ကိုယ်က မှန်လျက် ရှုံးသွားတတ်ခြင်း

ကိုယ်က မှန်လျက် ရှုံးသွားတတ်ခြင်း
တရားရုံးကို ရောက်လာတဲ့ အမှု ( ၂ ) မျိုး ရှိပါတယ် ။ တရားမမှုနဲ့ ရာဇဝတ်မှု ( ပြစ်မှု ) တို့ ဖြစ်တယ် ။
တရားမမှုမှာ တရားမကြီးမှု ဆိုတာရယ် ၊ တရားမသေးမှု ( တရားမ အထွေထွေမှု ) ဆိုတာရယ် ( ၂ ) မျိုး ရှိပြန်တယ် ။ ရာဇဝတ်မှုမှာ လည်း အလားတူပါပဲ ။ ရာဇဝတ်ကြီးမှု နဲ့ ရာဇဝတ်သေးမှု တဲ့ ။
ကနေ့တော့ တရားမကြီးမှုတွေ အကြောင်းနဲ့ ဒီအမှုတွေဟာ ဘယ်အခါမှာ ပြီးပြတ်သွားတတ်သလဲ ဆိုတာ ရှင်းပြပါမယ် ။
တရားမမှုတွေမှာ ပါဝင်သူတွေက တရားလိုနဲ့ တရားပြိုင်တို့ ဖြစ်တယ် ။ တရားလိုဆိုတာ မိမိတောင်းဆိုတဲ့ သက်သာခွင့်ကို လိုလားသူ
( တရားစွဲဆိုသူ ) ဖြစ်တယ် ။ တရားပြိုင်ဆိုတာ တစ်ဖက်က စွဲဆိုလာတဲ့ အမှုကို ဆိုင်ပြိုင်သူ ( တရားစွဲဆို ခံရသူ ) ဖြစ်တယ် ။ တောင်းဆိုတဲ့ သက်သာခွင့် ဆိုတာကတော့ တရားရုံးက မိမိလိုလားတဲ့ ဆုံးဖြတ်ချက် ချမှတ်ပေးဖို့ ဖော်ပြတဲ့ အမှုခေါင်းစဉ် ဖြစ်တယ် ။
ဥပမာ - ၁ ။ ( အေ ) က ( ဘီ ) အပေါ် ငွေကျပ်သိန်း ( ၁၀၀၀ ) ရလိုမှု ။
၂ ။ ( အေ ) က ( ဘီ ) ကျူးကျော်နေတဲ့ မြေပေါ်က နှင်ထုတ်လိုမှု ။
၃ ။ ( အေ ) က ( ဘီ ) ( စီ ) ( ဒီ ) အပေါ် မိဘအမွေပုံ ခွဲဝေပေးစေလိုမှု ။
၄ ။ ( အေ ) က ( ဘီ ) မယားကို ကွာလိုမှု ။
တရားမမှုတွေ စစ်ဆေးတဲ့အခါ တရားမကျင့်ထုံး ဥပဒေအရ စစ်ဆေးရတယ် ။ ပုဒ်မ ( ၁၅၃ ) ခု ပါတယ် ။ အမိန့် ( ၅၄ ) ခုနဲ့ နည်းဥပဒေ ( ၁၀၀၀ ) လောက် ရှိတယ် ။ ရာဇဝတ်မှုတွေလို တရားလိုက ရဲစခန်း သွားတိုင်လို့ မရဘူး ။ ရုံးကို ဦးတိုက်လျှောက်ထားလို့
မရဘူး ။ တရားမမှု အတွက် သတ်မှတ်ပြဋ္ဌာန်းထားတဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ရတယ် ။ သာမန်ပြည်သူတွေ မလုပ်တတ်ဘူး ။ ဒါကြောင့် တရားမမှု အားလုံးလောက်ဟာ ရှေ့နေငှား ရပါတယ် ။ ရှေ့နေ မငှားရင် မိမိအမှုဟာ ဘယ်လိုမှ မနိုင်နိုင်ပါဘူး ။ အမှုဆုံးခန်း မရောက်ဘဲ ရှုံးသွားတတ်တယ် ။ အမှု ပြီးပြတ် သွားတတ်ပါတယ် ။ ပြဋ္ဌာန်းထားတဲ့ လုပ်ထုံးလုပ်နည်း ကိုမသိ နားမလည်တဲ့အတွက် အမှုရဲ့ အဆင့်တစ်ဆင့်မှာ အမှု ပလပ်ခံ ရတတ်ပါတယ် ။ ရှုံးသွားတတ်ပါတယ် ။ ဒီအကြောင်းကို ဗဟုသုတ အဖြစ် တတ်နိုင်သမျှ ရှင်းလင်းတင်ပြပါမယ် ။
တရားမမှုရဲ့ အခြေခံကျင့်ထုံး နည်းလမ်း
၁ ။ အထက်မှာ ဖော်ပြထားတဲ့ တရားလို ( အေ ) က မိမိတောင်းဆိုတဲ့ သက်သာခွင့် ( ငွေရလိုမှု / မြေနှင်လိုမှု / အမွေရလိုမှု / ကွာလိုမှု ) ရချင်ရင် ၊ သက်ဆိုင်ရာ တရားရုံးကို သွားပြီး ( အဆိုလွှာ ) တင်သွင်း ရပါတယ် ။
၂ ။ တရားစွဲဆိုခံရတဲ့ တရားပြိုင် ( ဘီ ) ဟာ တရားလိုတောင်း ဆိုတာကို မပေးထိုက်ဘူး ဆိုရင် ၊ ခုခံချေပတဲ့ ( အချေလွှာ ) တင်သွင်း
ရပါတယ်။
၃ ။ တရားရုံးက နှစ်ဖက် တင်သွင်းလာတဲ့ အဆို ၊ အချေလွှာ ၊ စာချုပ်စာတမ်းများအရ အမှုသည် နှစ်ဦးအကြား အငြင်းပွားနေတဲ့ အချက် ( ငြင်းချက် / ကောက်ချက် ) ထုတ်ပေးရပါတယ် ။
၄ ။ ထို့နောက် တရားရုံးက တရားလိုနဲ့ သက်သေတွေ ၊ တရားပြိုင်နဲ့ သက်သေတွေ စစ်ဆေးရပါတယ် ။ သက်သေခံ စာရွက်စာတမ်း များ လက်ခံရပါတယ် ။
၅ ။ နှစ်ဖက် စစ်ဆေးပြီးရင် လျှောက်လဲချက် ကြားနာပြီး တရားလို စွဲဆိုတဲ့အမှုမှာ { တောင်းဆိုတဲ့ သက်သာခွင့် } ရထိုက် ၊ မထိုက် အပြီးသတ် အဆုံးအဖြတ် ပေးရပါတယ် ။ အဲဒါကို ( စီရင်ချက် / ဒီကရီ ) ချတယ်လို့ ခေါ်ပါတယ် ။ အပြီးသတ် ဆုံးဖြတ်ချက်ဟာ တရားလို စွဲဆိုတဲ့ အတိုင်း အနိုင်ဒီကရီ ချပေးတာလည်း ဖြစ်နိုင်တယ် ။ တရားလို စွဲဆိုတဲ့အမှုကို ပလပ်လိုက်တာလည်း ဖြစ်နိုင် တယ်။
ဒီအခြေခံကျင့်ထုံးကတော့ ပုံမှန် ၊ သာမန် တရားမမှု တစ်မှု အဆင့်ဆင့် ဆောင်ရွက်ပြီး ၊ ပြီးပြတ်သွားပုံ အတွက် ပြဋ္ဌာန်းချက် ဖြစ် ပါတယ် ။ ဒါပေမဲ့ တရားမမှုတွေဟာ အထက်က ဖော်ပြတဲ့ အဆင့် ( ၅ ) ဆင့် ကို မကျော်ဖြတ်နိုင်ဘဲ အမှုဆုံးခန်းတိုင် ရောက်သွား တာ အမြဲ တွေ့နေရပါတယ် ။ ဒါကို တရားမမှုခင်း ကြုံရတဲ့ ပြည်သူများအနေနဲ့ သိထားနိုင်အောင် သတိထားနိုင်အောင် တင်ပြလိုက် ရခြင်း ဖြစ်ပါတယ် ။
၁ ။ အဆိုလွှာ အဆင့်
တရားလို တင်သွင်းလာတဲ့ အဆိုလွှာကို အောက်ပါ အကြောင်းပြချက်တွေနဲ့ တရားရုံးက ပယ်ချနိုင်ပါတယ် ။ ဒါဆိုရင် အမှုပြီးဆုံး သွားတတ်ပါတယ် ။
( က ) နယ်မြေ စီရင်ပိုင်ခွင့် မှားယွင်း စွဲဆိုလာခြင်း ။
( ခ ) အမှုတန်ဖိုး စီရင်ပိုင်ခွင့် မှားယွင်း စွဲဆိုလာခြင်း ။
( ဂ ) အမှုဖြစ် အကြောင်းခြင်းရာ မပေါ်ပေါက်ခြင်း ။
( ဃ ) ထမ်းဆောင်ရမယ့် ရုံးခွန်တော် မလုံလောက်ခြင်း ။
( င ) တရားစွဲဆိုခွင့်ကို ဥပဒေတစ်ရပ်ရပ်က ပိတ်ပင်ထားခြင်း ။
၂ ။ အချေလွှာ အဆင့်
( က ) တရားပြိုင်က ချေလွှာတင်သွင်းရန် ပျက်ကွက်ရင် တစ်ဖက်သတ် စစ်တယ် ။
( ခ ) အချေလွှာမှာ အဆိုလွှာ ဖော်ပြချက်တွေကို တိတိလင်းလင်း မငြင်းဆိုရင် ဝေ့လည်ကြောင်ပတ် ငြင်းဆိုရင် အဆိုလွှာကို ဝန်ခံတယ် လို့ မှတ်ယူပြီး အမှုမစစ်ဆေးတော့ဘဲ အနိုင်ဒီကရီ ချနိုင်တယ် ။
၃ ။ အမှုသည်များ ရုံးသို့ မလာရောက်ခြင်း
( က ) အမှုကြားနာရန် ချိန်းဆိုတဲ့နေ့မှာ တရားလို မလာရင် တရားလိုရဲ့အမှုကို ပလပ် လိုက်တယ် ။ အမှု ပြီးသွားရော ။
( ခ ) တရားပြိုင် မလာရင် ၊ တရားပြိုင် မျက်ကွယ်မှာ တစ်ဖက်သတ် စစ်ဆေးပြီး အမိန့် ၊ စီရင်ချက် ချလိုက်တယ် ။
( ဂ ) တရားလိုရော ၊ တရားပြိုင်ရော ရုံးကိုမလာရင် အမှု ပလပ်လိုက်တယ် ။
( ဃ ) မိမိတင်ပြရမယ့် သက်သေတွေ ရုံးကို ခေါ်မလာရင် အမှုတိုးတက်အောင် မဆောင်ရွက်ရင် ရုံးသဘောအတိုင်း အမိန့် ချနိုင်တယ်။
၄ ။ ပဏာမ ငြင်းချက် အဆင့်
( က ) ပဏာမ ငြင်းချက်အရ အမှုပုံစံ မှားကြောင်း ပေါ်ပေါက်နေရင် အမှုကို ပလပ်နိုင်တယ်။
( ခ ) ကာလစည်းကမ်း ကျော်လွန်နေကြောင်း တွေ့ရရင် အမှု ပလပ်နိုင်တယ် ။
( ဂ ) တရားစွဲဆိုခွင့် မရှိကြောင်း ပေါ်ပေါက်နေရင် အမှု ပလပ်နိုင်တယ် ။
( ဃ ) နို့တစ်စာ တရားမဝင်ရင် အမှု ပလပ်နိုင်တယ် ။
( င ) ယခင် အမှုစီရင်ချက်ကြောင့် ယခု အမှုဟာ မီးသေနေရင် အမှု ပလပ်နိုင်တယ် ။
( စ ) အဆို အချေအရ အမှု ဆုံးဖြတ်ရန် လုံလောက်နေရင် သက်သေ မစစ် ၊ ငြင်းချက် မထုတ်တော့ဘဲ အဆုံးအဖြတ် ပေးနိုင်တယ် ။
၅ ။ အမှုသည် အချင်းချင်း ပြေငြိမ်းခြင်း
( က ) အမှုအတွင်းမှာ အမှုသည် အချင်းချင်း ညှိနှိုင်းသဘော တူညီကြရင် သဘောတူညီတဲ့အတိုင်း အဆုံးအဖြတ် ပေးနိုင်တယ် ။
ဥပမာ ။ ( အေ ) က ( ဘီ ) အပေါ် သိန်း ( ၁၀၀၀ ) ရလိုမှု စွဲဆိုထားရာမှာ နှစ်ဖက် ညှိနှိုင်းချက်အရ သိန်း ( ၅၀၀ ) ကိုသာ အနိုင်ဒီကရီ
ချပေးပါလို့ နှစ်ဖက်တင်ပြကြရင် သဘောတူတဲ့ အတိုင်း ဒီကရီ အဆုံးအဖြတ် ချမှတ်နိုင်တယ် ။
( ခ ) အမှုသည် အချင်းချင်း ပြင်ပမှာ သဘောတူ ပြေငြိမ်းပြီး ၊ အမှုကို ဆက်လက် မစစ်ဆေးလိုတော့ဘူးဆိုရင် အမှုကို ပြန်လည် ရုပ်သိမ်းပေးပါလို့ တရားလိုက တင်ပြနိုင်တယ် ။ ရုံးက အမှုရုပ်သိမ်း ခွင့်ပြုပြီး အမှုပိတ်သိမ်းပေးတယ် ။
၆ ။ အမှုသည်တို့ သေဆုံးခြင်း
( က ) တရားစွဲဆိုခွင့် မကျန်တဲ့ အမှုတွေမှာ အမှုသည် သေဆုံးသွားတဲ့အခါ အမှုဟာ ချုပ်ငြိမ်းသွားတယ် ။ ဆက်ဆောင်ရွက်လို့
မရတော့ဘူး။
ဥပမာ ။ ( အေ ) လင်က ( ဘီ ) မယားကို ကွာလိုမှု စွဲဆိုထားတယ် ။ အေ သေရင် ဖြစ်စေ ၊ ဘီ သေရင် ဖြစ်စေ အမှုရပ်စဲသွားတယ် ။ အမှုဆုံးခန်းတိုင် ရောက်သွားတယ် ။ အလားတူပဲ ၊ ( အေ ) လင်က ( ဘီ ) မယားကို ခေါ်လိုမှု စွဲဆိုထားတယ် ။ မယား ( ဘီ ) သေရင် အမှု ရပ်စဲသွားတယ် ။
( ခ ) တရားစွဲဆိုခွင့် ကျန်တဲ့အမှုတွေမှာ အမှုသည် သေဆုံးသွားခဲ့ရင် သေဆုံးတဲ့ နေ့ကစပြီး ရက်ပေါင်း ( ၉၀ ) အတွင်းမှာ သေသူရဲ့ တရားဝင် ကိုယ်စားလှယ် ထည့်သွင်းဖို့ တရားရုံးကို လျှောက်ထား ရမယ် ။ မလျှောက်ခဲ့ဘူးဆိုရင် အမှုဟာ ရပ်စဲပြီး ပိတ်သွား တယ် ။
( ဂ ) တစ်ဖက်အမှုသည် သေနေတာ မသိဘဲ သေသူ အပေါ် အဆိုလွှာ တင်သွင်း တရားစွဲဆို လာရင်လည်း ရုံးက အမှုကို ပလပ်ပစ် တယ်။
၆ ။ အခြားအကြောင်းများကြောင့် ပြီးဆုံးသွားခြင်း
တရားမကျင့်ထုံးမှာပါတဲ့ အမှု ပြီးဆုံးစေတဲ့ အခြားအကြောင်းတွေက အများကြီး ရှိတယ် ။ ယေဘုယျ သိသင့်တာကို တင်ပြလိုက် ပါတယ်။
( က ) တရားပြိုင်က အချက်အလက် မေးမြန်းတာကို တရားရုံးက တရားလိုကို ဖြေခိုင်းတယ် ။ တရားလိုက မဖြေရင် အမှုပလပ်နိုင် တယ် ။
( ခ ) တရားပြိုင်က မေးခွန်းများ မေးတာကို တရားလိုက မဖြေရင်လည်း အမှု ပလပ်နိုင်တယ် ။
( ဂ ) အမှုသည်တွေဟာ ငယ်ရွယ်သူ ၊ ရူးသွပ်သူ ဖြစ်နေရင် ၊ ကျင့်ထုံးနည်းလမ်းနဲ့ အညီ တရားစွဲဆိုရတယ် ။ မဟုတ်ရင် အမှု ပလပ်နိုင် တယ်။
( ဃ ) တရားလိုနဲ့ တရားပြိုင်ဟာ မိမိတို့ နေထိုင်တဲ့ နေရပ်လိပ်စာ ၊ ဆင့်စာ လိပ်စာကို ရုံးကို တင်သွင်းရတယ် ။ မတင်ရင် အရေးယူ ခံရ နိုင်တယ်။
( င ) အမှုမှာ ပါသင့်ပါထိုက်တဲ့ အမှုသည်တွေ စုံလင်အောင် ထည့်ပြီး တရားစွဲဆိုရတယ် ။ ရုံးက အမှုသည် ဖြည့်စွက် ခိုင်းပါလျက်
မဖြည့်စွက်ရင် အမှု ပလပ် နိုင်တယ် ။
( စ ) အမွေမှုမှာ အမွေဆိုင်အားလုံးကို အမှုသည် အဖြစ် ထည့်သွင်း တရားစွဲဆိုရတယ် ။ အမှုသည် မစုံရင် အမှုပလပ် နိုင်တယ် ။
( ဆ ) တရားလိုဟာ မိမိရစရာရှိတဲ့ သက်သာခွင့် အားလုံးကို တစ်ခါတည်း ပြီးပြတ်အောင် ထည့်သွင်းပြီး တရားစွဲဆို ရတယ် ။ ရုံးခွင့်ပြု ချက် မရဘဲ ချန်လှပ်ထားခဲ့ရင် နောင်မှာ ချန်လှပ်ခဲ့တဲ့ သက်သာခွင့် အတွက် တရားစွဲဆို မရတော့ဘူး။
ဥပမာ ။ ( အေ ) ဟာ ( ဘီ ) အပေါ်က သိန်း ( ၁၀၀၀ ) ရခွင့် ရှိတယ် ။ ( အေ ) ဟာ သိန်း ( ၁၀၀၀ ) ရလိုမှု တစ်ကြိမ်တည်း စွဲဆိုရမယ် ။ ပထမမှုမှာ သိန်း ( ၅၀၀ ) စွဲခဲ့ရင် ကျပ်သိန်း ( ၅၀၀ ) အတွက် ထပ်စွဲလို့ မရတော့ဘူး ။
ဒါတွေက သာမန်ပြည်သူတွေ မသိနိုင်တဲ့ တရားမကျင့်ထုံး ဥပဒေရဲ့ နက်နဲ ၊ ရှုပ်ထွေးတဲ့ ပြဋ္ဌာန်းချက်တွေ ဖြစ်ပါတယ် ။
ကိုဖြူ ။ ကိုယ်စွဲဆိုတဲ့ အမှု ပလပ်လိုက်ရင် ဘာဖြစ်သွားသလဲ ဆရာ ။
ယူတီကေ ။ အမှု ပလပ်လိုက်ရင် အမှု ရှုံးသွားတာပေါ့ဗျာ ။ ဒီကိစ္စအတွက် နောက်ထပ် တရားထပ်စွဲလို့လည်း မရတော့ဘူးဗျ ။ ကိုယ်မှန် နေပေမဲ့ ( မှန် - မှား / တရား - မတရား / ကောင်း - မကောင်း / မျှတ - မမျှတ ) မကြည့်တော့ဘဲ ဥပဒေ ပြဋ္ဌာန်းချက် ကြောင့် အမှုကို ပလပ် ပစ်လိုက်ကြရတယ် ။ ဘဝပြဿနာတွေမှာလည်း ကိုယ်က မှန်နေပေမဲ့ ( လမ်းကြောင်း ၊ နည်း လမ်း ) မမှန်ရင် ( မှန်ရှုံး ) ရှုံးသွားတတ် တယ်လေဗျာ ။
Credit ယူတီကေ ( စိတ် ၊ လိပ် ၊ ဥတု )
Credit ( ဥပဒေရေးရာ )
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...