နေ့ သာမညဖလအခါတော်နေ့ပေါ်ပေါက်လာပုံ -
ဘုရားရှင်က အဇာတသတ်မင်းကို တန်ဆောင်မုန်းလပြည့်နေ့မှာ သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူခဲ့တာကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြတာပဲဖြစ်ပါတယ်။(သာမညဖလ - ရဟန်းပြုရခြင်း၏အကျိုး)
ရဟန်းပြုခြင်း၏အကျိုးကို ဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို သံဃာတော်များနေ့လို့လည်း ခေါ်နိုင် ပါတယ်
တန်ဆောင်းမုန်းလမှာဆိုရင် -
တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
ကထိန်သင်္ကန်း အလှူပွဲတော်၊
မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊
မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
ကျီးမနိုး ပွဲတော်၊
သာမညဖလအခါတော်နေ့ ပွဲတော်များ ဆိုပြီး ခုနှစ်မျိုးခန့်ရှိတာကြောင့် ရိုးရာပွဲတော် အများဆုံးလလို့တောင်ဆိုနိုင်ပါတယ်နော်
သာမညဖလသုတ်- ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂ ပါဠိတော်
-------------------------------------------------------------------------------------------------------------------------------------
အဇာတသတ်မင်းသားဟာ ဒေဝဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့်ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာ စွဲကပ်ခဲ့တယ်။ဝေဒနာကို ကုစားရင်း အမတ်များအကြံပြုချက်အရ တိတ္ထိဆရာကြီး ၆-ယောက်ထံသွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး(သာမညဖလ)ကို စုံစမ်းမေးမြန်းတဲ့အခါ ကျေနပ်သောအဖြေကို မရရှိခဲ့တာကြောင့် နောက်ဆုံး သမားတော်ကြီးဇီဝက၏ အကြံပြုချက်အရ ရာဇဂြိုဟ်မြို့အနီး ဆရာဇီဝကလှူထားသောသရက်ဥယျာဉ်တော၌ သီတင်းသုံးလျက်ရှိသော မြတ်စွာဘုရားထံသို့ သွားရောက်ပြီး၊ လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်းပြုခြင်း၏အကျိုး(သာမညဖလ)ကို သိရှိရပါတော့တယ်။အဇာတသတ်မင်းဟာ သာမညဖလသုတ်တရားတော်ကို ကြားနာရသည့်အချိန်က ပြီး ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့တယ်။ အဇာတသတ်မင်းဟာ သာမညဖလသုတ်တရားတော်ကို ကြားနာရပြီးအပြစ်ကို ကုစားခဲ့သောကြောင့် မဟာအဝီစိငရဲတွင် မကျတော့ဘဲ၊ လောဟကုမ္ဘီငရဲ၌သာ ကျရောက်ပြီး နောင်အခါ ဝိဇိတာဝီ မည်သော ပစ္စေကဗုဒ္ဓါဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မယ်လို့ ဘုရားရှင်က ဟောကြားတော်မူခဲ့ပါတယ်။
( အဇာတသတ်မင်းတရားသည်
-ပထမသင်္ဂါယနာတင် ဒါယကာအဖြစ်ခံယူခဲ့ခြင်း၊
-မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်း
သိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊
-ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊ သာသနာပြုလုပ်ငန်းကြီးသုံးရပ်ကို လုပ်ဆောင်သွားခဲ့သည်မှာ ဗုဒ္ဓဘာသာဝင်များအတွက်
ကျေးဇူးကြီးလှပါပေသည်။
ပိဋကတ်တော်များကို မပျက်စီးရအောင် သင်္ဂါယနာအဆက်ဆက်တင်၍ ယနေ့တိုင်အောင်ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါပေသည်။
အဇာတသတ်မင်း စုဆောင်းထားသောဓာတ်တော် များကို ရှာဖွေ၍ သီရိဓမ္မာသောက မင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ထား၍ သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့်ရရှိနေသည်မှာ အဇာတသတ်မင်း၏ကျေးဇူး၊ သာမညဖလသုတ်၏ အကျိုးဆက်ဟု ဆိုထိုက်ပါသည်။)
Ref: အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ အခါတော်နေ့များ-နှာ၁၇၅-မှ