ထာဝရတားဝရမ်း ရလိုမှု ။။။။။။။။။။။။။။။။။။။။။။။။

ထာဝရတားဝရမ်း ရလိုမှု
။။။။။။။။။။။။။။။။။။။။။။။။
“ ရုံးခွန်”
ရုံးခွန်ဥပဒေပုဒ်မ ၇(၄)(ဃ)အရ တောင်းဆိုသော သက်သာခွင့်အပေါ် ဇယား ၁ အမှတ်စဉ် ၁ပါ နှုန်းအတိုင်း ထမ်းဆောင်ရမည်။
“ သက်ဆိုင်သည့် ဥပဒေ” သီးခြား သက်သာခွင့် ဥပဒေ " အင်္ဂါရပ်များ"
၁ ။ လျှောက်ထားသူ၏ အမှုသည် မျက်မြင်အားဖြင့် အခြေခံ ရှိခြင်း ၊
၂ ။ ကုစား၍ မရနိုင်သော နစ်နာဆုံးရှုံးမှုမှ ကာကွယ်ရန် လိုအပ်ခြင်း ၊
၃ ။ တားဝရမ်း ထုတ်မပေးလျှင် အကျိုးပျက်စီးမှု ပေါ်ပေါက်ခြင်း ၊
" လေနှင့် အလင်းရောင်ရရန် တားဝရမ်း လျှောက်ထားခြင်း "
ယခင်က ခံစားခဲ့သော အလင်းရောင် နှင့် လေကို ထိပါးသည့် အတွက် အရေးယူနိုင်ရန် အလင်းရောင်နှင့် လေလျော့နည်းသွားခြင်းသည် မည်မည်ရရများ ရမည် ။ ထို့ပြင် နှောင့်ယှက်မှု ဖြစ်ရမည် ။ အလင်းရောင် ပိတ်ဆို့ကြောင်း သို့မဟုတ် အလင်းရောင်မှာ ယခင်ကထက် နည်းကြောင်း သက်သေပြရုံနှင့် မလုံလောက် ။ တန်ဗန်ကောင် နှင့် ဒေါ်ခင်ခင် ( ၅၆ / ၃၆၀ လွှတ် တော် ) ။ သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၅၂ နှင့် ၅၄ ( ဂ ) ပါ ပြဋ္ဌာန်းချက်များမှ မူများကို နှလုံးပြု၍ အမှုကို သုံးသပ်သော် အဓိကအားဖြင့် ဆုံးဖြတ်ရမည့် အချက်မှာ တရားလိုပိုင်တိုက်မှာ ပြတင်းပေါက်များကို ပိတ်လိုက်သည့်အခါ ထိုတိုက်၏ အထပ်အသီးသီးတွင် လေနှင့် နေရောင်ခြည် မည်မျှရှိဦးမည် ဟူသည့် အချက် ဖြစ်သည် ။
သက်ဆိုင်ရာ အကြောင်းများကို ထောက်သော် တရားလို၏ တိုက်ရှိပြတင်းပေါက်များကို ပိတ်ရုံမျှဖြင့် ထိုတိုက်၏ အထပ်အသီးသီးတွင် လေနှင့် နေရောင်ခြည် လုံလောက်စွာ မရဟု သက်သေအထောက်အထား ခိုင်လုံစွာ မရှိ ။ သို့ဖြစ်၍ ဤအမှုတွင် လျော်ကြေးပေးဆောင်စေခြင်းဖြင့် တရားလိုသည် လုံလောက်သော သက်သာခွင့် ရရှိနိုင်မည်ဟု ယူဆသည် ။ ဒေါ်မမ၏ တရားဝင် ကိုယ်စားလှယ် နှင့် နူးရ်မဟာမက်ဟာဘစ် ( ၆၄ / ၆၇၁ ) ။
" ကုန်တံဆိပ် နှင့် တားဝရမ်း "
ကုန်တံဆိပ် သုံးစွဲသော ကာလနှင့် မိမိကုန်သွယ်မှု၏ အတိုင်းအတာအပေါ် မတည်ဘဲ ကုန်သည်တစ်ဦးသည် မိမိကုန်စည်များ အပေါ်တွင် ဖြစ်စေ ၊ ကုန်စည်များနှင့် စပ်လျဉ်း၍ ဖြစ်စေ အသုံးပြုရုံမျှဖြင့် သိသာကွဲပြားသော ကုန်တံဆိပ်ကို ပိုင်ဆိုင်ခွင့် ရရှိသည် ။ ဦးချစ်ဆွေ နှင့် မသန်း ( ၅၈ / ၃၇၇ လွှတ်တော် ) ။ မြန်မာနိုင်ငံတွင် ကုန်တံဆိပ်ကို မှတ်ပုံတင်နိုင်သည့် နည်းလမ်းမရှိသည်မှာ အတည်တကျ ဖြစ်လျက်ရှိသော ဥပဒေ ဖြစ်သည် ။ သို့ရာတွင် အသုံးပြုခြင်းဖြင့် တံဆိပ်နှင့် စပ်လျဉ်း၍ ပိုင်ဆိုင်ခွင့် သို့မဟုတ် အခွင့်အရေး ရရှိနိုင်သည်။
ဦးကျော် နှင့် ဦးဘအေး ( ၆၂ / ၁၈၇ ) ။ ကုန်တံဆိပ် ပိုင်ဆိုင်ခွင့်နှင့် စပ်လျဉ်း၍ ဥပဒေပြဋ္ဌာန်းချက် မရှိပေ ။ သို့ဖြစ်ရာ ကုန်တံဆိပ်အပေါ် ရရှိသော အခွင့်အရေးသည် ကုန်ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာ ဥပဒေ၏ ယေဘူယျမူများ အပေါ် တည်သည် ။ ကုန်တံဆိပ်ပိုင်ဆိုင်မှု နှင့် ပိုင်ဆိုင်ကြောင်း အပြိုင်အဆိုင် တောင်းဆိုသူများ၏ အခွင့်အရေးတို့ကို အင်္ဂလိပ်ရိုးရာ ဥပဒေဆိုင်ရာ မူများအရ ဆုံးဖြတ်ရမည် ဖြစ်သည်။
" အုတ်တံတိုင်း ကာရံခြင်းကို တားမြစ်ပေးရန် လျှောက်ခြင်း "
အုတ်နံရံကာပြီးနောက်မှ အုတ်နံရံ မကာရံစေရန် တားမြစ်ပေးပါဟု တောင်းဆိုခြင်းမှာ အဓိပ္ပါယ် မရှိ ။ ဆောင်ရွက်ပြီးသော ကိစ္စတစ်ရပ်ကို နောင်ကြောင်းပြန် အနေဖြင့် တားမြစ်ရန် မဖြစ်နိုင်ပေ ။ အုတ်တံတိုင်း ကာရံခြင်းမှာလည်း မြို့နယ်ပြည်သူကောင်စီ၏ ခွင့်ပြုချက်အရ တရားဝင်ကာရံခြင်း ဖြစ်ကြောင်း ပေါ်ပေါက်သည် ။ ထို့ကြောင့် အချင်းဖြစ် မြေကွက်တွင် အုတ်တံတိုင်း ကာရံပြီးနောက် သိရှိပါလျှက် ဝင်းထရံ ကာရံခြင်း မပြုရန်နှင့် သွားလာခွင့်ကို မပိတ်ပင်ရန် ထာဝရတားဝရမ်း လျှောက်ထားမှုတွင် ဒီကရီချမှတ် ပေးရန်
မလို ။ ဒေါ်ခင်မျိုးမြင့် ပါ -၂ နှင့် ဦးစံသိန်း ပါ - ၂ ( ၉၂ / ၂၄ ) ။
" လမ်းမြေကို အသုံးမပြုရန် လျှောက်ခြင်း"
သုံးစွဲရင်းဖြစ်သော ဂိတ်ပေါက်မှ ဝင်ထွက်ခွင့်ရရှိသူ အယူခံတရား ပြိုင်တို့သည် အချင်းဖြစ် လမ်းတစ်လျှောက် သွားလာနိုင်သည်ဖြစ်ရာ နယ်မြေကန့်သတ်၍ တားဝရမ်း ထုတ်ပေးရန်မှာ သဘာဝကျသည့် အချက် မဟုတ်ပေ ။ အယူခံ တရားပြိုင်တို့အား သုံးစွဲရင်း ဂိတ်ပေါက်မှ အချင်းဖြစ် လမ်းမြေကို ဝင်ထွက်သွားလာစေခြင်း အားဖြင့် အယူခံတရားလိုတို့အား တိုး၍ နစ်နာမှု ဖြစ်စေရန် အကြောင်းမရှိချေ။
အယူခံတရားပြိုင်တို့က အချင်းဖြစ်လမ်းကို သုံးမြဲသုံးစွဲခြင်းအား တားမြစ်မှု မပြုလျှင် အယူခံတရားလိုတို့နှင့် အယူခံတရားပြိုင်တို့ နှစ်ဦးနှစ်ဖက်လုံး အတွက် သိသာထင်ရှားသည့် အကျိုးပျက်စီးစေမှု မဖြစ်ပေါ်နိုင်သောကြောင့် ထာဝရတားဝရမ်း ထုတ်ဆင့်ရန် မသင့်ကြောင်း သုံးသပ် ရရှိသည် ။ ဦးဇော်မင်းမြင့် ပါ - ၂ နှင့် ဦးတင်မောင်အေး ပါ - ၂ ( ၀၁ / ၁၈၆ ) ။
" ပုဒ်မ ၅၄ ၊ ၅၅ နှင့် တရားရုံး၏ သဘောအတိုင်း ခွင့်ပြုခြင်း "
တားဝရမ်း ထုတ်ဆင့်ပေးရန်မှာ အခွင့်အရေးတစ်ရပ် အနေဖြင့် တောင်းဆိုနိုင်သည့် သက်သာခွင့် မဟုတ် ။ တရားရုံးက မိမိသဘောအတိုင်း ဆောင်ရွက်ရသည့် ကိစ္စ ဖြစ်သည် ။ သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ ၅၄ နှင့် ၅၅တို့တွင် “ တရားရုံးသည် မိမိသဘောအတိုင်း ” ဟူသော စကားရပ် မပါရှိသော်လည်း ပုဒ်မ ၅၂ တွင် ယာယီ သို့မဟုတ် ထာဝရတားဝရမ်း ထုတ်ဆင့်ခြင်းဖြင့် တားဆီးပိတ်ပင်သည့် သက်သာခွင့်ကို တရားရုံး၏ သဘောအတိုင်း ခွင့်ပြုရသည်ဟု ပြဋ္ဌာန်းထားသည် ။ ယင်းပြဋ္ဌာန်းချက် အရ ယာယီဖြစ်စေ ၊ ထာဝရဖြစ်စေ တားဝရမ်းကို တရားရုံး၏ သဘောအတိုင်း ခွင့်ပြုရန်ဖြစ်ကြောင်း ထင်ရှားပေသည်။
သို့ဖြစ်ရာ တရားရုံးက တရားပြိုင်သည် တရားလို၏ တရားဝင် အခွင့်အရေးကို ထိပါးခြင်း ရှိ မရှိ သော စဉ်းစားရန် မဟုတ် ၊ ထိုထိပါးခြင်းအား တားဆီးရန် အတွက် ဆောင်ရွက်မှုသည် သင့်မြတ်သော သက်သာခွင့် ဟုတ် မဟုတ် ထိုထိပါးခြင်းအား တားဆီးရန်အတွက် ဆောင်ရွက်မှုသည် သင့်မြတ်သော သက်သာခွင့် ဟုတ် မဟုတ် လည်း စိစစ်ရမည် ဖြစ်သည် ။ ဤကိစ္စ အလို့ငှါ တရားလိုအား အကျိုး ပျက်စီးစေသည့် သို့မဟုတ် ပျက်စီးရန် ခြိမ်းခြောက်လျှက်ရှိသည့် ပမာဏကို တားဝရမ်း ထုတ်ဆင့်ခြင်းကြောင့် တရားပြိုင်အပေါ် ထိခိုက်နစ်နာစေမှု နှင့် ယှဉ်တွဲ သုံးသပ်ရမည် ဖြစ်သည် ။ ဦးဇော်မင်းမြင့် ပါ -၂ နှင့် ဦးတင်မောင်အေး ပါ - ၂ ( ၀၁ /၁၈၆ အထူး)။
[ အညွှန်း - ဦးတင်ဝင်း ( တရားရုံးချုပ် ) ၊ တရားမမှု ( ၂၈ ) မျိုး စီရင်ချက် ရေးသားပုံများနှင့် အကျိုးသက်ရောက်စေသည့် အမိန့်များ ၊ စာ - ၁၅ ]
#DVBLawLab
Credit ( ဥပဒေ ရေးရာ )
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...