"ရာဇသတ်ကြီး ပုဒ်မ ၂၉၄ အကြောင်း"

"ရာဇသတ်ကြီး ပုဒ်မ ၂၉၄ အကြောင်း"
=====================
ရာဇသတ်ကြီး ပုဒ်မ ၂၉၄ ကို အထူးသဖြင့် “ ဆဲမှု ” ဟု လူသိများသည် ။ ရာဇသတ်ကြီးတွင် နှုတ်ဖြင့် ကျူးလွန်သော ပြစ်မှုတစ်ခုဖြစ်သည် ။ ပြစ်ဒဏ်မှာ ( ၃ ) လ အထိ ထောင်ဒဏ် ဖြစ်စေ ၊ ငွေဒဏ် ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင်သည် ။ ရာဇသတ်ကြီးပုဒ်မ ၂၉၄ သည် ပြစ်ဒဏ် နည်းသော်လည်း ရာဇဝတ် ကျင့်ထုံး ဥပဒေဇယား ( ၂ ) တွင် ရဲအရေး ယူပိုင်ခွင့် ရှိသော ပြစ်မှု အဖြစ် သတ်မှတ်ထား သဖြင့် ရဲစခန်းများတွင် ပထမသတင်းပေး တိုင်ချက် ဖွင့်ရလေသည် ။
ရာဇသတ်ကြီး ပုဒ်မ ၂၉၄ ကို ဆဲမှု ဟု လွယ်လင့်တကူ ခေါ်ဝေါ်ကြသော်လည်း အမှန်စင်စစ်မှာမူ ညစ်ညမ်းစွာ ဆဲဆိုမှု ဖြစ်သည်။ ညစ်ညမ်းစွာ ဆဲဆိုတိုင်း ပြစ်မှုမြောက်သလား ဆိုလျှင် ထိုညစ်ညမ်းစွာ ဆဲဆိုခြင်းသည် အများ ပြည်သူဆိုင်ရာ နေရာတွင် ဖြစ်စေ ၊ အများ ပြည်သူဆိုင်ရာ နေရာ၏ အနီးအနားတွင် ဖြစ်စေ ဆဲဆိုခြင်း ဖြစ်ရန် လိုအပ်သည် ။ သို့ဖြစ်၍ ရာဇသတ်ကြီးပုဒ်မ ၂၉၄ သည် အများ ပြည်သူဆိုင်ရာ နေရာ သို့မဟုတ် အနီးအနား နေရာတွင် အခြားသူများ စိတ်ငြိုငြင်အောင် ညစ်ညမ်းသော စကားကို ပြောဆိုခြင်းပင် ဖြစ်သည် ။
ရာဇသတ်ကြီး ပုဒ်မ ၂၉၄ နှင့် အကျုံးဝင်သည့် အင်္ဂါရပ်များမှာ တရားခံသည် -
၁ ။ အများ ပြည်သူဆိုင်ရာ သို့မဟုတ် အနီးအနား နေရာတွင် ကဗျာ ၊ လင်္ကာ ၊ သီချင်း ၊ စကားတစ်မျိုးမျိုးကို ပြောဆိုခြင်း ၊
၂ ။ ထိုသို့ သီဆို ၊ ရွတ်ဖတ် ၊ ပြောဆိုမှုသည် ညစ်ညမ်းခြင်း ၊
၃ ။ ထိုပြုလုပ်မှုကြောင့် အခြားသူများအား စိတ်ငြိုငြင်စေခြင်း တို့ ဖြစ်ကြသည် ။
မိမိ နေအိမ်အတွင်း လင်မယား စကားများနေခြင်းသည် ရာဇသတ်ကြီး ပုဒ်မ ၂၉၄ မမြောက်ပေ ။သို့ရာတွင် ထိုသို့ နေအိမ် အတွင်း လင်မယားချင်း စကားလည်း များကြသည် ၊ ထိုသို့ စကားများစဉ် ညစ်ညမ်းသော စကားများလည်း ပါသည် ၊ နေအိမ်မှာလည်း အများပြည်သူ သွားလာနေသည့် လမ်းနှင့် အနီးအနား ဖြစ်နေလျှင် ရာဇသတ်ကြီး ပုဒ်မ ၂၉၄ နှင့် အကျုံးဝင်နေကြောင်း အများပြည်သူတို့ သိရှိကြဖို့ လိုသည် ။
တစ်ဦး နှင့် တစ်ဦး ခိုက်ရန် ဖြစ်ပွားကာ လုံးထွေးသတ်ပုတ် ဒဏ်ရာ အနည်းငယ် ရသွားခြင်းသည် ရာဇသတ်ကြီး ပုဒ်မ၃၂၃ နှင့်သာ အကျုံးဝင်သည် ။ ရာဇသတ်ကြီး ပုဒ်မ ၃၂၃ ၏ အများဆုံး ပြစ်ဒဏ်မှာ ထောင်ဒဏ် တစ်နှစ် ဖြစ်သော်လည်း ရဲအရေးယူပိုင်ခွင့် ရှိသော ပြစ်မှု မဟုတ်ပါ ။ ရဲစခန်းများတွင်လည်း ပထမ သတင်းပေး တိုင်ချက်ရေးဖွင့်ခွင့် မရှိပါ ။ သို့ရာတွင် ညစ်ညမ်းစွာ ဆဲဆိုမှုသည်ကား
ရဲ အရေးပိုင်သည် ။ ရဲစခန်းတွင် အမှုဖွင့်ခွင့် ရှိသည် ။ရဲများမှ တရားခံကို ဝရမ်းမပါဘဲ ဖမ်းဆီးခွင့် ရှိသည် ။
သို့ဖြစ်ပါ၍ ပြည်သူများ အနေဖြင့် ပါးစပ်ကလေး လှုပ်လိုက်ရုံမျှဖြင့် ပြစ်မှု မြောက်စေသော ရာဇသတ်ကြီး ပုဒ်မ ၂၉၄ ( ညစ်ညမ်းစွာ ဆဲဆိုမှု ) ကို မကျူးလွန်မိကြစေရန် အသိပေး တင်ပြ လိုက်ရပေသည် ။
Credit # ရဲအုပ် အောင်ကျော်ထွန်း
Credit ( ဥပဒေရေးရာ )
Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ
၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ
နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”
မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...