အမွေဆက်ခံခွင့် လက်မှတ်စာ လျှောက်ထားမှုအကြောင်း

အမွေဆက်ခံခွင့် လက်မှတ်စာ လျှောက်ထားမှု အကြောင်း
(Succession Certificate)
~~~~~~~~~~~~~~~~~~~~~~~~~~~~~
" ဥပဒေပြဋ္ဌာန်းချက်"
==========
၁ ။ ကွယ်လွန်သူ၏ ပိုင်ဆိုင်ခွင့် title ကိုဆက်ခံသူသည် ကွယ်လွန်သူ ရရန်ရှိသော ကြွေးမြီနှင့် စပ်လျဉ်း၍ တရားရုံးတွင် တရားစွဲဆို တောင်းခံပါက အမွေဆက်ခံခွင့် လက်မှတ်ကို တင်ပြရန် လိုအပ်ကြောင်း အမွေဆက်ခံရေး အက်ဥပဒေ ပုဒ်မ ၂၁၄ တွင် အောက်ပါ အတိုင်း ပြဋ္ဌာန်းထားပါသည် ။
ပုဒ်မ ၂၁၄ ( ၁ ) မည်သည့် တရားရုံးကမျှ -
က ။ ကွယ်လွန်သူ၏ မြီစား အပေါ်တွင် ကွယ်လွန်သူ၏ ကြွေးမြီကို အမွေဆက်ခံခြင်းဖြင့် ရထိုက်သည်ဟု အရေးဆိုသူအား ပေးဆပ်ရန် အတွက် ဒီကရီ ချမှတ်ခြင်းကို သော်လည်းကောင်း
ခ ။ ထိုသို့ ရထိုက်သည်ဟု အရေးဆိုသူ၏ လျှောက်ထားချက် အရ ကွယ်လွန်သူ၏ ကြွေးမြီကို ပေးဆပ်ရန် အတွက် ဒီကရီ သို့မဟုတ် အမိန့်ကို အတည်ပြုရန် ဆက်လက် ဆောင်ရွက်ခြင်းကို သော်လည်းကောင်း
အောက်ပါတို့ကို တင်ပြခြင်း မပြုနိုင်ပါက ဆောင်ရွက်ခွင့် မပြုရ-
၁ ။ ကွယ်လွန်သူ၏ အမွေကို စီမံခန့်ခွဲပြုကြောင်း ထင်ရှားစေသော သေတမ်းစာ အတည်ပြုသည့် လက်မှတ် သို့မဟုတ် အမွေထိန်းစာကို ဖြစ်စေ
၂ ။ အမွေထိန်း အက်ဥပဒေ Administrator General Act ပုဒ် ၃၁ နှင့် ပုဒ်မ ၃၂ အရ ထုတ်ပေးထားသော ကွယ်လွန်သူ ရရန်ရှိသည့် ကြွေးမြီကို ဖော်ပြထားသည့် အမွေဆက်ခံခွင့် လက်မှတ်ကို ဖြစ်စေ ။
၃ ။ မြန်မာနိုင်ငံတော် အတွင်း အကျိုးသက်ရောက်မှု ရှိသော ကြွေးမြီကို ဖော်ပြထားသည့် အမွေဆက်ခံခွင့် လက်မှတ်ကို တင်ပြလာလျှင် ဖြစ်စေ
- ဆူလူခွန် ( ခ ) နီလာအန်နီ အရွယ်မရောက်သေးသူ ၏ အနီးစပ်ဆုံး မိတ်ဆွေ ဒေါက်တာဦးဘစန်း နှင့် ဒေါ်စိန်အမှု
( ၁၉၇၀ မတစ စာ-၄ ) တွင် အောက်ပါအတိုင်း ဆုံးဖြတ်ချက်များကို မြင်တွေ့နိုင်ပါသည် ။
- ဒီကရီ အတည်ပြုနေစဉ် ဇနီးကွယ်လွန်သွားသဖြင့် သမီးက ဇာရီမှုကို ဆက်လက်ဆောင်ရွက်ရန် ခွင့်တောင်းရာ မူလရုံးက ဇာရီပြုလုပ် ရန် ခွင့်ပြုသော်လည်း အမွေဆက်ခံသည့် လက်မှတ် တင်ပြနိုင်သည့် အခါ ဇာရီမှုကို ဆက်လက် ဆောင်ရွက်မည်ဟု မူလရုံးက အမိန့် ချမှတ်သည် ။
- ထိုအမိန့်ကို နိုင်ငံတော်တရားရုံးချုပ်သို့ အယူခံ ဝင်ရောက်သောအခါ တရားသူကြီး တစ်ဦးက သမီးဖြစ်သူသည် မူလအမှုတွင် အမှုသည် တစ်ဦးအဖြစ် ဒီကရီ ရရှိခဲ့သောကြောင့် သမီးဖြစ်သူ၏ လျှောက်ထားချက်သည် အမွေဆက်ခံရေး ဥပဒေ ပုဒ်မ ၂၁၄ (၁) ( ခ ) တွင် အကျုံးမဝင်ဟု ကောက်ယူ ဆုံးဖြတ်သည် ။
- အခြား တရားရုံး တရားသူကြီးတစ်ဦးက ကွယ်လွန်သူ
တီ အယ် (လ်) ပတ်နိတ်မှာ အူရီးယား ဟိန္ဒူမိ တက္ကရှာရာ ဥပဒေအရ ၏ အမွေဆက်ခံခွင့်ကို စဉ်းစားရမည် ဖြစ်ကြောင်း အငြင်းမ ပွားရကား ထိုမိသားစု၏ ကွယ်လွန်သူ တီ အယ် (လ်)ပတ်နိတ်မှာ ဖခင်ဖြစ်သည့် အတိုင်း ဟိန္ဒူ မိသားစု၏ မန်နေဂျာ (ကာ တာ) ဖြစ် သောကြောင့် ကျန်ရစ်သည့် ပစ္စည်းများကို မိသားစုဝင်များဖြစ်သူ ဇနီးနှင့် သမီးဖြစ်သူ အယူခံ တရားလိုတို့သည် မိသားစု အရသာ ဆက်ခံခဲ့ကြောင်းကို အထက်ဖော်ပြပါ စီရင်ထုံးများ အရ ယူဆရမည် ဖြစ်သည် ။ ထို့ပြင် ဟိန္ဒူမိသားစုများသည် ကွယ်လွန်သူ၏ ပစ္စည်းများကို မိသားစု အဖြစ် ဆက်ခံသဖြင့် ( By Survivorship ) အမွေဆက်ခံသည့် လက်မှတ်ကို ရယူတောင်းဆိုခွင့် မရှိ ဟု ဆုံးဖြတ် ထားသောကြောင့် ယခုအမှုနှင့် ပတ်သတ်၍ အယူခံ တရားလိုတို့သည် အမွေဆက်ခံရေး အက်ဥပဒေ ပုဒ်မ ၂၁၄ အရ အမွေ ဆက်ခံသည့် လက်မှတ်တင်ပြမှသာ ဇာရီမှုကို ဆက်လက် ဆောင်ရွက်ရန် အမိန့်ချမှတ် ပေးမည် ဆိုသည်မှာ ဥပဒေအရ မှန်ကန်သည့် အမိန့်တစ်ရပ် ဖြစ်သည်ဟု မဆိုနိုင်ပေ ။ အဘယ်ကြောင့် ဆိုသော် အယူခံ တရားလိုသည် ကွယ်လွန်သူ တီ ၊ အယ် (လ် )ပတ်နိတ်၏ ပစ္စည်းများကို သီးခြား အမွေဆက်ခံသူ မဟုတ် ။ ဟိန္ဒူမိသားစု အဖြစ်သာ ဆက်ခံခြင်း ဖြစ်သောကြောင့် အမွေဆက်ခံရေး ဥပဒေနှင့် လုံးဝ အကျုံးဝင်ခြင်း ရှိတော့မည် မဟုတ်ချေ ။
ကြွေးမြီ
===
၂ ။ ပုဒ်မ ၂၁၄ ပုဒ်မခွဲ ၂ ပါ ပြဋ္ဌာန်းချက်အရ ဆိုပါလျှင် ကြွေးမြီ ဟူသော စကားရပ်တွင် စိုက်ပျိုးရေး အလို့ငှာ အသုံးပြုသော လယ်ယာ မြေ အတွက် ပေးရန်ရှိသော ငှားရမ်းခ အခွန် သို့မဟုတ် အကျိုးအမြတ်မှတပါး မည်သည့် ကြွေးမြီ ( debt ) ကို မဆို အကျိုးဝင် ကြောင်း ဖော်ပြပါရှိသည် ။
ကြွေးမြီ ဆိုရာတွင် တရားရုံးက ချမှတ်သော ဒီကရီ သို့မဟုတ် အမိန့်အရ ပေးဆပ်ရမည့် ငွေလည်း ပါဝင်သည်ဟု ဆုံးဖြတ်ထား ပါသည် ။
ဦထွန်တင် နှင့် ဒေါ်ကျင်မြိုင်
၁၉၇၆ ၊ တရားမ ဒုတိယ အယူခံအမှတ် ၁၆၂ ။
အသက်အာမခံငွေသည် ကွယ်လွန်သူ၏ အမွေ တစ်စိတ်တစ်ဒေသ ဖြစ်၍ ကွယ်လွန်သူ၏ တရားဝင် ကိုယ်စားလှယ်များအား
ပေးရန် ဖြစ်သော ကြွေးမြီ ဖြစ်သည် ။ အာမခံသူတို့သည် ကွယ်လွန်သူ၏ တရားဝင် ကိုယ်စားလှယ်များကိုသာ ပေးချေရန် တာဝန် ရှိသည် ။
ဒေါ်ယု နှင့် ကနေဒါဆန်း အသက်အာမခံ ကုမ္ပဏီ
အေအိုင်အာ ၁၉၃၅ ၊ ရန်ကုန် ၊ စာ ၂၁၁ ။
အမွေဆက်ခံရေး အက်ဥပဒေ ပုဒ်မ ၂၁၄ သည် ကြွေးမြီ သက်သက်ကို ပေးဆပ်စေရန် စွဲဆိုသော အမှုများကိုသာ ရည်ညွှန်းသည်။ အပေါင်ပစ္စည်းကို ရောင်းချရန် စွဲဆိုသော အမှုများသည် ယင်းပုဒ်မနှင့် အကျုံးမဝင် ။
သေတမ်းစာ မရေးဘဲ သေဆုံးသွားသော တရုတ်ဗုဒ္ဓဘာသာတစ်ဦး၏ အမွေစား အမွေခံတို့သည် အမွေထိန်းစာ ဖြစ်စေ အမွေ ဆက်ခံခွင့် လက်မှတ် ဖြစ်စေ တင်ပြခြင်း မပြုဘဲ အပေါင်မှု စွဲဆို၍ ပဏာမ ဒီကရီနှင့် ပစ္စည်းရောင်းချသည့် အပြီးသတ် ဒီကရီများ
ရနိုင်သည် ။ အပေါင်ခံသူ တရားနိုင်က ပစ္စည်းရောင်းချပြီး မပြေကျန်ရှိသည့် ငွေအတွက် ပုဂ္ဂလိက ဒီကရီ ( Personal Decree ) တောင်းဆိုမှသာ အမွေထိန်းစာ ဖြစ်စေ အမွေဆက်ခံခွင့် လက်မှတ် ဖြစ်စေ တင်ပြရန် လိုအပ်လာသည်ဟု ဆုံးဖြတ်သည် ။
မသီးနောင် နှင့် မတုတ်
၁၈၉၆ ၊ အထက်မြန်မာပြည် ၊ စာ ၆၃၉ ။
အပေါင်ပစ္စည်းကို ရောင်းချရန် ဒီကရီသည် မြီစားအပေါ် လည်းကောင်း ကြွေးမြီကို ပေးဆပ်ရန် ချမှတ်သည့် ဒီကရီ မဟုတ် တရားနိုင်က မပြေကျန်ငွေအတွက် ပုဂ္ဂလိက ဒီကရီတောင်းဆိုမှသာ အမွေထိန်းစာ ဖြစ်စေ အမွေဆက်ခံခွင့် လက်မှတ် ဖြစ်စေ တင်ပြရန် လိုအပ်လာသည်ဟု ဆုံးဖြတ်သည် ။
မသီးနောင် နှင့် မတုတ်
၁၈၉၆ ၊ အထက်မြန်မာပြည် ၊ စာ ၆၃၉ ။
အပေါင်ပစ္စည်းကို ရောင်းချစေရန် ဒီကရီသည် မြီစားအပေါ် ၎င်း၏ကြွေးမြီကို ပေးဆပ်ရန် ချမှတ်သည့် ဒီကရီ မဟုတ် တရားနိုင်က မပြေကျန်ငွေအတွက် ပုဂ္ဂလိက ဒီကရီ တောင်းဆိုမှသာ အမွေခံဆက်ခွင့် လက်မှတ် ဖြစ်စေ တင်ပြရန် လိုအပ်သည်ဟု ဆုံးဖြတ်သည် ။
ဦးခင် နှင့် အပ်အက်စ်အေ အလောကပ္ပ ချစ်တီယား
၁၉၄၉ ၊ လွှတ်တော် ၊ စာ ၃၆
အမွေဆက်ခံခွင့် လက်မှတ် တင်ပြရန် လိုအပ်သော အမှုများ
===============================
၃ ။ က ။ စိုက်ပျိုးရေး အတွက် မဟုတ်သော မြေအတွက် ငှားရမ်းခ ရလိုမှု ။
( ဟာဂီချန် နှင့် တရားချန် အေအိုင် အာ ၁၉၄၃ ၊ ဖလ် ( ရှ ) ဝါ ၊ စာ-၅၂ )
ခ ။ ပစ္စည်းလွှဲပြောင်းရေး အက်ဥပဒေ ပုဒ်မ ၈၈ အရ ရောင်းချပေးစေလိုမှု
( အိုင်စီ အတွဲ ၁၄ ၊ စာ - ၅၇၀ )
ဂ ။ ကြွေးမြီ သက်သက် ရလိုမှု
( ရန်ကုန်အတွဲ ၁၂ ၊ စာ - ၆၉၀ )
ဃ ။ တရားမ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ အရ လျှောက်ထားရာတွင် ပစ္စည်းပြန်ပေးရန် လျှောက်ထားခြင်း မပြုဘဲ ငွေရရန် လျှောက်ထားမှု
( အေအိုင်အာ ၁၉၄၂ ၊ မဒရပ် ၊ စာ ၄၄၅ )
အမွေဆက်ခံခွင့် လက်မှတ် တင်ပြရန် မလိုသော အမှုများ
===============================
၄ ။ က ။ အပေါင် ရွှေးနှုတ်လိုမှု
( မသိန်းမေ နှင့် မသန်းမြ ၊ ဘီအယ်တီ ၊ အတွဲ ၅ ၊ စာ ၁၀၂ )
ခ ။ အလုပ်သမား လျော်ကြေး ရလိုမှု
( နဘတ်ခန် နှင့် ရာဂျာခန် ၊ ၁၉၆၃ ၊ မတစ ၊ စာ ၁၈၄ )
ဂ ။ ပေါ်လစီ၏ အကျိုးခံစားခွင့်ကို ဥပဒေနှင့်အညီ လွဲပြောင်းခြင်း ခံရသူက အသက် အာမခံရလိုမှု
( မတင်လှ နှင့် ဒေါ်ဂေါက် ပါ ၃ ၊ ၁၉၆၉ ၊ မတစ ၊ စာ ၁၀၇ )
အမွေဆက်ခံခွင့် လက်မှတ်စာ လျှောက်ထားရမည့် တရားရုံး
================================
၅ ။ အမွေဆက်ခံရေး အက်ဥပဒေ ပုဒ်မ ၃၇၁ ပါ ပြဋ္ဌာန်းချက်အရ ဆိုလျှင် ကွယ်လွန်သူ သေဆုံးသည့် နေရာဒေသ ရှိ ခရိုင်တရားသူကြီး ထံတွင် ဖြစ်စေ ကွယ်လွန်သူမှာ အတည်တကျ နေထိုင်ခြင်း မရှိသူ ဖြစ်ရပါက သေဆုံးသူ၏ ပစ္စည်း တစ်စိတ်တစ်ဒေသရှိ ကျန်ရှိ သော ဒေသရှိ ခရိုင်တရားသူကြီး အမွေဆက်ခံခွင့် လက်မှတ်စာ ထုတ်ပေးနိုင်သည် ။
အမွေဆက်ခံခွင့် လက်မှတ် လျောက်ထားခွင့်ရှိသူ
=========================
၆ ။ ကွယ်လွန်သူ၏ အမွေစား အမွေခံသာလျှင် အမွေဆက်ခံခွင့် လက်မှတ်ရလိုကြောင်း လျှောက်ထားရန် ဖြစ်ပါသည် ။ အရွယ်မ ရောက်သေးသူက မိမိ၏ အနီစပ်ဆုံး မိတ်ဆွေမှတစ်ဆင့် လျောက်ထားချက်အရ အမွေထိန်းစာ ထုတ်ပေးနိုင်သည်။
( စီဗ္ပီနယဂန်၏ အမွေကိစ္စ အေအိုင်အာ ၁၉၆၃ ရန်ကုန်စာ ၄၆၆ )
အမွေဆက်ခံခွင့် လက်မှတ်ရလိုကြောင်း လျှောက်လွှာတွင် ဖော်ပြပါရှိရမည့် အချက်အလက်များ
=======================
၂ ။ အမွေဆက်ခံခွင့် လက်မှတ် ရလိုကြောင်း လျှောက်လွှာမှာ တရားရာမ ကျင့်ထုံးဥပဒေအပါ အဆိုလွှာနည်းတူ လျှောက်ထားသူသည် လက်မှတ် ရေးထိုးရမည် အပြင် အချက်အလက်များ မှန်ကန်ကြောင်း ဝန်ခံချက်ပြု လုပ်ရမည် ဖြစ်သည် ။ အောက်ပါ ဖော်ပြပါ အချက်များ ဖော်ပြပါရှိရမည် ။ ပုဒ်မ ၃၇၂ ကို ကြည့်ပါ ။
က ။ ကွယ်လွန်သူ သေဆုံးသည့် အချိန်
ခ ။ ကွယ်လွန်သူ သေဆုံးချိန်တွင် နေထိုင်ရာအရပ် အကယ်၍ သေဆုံးရာ အရပ်တွင် နေထိုင်ခြင်း မရှိလျှင် ထိုသူ၏ ပစ္စည်းရှိရာ
ဒေသရှိ စီရင်ပိုင်ခွင့် ရှိသော တရားရုံး
ဂ ။ ကွယ်လွန်သူ၏ မိသားစု သို့မဟုတ် အခြားနီးစပ်ရာ ဆွေမျိုးများ အသီးသီး နေထိုင်ရာဒေသ
ဃ ။ လျှောက်ထားသူက မည်သည့် ရပိုင်ခွင့် ရှိကြောင်း
င ။ အမွေဆက်ခံရေး အက်ဥပဒေ ပုဒ်မ ၃၇၀ အရ လည်းကောင်း ယင်းဥပဒေ သို့မဟုတ် အခြားဥပဒေ တစ်ရပ်ရပ်ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ် အရ လည်းကောင်း လက်မှတ်ထုတ်ပေးခြင်းကို ဖြစ်စေ အကယ်၍ ထုတ်ပေးခဲ့လျှင် လက်မှတ် အတည်ဖြစ်မှု ကိုဖြစ် စေ အဟန့်အတား တစ်စုံတစ်ရာ မရှိကြောင်း
စ ။ လက်မှတ် လျှောက်ထားသည့် ကြွေးမြီနှင့် အာမခံ စာချုပ်များ ၊
အမွေဆက်ခံခွင့် လက်မှတ် ရလိုကြောင်း လျှောက်လွှာပါ အချက်အလက်များ မမှန်ကန်ကြောင်း false သိလျက် နှင့် ဖြစ်စေ မှန်ကန်သည်ဟု မယုံကြည်ဘဲနှင့် ဖြစ်စေ ဖော်ပြပါ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉၃ ပါပြစ်မှုကို ကျုးလွန်ရာ ရောက်ပါမည် ။
ပုဒ်မ ၃၇၂ ပုဒ်မ ခွဲ ၂ကို ကြည့်ပါ ။
ကြွေးမြီ တစ်ရပ်ရပ် အတွက် သို့မဟုတ် သေသူ၏ မြီရှင်၏ ကြွေးမြီ သို့မဟုတ် ယင်းကြွေးပြီး၏ အစိတ်အပိုင်း အတွက် လျှောက်ထားနိုင်သည် ။ ပုဒ်မ ၃၇၂ ပုဒ်မခွဲ ၃ ကို ကြည့်ပါ ။
ဗုဒ္ဓဘာသာ ၊ ဟိန္ဒူ ၊ မဟာမေဒင် ၊ မြန်မာ သို့မဟုတ် အိန္ဒိယ ၊ ခရစ်ယာန် လူမျိုးတို့ အတွက် အက်ဥပဒေ ပုဒ် ၃၇၀ ပုဒ်မခွဲ ၁ အရ အမွေဆက်ခံရေး လက်မှတ် လျှောက်ထားမှု အတွက် အဟန့်အတား မရှိစေရဟု ပြဋ္ဌာန်းထားသည် ။
အာမခံစာချုပ် Security ဆိုရာတွင် မည်သည့်စာချုပ်များ ပါဝင်ကြောင်းကို ပုဒ်မ ၃၇၀ ပုဒ်မခွဲ ၂ တွင် ပြဋ္ဌာန်း ထားပါသည်။
အမွေဆက်ခံခွင့် လက်မှတ် လျှောက်ထားမှုနှင့် စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းများ ( Procedure on application )
======================
စ ။ ပုဒ်မ ၃၇၃ ( ၁ ) အရ တရားရုံးလျှောက်လွှာကို လက်ခံရန် အကြောင်း ရှိကြောင်း ကျေနပ်လက်ခံခွင့် လျှောက်လွှာကို ကြားနာရန် နေ့ ရက် သတ်မှတ်၍ လျှောက်ထားသည့် အကြောင်းနှင့် ကြားနာရန် နေ့ရက်ကို နို့တစ်စာကို -
က ။ တရားရုံးက လျှောက်လွှာအကြောင်းကို အထူး အကြောင်းကြားသင့်သည်ဟု ထင်မြင်သောသူ တစ်ဦးဦးအား ချအပ်၍
ခ ။ တရားရုံး၏ မြင်သာသော နေရပ်တွင် ကပ်ထားရမည့် အပြင် တရားရုံးချုပ်က ထိုကိစ္စ အလို့ငှာ ပြုလုပ်သော နည်းဥပဒေများကို ထောက်ထား၍ တရားရုံးက သင့်သည် ထင်မြင်သည့်တိုင်း ကြော်ငြာရမည် ။
ထို့ပြင် သတ်မှတ်သည့် နေ့ရက်တွင် ဖြစ်စေ ။ ထို့နေ့ နောက်ပိုင်းတွင် စောနိုင်သမျှသော နေ့ရက်တွင် ဖြစ်စေ လက်မှတ် ရထိုက် ခွင့်ကို အကျဉ်းနည်းဖြင့် ဆုံးဖြတ်ရန် အလို့ငှာ ဆက်လက်ဆောင်ရွက် ရမည် ။
၁ ။ တရားရုံးက လျှောက်ထားသူသည် အမွေဆက်ခံခွင့် လက်မှတ် ရထိုက်သည်ဟု ဆုံးဖြတ်လျှင် အမွေဆက်ခံခွင့် လက်မှတ်ကို လျှောက်ထားသူအား ထုတ်ပေးရန် အမိန့်ချမှတ်ရမည် ။
၂ ။ တရားသူကြီးသည် လျှောက်ထားသည့် လျှောက်လွှာတွင် အဆုံးအဖြတ် ပေးရန် သိမ်မွေ့၍ ခက်ခဲနက်နဲသည် ဟု ထင်မြင်သော ဥပဒေ သို့မဟုတ် အကြောင်းခြင်းရာ ပြဿနာများများ ပေါ်ပေါက်စေကာမှု တွေ့ရှိစေကာမူ လျှောက်ထားသူသည် အမြင်အားဖြင့် Prima – Facie လက်မှတ် ရထိုက်ခွင့် အရှိဆုံးဖြစ်သူကို လက်မှတ် ထုတ်ပေးနိုင်သည် ။
၃ ။ လျှောက်ထားသူ တစ်ဦးထက် ပိုမိုသည့် ကိစ္စတွင် ကွယ်လွန်သူ၏ အမွေတွင် အကျိုးသက်ဆိုင်ခွင့် ရှိဟန်တူလျှင် တရားရုံးသည် သက်သေခံ လက်မှတ်ကို မည်သူအား ခွင့်ပြုသင့်သည်ကို ဆုံးဖြတ်ရာ လျှောက်ထားသူတို့၏ အကျိုးသက်ဆိုင်ခွင့် ပမာဏနှင့် အခြား သင်တော်သည့် အချက်များကို ထည့်သွင်း စဉ်းစားနိုင်သည် ။
မှတ်ပုံတင်ခြင်း
=======
၉ ။ လျှောက်လွှာကို တရားမ အထွေထွေ လျှောက်လွှာ မှတ်ပုံတင်တွင် မှတ်ပုံတင်ရမည် ။
နို့တစ်စာ
=====
၁၀ ။ ထုတ်ရမည့် နို့တစ်စာမှာ တရားမ မှတ်ပုံအမှတ် ၁၄၁ ဖြစ်သည် ။ အဆိုပါ နို့တစ်စာ ထုတ်ဆင့်ခြင်း ခံရသူသည် ကွယ်လွန်သူနှင့် တိုက်ရိုက် ဆွေမျိုးတော်စပ်ခြင်း လည်း မရှိ ။ မြီရှင်လည်း မဟုတ်စေကာမူ အမွေဆက်ခံခွင့် လက်မှတ်လျှောက်ထားခြင်းကို ကန့်ကွက်ရန် အခွင့်အရေး ရှိသည် ။
ဒေါ်အေးကြည် နှင့် ကွယ်လွန်သူ ဦးသာထွန်း၏ ပစ္စည်းများကိစ္စ ၁၉၆၇ ၊ မတစ ၊ စာ ၂၂၀ ။
စုံစမ်း စစ်ဆေးမှု အတိုင်းအတာ
=================
၁၁ ။ အမွေဆက်ခံခွင့် လက်မှတ် ထုတ်ပေးရာတွင် အဓိက အဆုံးရမည် အချက်မှာ လျှောက်ထားသူသည် သေသူ၏ ကြွေးမြီကို တောင်းခံ သိမ်းဆည်းခွင့်ရှိသူ ဟုတ် မဟုတ် ဆိုခြင်းသာ ဖြစ်သည် ။ စုံစမ်းမှု ပြုလုပ်ခြင်းမှာ အကျဉ်းနည်းအားဖြင့်သာ ဆောင်ရွက် ခြင်း ဖြစ်ပြီး ရှုတ်ထွေးမည့် ဥပဒေ အချက်အလက်များကို သုံးသပ်ရန် မဟုတ်ပေ ။
၁၉၆၇ ၊ မတစ ၊ စာ ၂၂၀ ။
စုံစမ်းမှု ပြုလုပ်ခြင်းမှာ အကျဉ်းနည်းအားဖြင့်သာ ဆောင်ရွက်ခြင်း ဖြစ်ပြီး ရှုတ်ထွေးမည့် ဥပဒေ အချက်အလက်များကို သုံးသပ် ရန် မဟုတ်ပေ ။
ဒေါ်အုန်း နှင့် ဒေါ်အုန်းကျင် ၊ ၁၉၆၆ ၊ မတစ ၊ စာ ၁၀၄ ။
အမွေဆက်ခံခွင့် လက်မှတ် ရခွင့်ရှိသူ
===================
၁၂ ။ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ အမွေဆက်ခံခွင့် လက်မှတ်ကို သမီးထက် မရီးက ရထိုက်သည် ။ ကိုအေး နှင့် မခင်စောဝင်း ၁၉၆၆ မတစ စာ ၁၃၅၀ ။
ထိုနည်းတူ ကွယ်လွန်သူ ဟိန္ဒူ၏ ဗုဒ္ဓဘာသာဝင် မယား
( မီးဆူးရီယား၏ အမွေကိစ္စ ၁၉၆၅ မတစ စာ ၃၁၀ ) ကွယ်လွန်သူ မဟာမေဒင်၏ ဗုဒ္ဓဘာသာဝင် မယားသည် ( ဒေါ်စော နှင့် ကွယ်လွန်သူ အီးအပ်မက်ထွန်း ပစ္စည်းကိစ္စ ၁၉၆၆ ၊ မတစ ၊ စာ ၈၁ )
မိမိ လင်ယောက်ျား၏ ကြွေးမြီများကို ကောက်ခံရန် အတွက် အမွေဆက်ခံခွင့် လက်မှတ်ရခွင့် ရှိသည် ။
၁၃ ။ မွေဆက်ခံရေး အက်ဥပဒေ ပုဒ်မ ၃၇၃ တွင် အပြိုင် အလျှောက်ထားသူတို့အား ပူးတွဲ၍ ထုတ်ပေးခြင်း မပြုရဟု ထားမြစ်ထားခြင်း မတွေ့ရှိရ ။
တစ်ဦးထက်ပိုသူတို့အား အမွေဆက်ခံခွင့် လက်မှတ်ကို ပူးတွဲ ထုတ်ပေးခြင်းမှာ ဥပဒေနှင့်မညီဟု မဆိုနိုင် အပြိုင်လျှောက်ထားသူ တို့အား ထိုသို့ ထုတ်ပေးရာတွင် အဆင်မပြေမှု ရှိစေနိုင်သည် ။ သို့ရာတွင် ပုဒ်မ ၃၇၃ ( ၄ ) သည် ပူးတွဲထုတ်ပေးခြင်းကို ပိတ်ပင် ခြင်း မပြု ။ ဒေါ်အုန်းဘွင့် နှင့် ဒေါ်စောမေ ၁၉၃၇ ရန်ကုန် စာ ၄၀၃ ။
ထိုသို့ ပူးတွဲထုတ်ပေးခြင်းသည် အက်ဥပဒေ၏ ရည်ရွယ်ချက်နှင့် တိတိကျကျ မညီကြောင်း အပြိုင်လျှောက်ထား သူတို့၏ အခွင့်အရေးကို တိတိကျကျ ဆုံးဖြတ်ပေးသင့်ကြောင်း ဆုံးဖြတ်သည် ။
မောင်ပုံ နှင့် မောင်စံ အမှု
၁၈၉၇ - ၀၁ ၊ အထက်မြန်မာ အတွဲ ၂ ၊ စာ ၅၆၃ ။
အမွေဆက်ခံခွင့် လက်မှတ် ထုတ်ပေးခြင်း
=====================
၁၄ ။ အမွေဆက်ခံခွင့် လက်မှတ်ကို တရားမပုံစံ ၁၄၃ အရ ထုတ်ပေးရသည် ။
အမွေဆက်ခံခွင့် လက်မှတ်ကို တိုးချဲ့ ထုတ်ပေးခြင်း
===========================
၁၅ ။ အမွေဆက်ခံခွင့် လက်မှတ် ရထားသူ၏ လျှောက်ထားချက်အရ ထုတ်ပေးသော လက်မှတ်တွင် ဖော်ပြထားခြင်း မရှိသည့် ကြွေးမြီ ဟုတ် မဟုတ် အာမခံစာချုပ် အတွက် အမွေဆက်ခံခွင့် လက်မှတ် တိုးချဲ့ထုတ်ပေးနိုင်သည် ။ ထိုသို့ ထုတ်ပေးသည့် အခါ အဆိုပါ ကြွေးမြီ သို့မဟုတ် အာမခံစာချုပ်ကို ယခင် လက်မှတ် ထုတ်ပေးစဉ်က ထုတ်ပေး သကဲ့သို့ အကျိုးသက်ရောက်မှု ရှိသည် ။
ပုဒ်မ ၃၇၆ ကို ကြည့်ပါ ။
အမွေဆက်ခံခွင့် လက်မှတ်တွင် ဖော်ပြရမည့် ကိစ္စများ ။
========================
၁၆ ။ အမွေဆက်ခံခွင့် လက်မှတ် ထုတ်ပေးရာတွင် လက်မှတ် ထုတ်ပေးရန် လျှောက်ထားသည့် လျှောက်လွှာတွင် ဖော်ပြထားသော ကြွေမြီများ နှင့် အာမခံစာချုပ်များကို ဖော်ပြရမည့် အပြင် လက်မှတ်ရသူအား -
က ။ အတိုး နှင့် အမြတ် ဝေစုများ လက်ခံရယူရန် သို့မဟုတ်
ခ ။ ညိုနှိုင်းရန် နှင့် လွှဲပြောင်းနိုင်ရန် သို့မဟုတ်
ဂ ။ အတိုးနှင့် အမြတ်ဝေစုများ လက်ခံ ရယူရန် နှင့် ညှိနှိုင်းရန် နှင့် လွှဲပြောင်းနိုင်ရန် လုပ်ပိုင်ခွင့်များ အပ်နှင်း နိုင်ပါသည် ။
ပုဒ်မ ၃၇၄ ကို ကြည့်ပါ ။
အာမခံ တောင်းခံခြင်း
===========
၁၇ ။ အမွေဆက်ခံခွင့် လက်မှတ်ထုတ်ပေးရန် ရည်ရွယ်လျှင် ထိုသို့ ထုတ်မပေးမီ အမွေဆက်ခံခွင့် လက်မှတ် ထုတ်ပေးခြင်း ခံရသူထံမှ ကွယ်လွန်သူ ရရှိသည့် ကြွေးမြီနှင့် အာမခံစာချုပ်များကို ရထိုက်သူ နစ်နာမှု မရှိစေရန် လိုအပ်သည့် ခံဝန်ချုပ် ချုပ်ဆိုနိုင်သည် ။ သို့မဟုတ် လုံလောက်သည့် အာမခံ တောင်းရမည် ။
ပုဒ်မ ၃၇၅ ကို ကြည့်ပါ ။
အာမခံ ခံဝန်ချုပ် ပုံစံမှာ တရားမ ပုံစံအမှတ် ၁၃၇ ဖြစ်သည် ။ ထိုခံဝန်အတွက် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရာတွင် တံဆိပ်ခေါင်း ခွန် ဥပဒေကိုပြင်မှုအမှတ် ၇/ ၉၀ ပုဒ်မ ၅ အတိုင်း ထမ်းဆောင်ရမည်။
အမွေဆက်ခံခွင့် လက်မှတ်ကို တိုးချဲ့ပေးလျှင် အလားတူ ခံဝန်ချုပ် ချုပ်ဆိုစေနိုင်သည် ။ သို့မဟုတ် အခြား အာမခံ တောင်း နိုင်သည် ။
ပုဒ်မ ၃၇၆ ကို ကြည့်ပါ ။
အမွေဆက်ခံခွင့် လက်မှတ်ကို ပြင်ဆင်ခြင်း
======================
၁၈ ။ လက်မှတ်ရသူက လျှောက်လွှာ တင်သွင်း၍ လုံလောက်သော အကြောင်းပြနိုင်လျှင် အမွေဆက်ခံခွင့် လက်မှတ်တွင် ဖော်ပြထား သည့် အာမခံစာချုပ်နှင့် စပ်လျဉ်း၍ လုပ်ပိုင်ခွင့်ကို ပြင်ဆင်ပေးနိုင်သည် ။ လုပ်ပိုင်ခွင့် နှင့် အစားထိုး ပေးနိုင်သည် ။
ပုဒ်မ ၃၇၈ ကို ကြည့်ပါ ။
( ဦးဗကြိုင် ( B.A , B.L ) ၊ အမွေဆက်ခံခွင့် လက်မှတ်စာ လျှောက်ထားမှုအကြောင်း ၊ စာ ၂၇ )
Credit ( ဥပဒေရေးရာ )
Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား
'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း
မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ
မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...