လူနေထိုင်ခွင့် မရသေးသည့် တိုက်တွင် ငှားရမ်းနေထိုင်ခဲ့လျှင်

လူနေထိုင်ခွင့် မရသေးသည့် တိုက်တွင် ငှားရမ်းနေထိုင်ခဲ့လျှင်
“တိုက်ခန်းတစ်ခန်းမှာ ကျွန်တော်ငှားနေတယ် ဆရာ။ အဲဒီတိုက်ခန်းက ဘီစီစီ လူနေခွင့် မကျသေးဘူးလို့ သိရတယ် ။ အဲဒါ ဘယ်လိုဖြစ်နိုင်ပါသလဲ ။ ကျွန်တော်တို့ အိမ်ခန်းက ပြန်ဆင်းပေးရမှာလား ဆရာ ” ဟု မိတ်ဆွေတစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးခြင်း ဖြစ်ပါသည် ။
“ လူနေခွင့် မကျသေးတဲ့ အဆောက်အအုံ ဆိုတာ တိုက်ခန်းကို ငှားနေပြီးမှ သိတာပေါ့ ”
“ ဟုတ်ပါတယ် ဆရာ ။ ငွေပြန်အမ်း ယူပြီး ဆင်းပေါ့လို့ ပြောကြတယ် ။ အဲဒီလို လုပ်ပိုင်ခွင့် ရှိပါသလား ”
“ ဘယ်နှလစာ ငှားထားလို့လဲ ”
“ တစ်နှစ်စာချုပ် ဆရာ ”
“ အခု ဘယ်နှလခန့် ရှိပြီလဲ ”
“ နှစ်လပြည့်ပြီ ဆိုပါတော့ ”
“ ဥပဒေအရ ဆိုရင်တော့ လူနေထိုင်ခွင့်ရမှ အဆောက်အအုံထဲမှာ ဝင်ရောက်နေထိုင်ခွင့် ရှိမှာ ဖြစ်တယ် ။ ဒါပေမယ့် အကြောင်း
အမျိုးမျိုးကြောင့် နေထိုင်ခွင့် မရသေးဘဲ အဆောက်အအုံထဲ ဝင်နေကြတာလည်း ရှိနေကြတယ် ”
“ ကန်ထရိုက်က ဆက်မဆောက် နိုင်တော့ဘဲ ထားခဲ့တာလို့ သိရတယ် ”
“ ငှားနေတဲ့ အခန်း အခြေအနေက ဘယ်လိုရှိသလဲ ”
“ ရေမီး အစုံ ပြည့်စုံပါတယ် ဆရာ ။ ဆေးတော့ အတွင်းပိုင်း ပြန်သုတ်ထားတာတော့ ရှိတယ် ”
“ ဘေးတံခါးတွေ ပြည့်စုံရဲ့လား ”
“ ဘေးပြတင်းပေါက်တွေကတော့ ဆလိုက်ဒိုး အလူမီနီယံ တံခါးတွေပါ ဆရာ”
“ အင်း … ဒါဆိုရင် အဆင်ပြေသေးတယ် ဆိုရမယ် ။ အချို့ အိမ်တွေဆိုရင် ဘေးပြတင်းပေါက်တွေမှာ တံခါးတပ် မထားကြဘူး ။
လုပ်လက်စ ပုံစံ အတိုင်းထားပြီး အငှားချထားသူတွေလည်း ရှိတယ် ”
“ အငှားနေသူက ပြင်ဆင်ပြီး နေရတဲ့ သဘောလား ဆရာ ”
“ အချို့ အိမ်ရှင်တွေက စပေါ်ငွေ ယူပြီး နည်းနည်းပါးပါး ပြင်ဆင်ပေးတာမျိုးတော့ ရှိတယ် ။ ဘာပဲဖြစ်ဖြစ် အပျောက်စနစ်နဲ့ တိုက်ခန်း ဝယ်တာ မဟုတ်တဲ့ အတွက် မိမိအပေါ် တိုက်ရိုက် တာဝန်ရှိတယ်လို့တော့ သတ်မှတ်လို့ မရဘူး ”
“ ဟုတ်ကဲ့ ဆရာ ။ အစကတော့ တိုက်ခန်းကို ဝယ်ဖို့ပဲ ဆရာ ။ ဇနီးဖြစ်သူမှာက ကိုယ်ဝန်ရှိတော့ ကျွန်တော် သင်္ဘောတက်သွားရင်
သူ့မိဘဆီ ပြန်နေရမှာဆိုတာနဲ့ မဝယ်ဖြစ်တာ ဆရာ ”
“ ဒါလည်း ကံကောင်းခြင်း တစ်ရပ်လို့ ပြောရမှာ ”
“ ဟုတ်ကဲ့ပါ ဆရာ ။ တကယ်လို့ စည်ပင်သာယာက လာစစ်ပြီး လူနေထိုင်ခွင့် မရသေးဘဲ ဝင်နေတာကို သိရင် အရေးယူ နိုင်သလား ဆရာ”
“ တိုင်တန်းသူ ရှိလာရင်တော့ ဖြစ်နိုင်ပါတယ် ”
“ ဘာမှတော့ ပြဿနာရှိပုံ မရဘူး ဆရာ ။ ကျွန်တော်တို့လိုပဲ အိမ်ငှားနေထိုင်တဲ့သူတွေ အဲဒီတိုက်မှာ သုံးခန်းလား လေးခန်းလား ရှိတယ်”
“ ရပ်ကွက်နဲ့ ပတ်ဝန်းကျင် ကောင်းတော့ အဆင်ပြေနေတာပေါ့ ။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် လူနေခွင့် လက်မှတ်ရအောင်တော့ မြေရှင်
အနေနဲ့ လုပ်ထားသင့်တယ် ။ ဒါမှ ရေရှည် ကောင်းမှာကိုး ”
“ ဟုတ်ကဲ့ မြေရှင်ကို မေးကြည့်တော့ အခွန်အခတွေက အများကြီးဆောင်ရမှာ ဖြစ်လို့ ဒီအတိုင်းပဲ ထားလိုက်တယ် ပြောတယ် ”
“ တိုက်ခန်း ဝယ်ထားသူတွေနဲ့ ညှိနှိုင်းပြီး အခွန်ပေးဆောင်ကြရမှာ ဖြစ်တယ် ။ အချို့ တိုက်ခန်းပိုင်ရှင်တွေကလည်း လူနေထိုင်ခွင့်
ကိစ္စကို မြေရှင်က တာဝန်ယူ လုပ်ဆောင်ပေးရမှာ ဆိုပြီး မသိသလို နေကြတာလည်း ရှိတယ်”
“ ဆရာပြောသလို ကျွန်တော်က အိမ်ငှားဆိုတော့ တိုက်ရိုက် သက်ဆိုင်မှု မရှိဘူး ဆိုပေမယ့် ဥပဒေအရ ဘယ်လိုရှိနိုင်သလဲ ဆိုတာ ဗဟုသုတ အဖြစ် သိထားချင်လို့ပါ ဆရာ ”
“ အသစ်ပြဋ္ဌာန်းတဲ့ ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ – ပုဒ်မ ( ၇၇ ) မှာ မြို့တော် နယ်နိမိတ်အတွင်း အဆောက်အအုံ တစ်ခုကို ဆောက်လုပ်သူ သို့မဟုတ် ထပ်မံဆောက်လုပ်သူ မည်သူမဆို ယင်းအဆောက်အအုံကို ဆောက်လုပ် ပြီးစီး ပြီးနောက် ရက်ပေါင်း ၃၀ အတွင်း အဆောက်အအုံ ပြီးစီးကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ တင်ပြရမည်။ ကော်မတီက သက်ဆိုင်ရာ အဆောက်အအုံကို သွားရောက် စစ်ဆေးပြီး မူလ ခွင့်ပြုချက်နှင့်တကွ သက်ဆိုင်ရာ စည်းကမ်းချက်များနှင့် ကိုက်ညီလျှင် လူနေထိုင်ခွင့်ပြုခြင်းကို ပုဒ်မ ၇၈ အရ ခွင့်ပြုနိုင်သည်လို့ ပြဋ္ဌာန်းထားပါတယ် ”
“ ဒါဆို အခုကိစ္စက အဆောက်အအုံ ဆောက်လုပ်ပြီးပေမယ့် လူနေထိုင်ခွင့် မလျှောက်ဘဲ ထားတာမျိုး ဖြစ်နေတာပေါ့ ”
“ မှန်ပါတယ် ။ စတင် ဆောက်လုပ်ခွင့်ပါမစ် ရစဉ်က ဘယ်ကာလ အတွင်း ဥပမာ – ၈ လ အတွင်း ၊ ၁၂ လအတွင်း စသည်ဖြင့် ပြီးစီး အောင် ဆောက်လုပ်ပါမယ်လို့ မြို့တော်စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံ ဌာနမှာ ဝန်ခံ လက်မှတ်ထိုး ကြရပါတယ် ”
“ ဒါပေမယ့် သတ်မှတ်ရက်မှာ မပြီးတာတွေ ရှိတယ် မဟုတ်လား ဆရာ ”
“ မှန်ပါတယ် ။ သက်ဆိုင်ရာက စိစစ်ပြီး ဒဏ်ငွေ ရိုက်ရင်တော့ နိုင်ငံတော်ဘဏ္ဍာ အများအပြားရမှာ ဖြစ်တယ် ။ အခုလို လူနေခွင့်
မလျှောက်ဘဲ နေထိုင်ကြတဲ့ တိုက်ခန်းတွေက မနည်းဘူး ”
“ အခွန်အခက ဘယ်လိုဆောင်ရသလဲ ဆရာ ”
အိမ်ဆောက်လုပ်ခြင်းနဲ့ ပတ်သက်လို့ အခွန်စည်းကြပ်နှုန်းကတော့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ကစပြီး သတ်မှတ်ချက်ကို ပြောရရင် –
ပထမတန်းစား အာစီ ၈ ထပ် နှင့် ၁၅ ထပ်ထိမှာ တစ်စတုရန်းပေတွင် ငွေကျပ်သုံးသောင်းမှ ငါးသောင်း အထိ ။
ပထမတန်းစား အာစီ ၈ ထပ် အောက်မှာ တစ်စတုရန်းပေတွင် နှစ်သောင်းခွဲကျပ် ဒုတိယတန်းစား အာစီ ၈ ထပ် အောက်မှာ
တစ်စတုရန်းပေတွင် နှစ်သောင်းကျပ် သတ်မှတ်ထားပါတယ် ။ အခု တိုက်ခန်း အဆောက်အအုံက ဘယ်နှထပ်လဲ ”
“ ရှစ်ထပ်တိုက် ဆရာ ”
“ ဒါဆိုရင် တစ်စတုရန်းပေမှာ ငွေကျပ် အနည်းဆုံး သုံးသောင်းကျပ်ထဲမှာ ပါနိုင်တာပေါ့ ”
“ ဟုတ်ကဲ့ ဆရာ ၊ အဆောက်အအုံရဲ့ ဧရိယာ စတုရန်းပေါ်မှာ နှုန်းထားအတိုင်း အခွန်ဆောင်ရမှာ ဆိုတော့လည်း အခွန်ရှောင်တာ
ဖြစ်မယ် ။ အစောက ပြောသလို သက်ဆိုင်ရာက လာစစ်တဲ့အခါ လူနေထိုင်ခွင့် မရသေးဘဲ ဝင်နေတာ တွေ့ရင် ဘယ်လိုဖြစ်နိုင်သလဲ ဆရာ ”
“ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေပုဒ်မ – ၃၁၂ ပုဒ်မခွဲ ( င ) မှာ ကော်မတီ၏ ခွင့်ပြုချက် မရဘဲ ဝင်ရောက် နေထိုင် အသုံးပြု လျှင် နေ့စဉ် ငွေဒဏ်ကျပ် ( ၁ ) သောင်း မှ ( ၅ ) သောင်းအထိ ချမှတ်ရမည် လို့ ပြဋ္ဌာန်းထားတဲ့ အတွက် ဝင်ရောက်နေထိုင်တဲ့ ကာလ အပေါ် ဒဏ်ငွေတပ်ရိုက်မှာ ဖြစ်ပါတယ် ။ ဒါကြောင့် အစောကပြောခဲ့တဲ့ အဆောက်အအုံတွက် ပေးဆောင်ရမယ့် အခွန်အခ ၊ ခွင့်ပြုချက် မရဘဲ ဝင်ရောက်နေထိုင်တဲ့ ကာလအပေါ် ဒဏ်ငွေတို့ကို တွက်ချက်ပြီး မြေရှင်က နေထိုင်ခွင့် မလျှောက်ဘဲ အငှားချကာ ဝင်ငွေ ရယူနေကြတာ ဖြစ်တယ် ”ဟု ရှင်းပြလိုက်ပါသည် ။
ထီယု ( ဥပဒေ အတိုင်ပင်ခံ )
Credit to : ဈေးကွက်ဂျာနယ် ပြန်လည်ကူးယူ ဖော်ပြပါသည် ။
Credit ( ဥပဒေရေးရာ )
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...