အိမ် နှင့်မြေ သို့မဟုတ် မြေကွက် လွှဲပြောင်းရောင်းချရာတွင် ရေးသားချုပ်ဆိုသော မှတ်ပုံတင် အရောင်းအဝယ် စာချုပ်တွင် အဓိက ပါဝင်ရမည့် အချက်များ။

အိမ် နှင့် မြေ သို့မဟုတ် မြေကွက် လွှဲပြောင်းရောင်းချရာတွင် ရေးသားချုပ်ဆိုသော မှတ်ပုံတင် အရောင်းအဝယ် စာချုပ်တွင် အဓိက ပါဝင်ရမည့် အချက်များ။
=========================
၁ ။ ရောင်းသူနှင့် ဝယ်သူတို့သည် နိုင်ငံသားများ ဖြစ်ရပါမည်။
၂ ။ ရောင်းသူနှင့် ဝယ်သူတို့၏ နိုင်ငံသားစိစစ်ရေးကဒ်ပြားအမှတ် သို့မဟုတ် နိုင်ငံသားလက်မှတ် အမှတ်နှင့် နေရပ်လိပ်စာ တို့ကို ပြည့်ပြည့်စုံစုံ ဖော်ပြရပါမည်။
၃ ။ ရောင်းချသည့် တန်ဖိုးကို မှန်မှန်ကန်ကန် ဖော်ပြရပါမည် ။အကယ်၍ တန်ဖိုးလျော့ ပြပါက အခွန်လိမ်လည်မှုအရ အရေးယူ ခြင်း ခံရပါမည်။ လျော့ပြသည့် အခွန်တန်ဖိုး၏ ( ၁၀ )ဆကို ဒဏ်ငွေအဖြစ် ခံရနိုင်ဖွယ်ရာ ရှိပါသည်။
၄ ။ ရောင်းချသည့် မြေကွက်၏ ဦးပိုင်အမှတ်နှင့် အလားလေးရပ် ၊ မြေဧရိယာ အတိုင်းအတာတို့ကို ဖော်ပြရပါမည်။ ဂရန်၌ ဖော်ပြ ပါရှိသည့်အတိုင်း ဖြစ်ရပါမည်။
၅ ။ ရောင်းသူက ငွေအပြေအကျေ ရရှိပြီးကြောင်းနှင့် ဝယ်သူကလည်း အိမ် နှင့် မြေ သို့မဟုတ် မြေကို လက်ဝယ်ရရှိပြီးကြောင်း ဖော်ပြပါ ရှိရပါသည်။
၆ ။ မှတ်ပုံတင် အရောင်းအဝယ် စာချုပ် အတွက် ကျသင့်သော တံဆိပ်ခေါင်းခွန်ကို ဝယ်သူက ထမ်းဆောင် ထားရပါမည်။
၇ ။ ကိုယ်စားလှယ် အဖြင့် ရောင်းချခြင်း ၊ ဝယ်ယူခြင်း ဖြစ်ပါက စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ ပြုလုပ်ထားသော ကိုယ်စားလှယ် ဖြစ်ရမည့်အပြင် ကိုယ်စားလှယ်စာပေးသူ အသက်ထင်ရှား ရှိကြောင်း ကိုယ်စားလှယ်စာ ရရှိသူက တရားရုံး တော်တွင် သက်သေ( ၂ ) ဦး ပါဝင်၍ ပြုလုပ်သော ကျမ်းကျိန်ဆိုချက်နှင့်အတူ ကိုယ်စားလှယ်စာ မူရင်းကို တင်ပြရပါမည်။
၈ ။ ရောင်းချသူ သို့မဟုတ် ဝယ်ယူသူသည် နိုင်ငံခြားသို့ ရောက်ရှိနေသူ ဖြစ်ပါက နိုင်ငံခြားရှိ မြန်မာသံရုံးတွင် တရားဝင် ပြုလုပ် ထားသော ကိုယ်စားလှယ်လွှဲစာ မူရင်းကို ပူးတွဲတင်ပြရပါမည်။
၉ ။ အမည်ပေါက်ပိုင်ဆိုင်သူ သို့မဟုတ် အမည်ပေါက်ပိုင်ဆိုင်သူ ကွယ်လွန်သွားပါက အမွေဆိုင်များက စာချုပ်စာတမ်း မှတ်ပုံတင်ရုံး၌ ပြုလုပ်ထားသော ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်း သို့မဟုတ် စီရင်ပိုင်ခွင့် ရှိသော တရားရုံးက ထုတ်ပေးထားသော အမွေထိန်း လက်မှတ်စာ အပြင် တရားရုံးက အမွေထိန်းစာပါ မရွှေ့ မပြောင်းနိုင်သည့် အိမ် ၊ မြေ
သို့မဟုတ် မြေကို ရောင်းချခွင့်ပြုသည့် အမိန်တို့ကို တင်ပြနိုင်ရပါမည်။
၁၀ ။ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်း အရ ရောင်းချခြင်း ဖြစ်ပါက အမွေဆိုင်အားလုံးက ရောင်းသူ အနေဖြင့် ပါဝင် လက်မှတ် ရေးထိုးရပါမည်။
၁၁ ။ အမွေထိန်းစာအရ ရောင်းချခြင်း ဖြစ်ပါက အမွေထိန်းစာ လက်မှတ်ရရှိသူက ရောင်းချသူအနေဖြင့် လက်မှတ် ရေးထိုးရပါ မည် ။ ထိုသို့ ရောင်းချခြင်း အတွက် တရားရုံး၏ ခွင့်ပြုချက် ပါရှိရပါမည်။
၁၂ ။ အရွယ်မရောက်သူကိုယ်စား တရားရုံးက ခန့်ထားသည့် အုပ်ထိန်းသူက မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ရောင်းချရန် တရားရုံး၏ ခွင့်ပြုမိန့် ရရှိပါက အရွယ်မရောက်သူပိုင် ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းနှင့် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းကို ရောင်းချနိုင်ပါသည်။
၁၃ ။ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်း လျှောက်ထားရာ၌ အမွေ ပိုင်ဆိုင်ကြောင်း ၊ အမွေဆိုင်အားလုံး ပါဝင်ကြောင်းနှင့် စပ်လျဉ်း၍ အမွေပိုင်ဆိုင်ကြောင်း ၊ အမွေဆိုင်အားလုံး ပါဝင်ကြောင်းနှင့် စပ်လျဉ်း၍ အမွေပိုင်ဆိုင်သူ အချို့ကို ချန်လှပ်၍ ကျမ်းကျိန်ဆိုခြင်း ပြုပါက မမှန်မကန် ကျမ်းကျိန်ဆိုမှု အတွက် တာဝန်ရှိ သည့်အပြင် ထိုသို့ အမွေဆိုင် အချို့ကို ချန်လှပ်၍ လျှောက်ထားရရှိသော ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်းမှာ လည်း သက်ဆိုင်ရာက သိရှိလျှင် သော်လည်းကောင်း ၊ တစ်ဦးတစ်ယောက်က ကန့်ကွက်လာလျှင် သော်လည်းကောင်း ၊ မှတ်ပုံတင်ထားပြီးသော စာချုပ်ပယ်ဖျက်ခြင်း ခံရမည် ဖြစ်ပါသည်။
၁၄ ။ အလားတူ မြေပုံမြေရာဇဝင် ကူးယူရာ၌လည်း ဖော်ပြသည့် ကတိသစ္စာပြုလွှာမှာ မှန်ကန်မှု မရှိပါက လိမ်လည်၍ ကျမ်းကျိန်ဆိုမှု အတွက် အရေးယူခြင်း ခံရနိုင်ကြောင်း သိရှိထားသင့်ပါသည် ။
၁၅ ။ ကွယ်လွန်သူ၏ အမွေဆိုင်သူ သားသမီးများ သို့မဟုတ် ကွယ်လွန်သူ၏ ညီအစ်ကိုမောင်နှမ အရင်းများက ကွယ်လွန်သူပိုင် အိမ် နှင့် မြေ သို့မဟုတ် မြေကွက်ကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်း လျှောက်ထား၍ ခွင့်ပြုပါက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးက သတ်မှတ်သည့် တံဆိပ်ခေါင်းခွန် ( ပုံသေ ) ပေးဆောင်ရပါ မည်။
၁၆ ။ ကွယ်လွန်သူ၏ အမွေဆိုင်များ အနက်မှ တစ်ဦးဦးက ကွယ်လွန်သူ၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့မပြောင်းနိုင် သော ပစ္စည်းတို့ကို စီမံခန့်ခွဲနိုင်ရန် အမွေထိန်းစာ လျှောက်ထား နိုင်ကြပါသည် ။ တစ်ခါတစ်ရံ အမွေဆိုင်များ အပြိုင် လျှောက်ထား လာပါက တရားရုံးက သင့်တော်မည့် အမွေဆိုင်ကို အမွေထိန်း လက်မှတ်စာ ထုတ်ပေးနိုင်ခွင့် ရှိပါသည်။ အမွေထိန်းစာ အပြိုင် လျှောက်ထားလာပါက တရားမကြီးမှု အဖြစ် ပြောင်းလဲ၍ တရားရုံးက စစ်ဆေးသွားမည် ဖြစ် ပါသည်။
အမွေထိန်းစာ ရရှိသူသည် လျှောက်ထားသည့် ပစ္စည်းတန်ဖိုး စုစုပေါင်း အပေါ် ကျပ်တစ်ရာနှင့် ( ၇ ) ကျပ်နှုန်း ရုံးခွန်တော် ထမ်းဆောင် ရပါသည်။ ကွယ်လွန်သူပိုင် မရွှေ့မပြောင်းနိုင်သည့် အိမ် နှင့် မြေ သို့မဟုတ် မြေကွက်ကို ထုခွဲရောင်းချ လိုပါက အမွေထိန်းစာ ထုတ်ပေးသည့် တရားရုံး၏ ခွင့်ပြုချက် ရရှိမှသာလျှင် ရောင်းချနိုင်မည် ဖြစ်ပါသည် ။ အမွေထိန်းစာ ရရှိသူ သည် ကွယ်လွန်သူမှ ရရန်ရှိသော ကြွေးမြီများကို ရှင်းလင်းပြီးနောက် ကျန်ငွေသားများနှင့် ပစ္စည်းများကို အမွေဆိုင် တို့အား မျှမျှတတ ခွဲဝေပေးရန် တာဝန်ရှိပါသည် ။
၁၇ ။ အပိုဒ် ၁၆ အရ အမွေထိန်း လက်မှတ်စာ အပြိုင်အဆိုင် လျှောက်ထားမှုတွင် အမွေပုံ စီမံခန့်ခွဲမှု စွဲဆိုရန် ပေါ်ပေါက်ပါက တရားရုံးအနေဖြင့် မည်သူ့ကိုမျှ အမွေထိန်းလက်မှတ်စာ ထုတ်ပေးမည် မဟုတ်ကြောင်း သတိ ပြုသင့်ပါသည်။ အမွေဆိုင်တို့ အနေဖြင့် ကွယ်လွန်သူ အမွေရှင်၏ ကျန်ရစ်သော အမွေကို မိမိတို့ ရသင့်ရထိုက်သော အမွေဝေစုကို စီရင်ပိုင်ခွင့် ရှိသော တရားရုံးတွင် တရားတစ်ထုံး စွဲဆိုရန် ဖြစ်ပါသည် ။
( ဦးဗကြိုင် ( ဘီအေ ၊ ဘီအယ်လ် ) ၊ မရွှေ့မပြောင်းနိုင်သည် အိမ် ၊ ခြံ ၊ မြေ ၊ တိုက်ခန်း စသည်များ ရောင်းချခြင်း ၊ ဝယ်ယူခြင်း ၊ ငှားရမ်းခြင်း ဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ ၊ စာ ၉ မှ ၁၁ )
Credit ( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...