လင်မယား ကွာလိုမှု နှင့် ပစ္စည်းခွဲဝေပေးစေလိုမှု ( မြန်မာ ဗုဒ္ဓဘာသာ )

လင်မယား ကွာလိုမှု နှင့် ပစ္စည်း ခွဲဝေပေးစေလိုမှု ( မြန်မာ ဗုဒ္ဓဘာသာ )
တရားလို ရထိုက်ခွင့် ရှိသော ပစ္စည်းတန်ဖိုး တစ်ဝက်အပေါ်တွင် ရုံးခွန် ဥပဒေဇယား ၁ အမှတ်စဉ် ၁ပါ နှုန်းထားအတိုင်း ထမ်းဆောင်ရ မည် ။
“ သက်ဆိုင်သည့် ဥပဒေ ” မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေ " အင်္ဂါရပ်များ "
၁ ။ လင်မယား ကွာရှင်းခြင်းသည် နှစ်ဦးသဘောတူ သို့မဟုတ် အိမ်ထောင်ရေး ပြစ်မှုကြောင့် ဖြစ်ခြင်း ၊
၂ ။ ၎င်းတို့သည် အိမ်ထောင်ကြီး သို့မဟုတ် ငယ်လင် ငယ်မယား ဖြစ်ခြင်း ၊
၃ ။ နိဿယ နှင့် နိဿိတ ( ထောက်ပံ့သူနှင့် မှီခိုသူ ) အခြေအနေ ရှိခြင်း ။
" ပစ္စည်း ခွဲဝေရန် အကြောင်း "
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ ဆိုလျှင် လင်မယား ကွာရှင်းပြီး နောက်တွင်မှ ပစ္စည်း ခွဲဝေရန် အကြောင်း ပေါ်ပေါက်မည် ဖြစ်ပေ သည် ။ လင်ယောကျာ်း ပိုင်ဆိုင်သည့် ပစ္စည်း အပေါ် မယားဖြစ်သူက အတူ ပိုင်ဆိုင်ခွင့် ရှိသည် ဖြစ်၍ လင်မယား ကွာရှင်းခြင်း မပြုရ သေးမီ ပစ္စည်းခွဲဝေခြင်း ပြုခဲ့သည့် တိုင်အောင်ပင် ပစ္စည်းခွဲဝေမှုသည် အပြည့်အဝ အကျိုးသက်ရောက်မှု ရှိနိုင်မည် မဟုတ်ချေ ။
ဒေါ်စန်းရီ နှင့် ဒေါ်ကျော့ကျော့ခိုင် ( ၈၄ / ၇၆ ) ။
ထို့ကြောင့် မူလရုံးက ဖြစ်စေ ၊ တိုင်းတရားရုံးက ဖြစ်စေ လင်မယား ကွာရှင်းသည့် ဒီကရီ ချမှတ်ခြင်းမှာ မှားယွင်းသည် ။
ဦးစိုးမြင့် ပါ -၂ နှင့် မခင်စိုးဝင်း ( ၈၄ / ၉၆ ) ။ ယခုကဲ့သို့ စွဲဆိုမှုတွင် အဆိုလွှာ၌ ဖော်ပြထားသည့် ပစ္စည်းတန်ဖိုး တစ်ဝက်ပေါ်တွင် ရုံးခွန်ထမ်းဆောင်ရသည် ။ မောင်သိန်းညွန့် နှင့် မဝိုင်းစိန် ( ၇၅ / ၅၈ ) ။ ရုံးခွန်တော်နှင့် ပတ်သက်၍ မူလမှုတွင် ကန့်ကွက်ခဲ့ခြင်း မရှိပါက ဇာရီမှုတွင် ရုံးခွန်တော်ကိစ္စကို အရေးဆိုပိုင်ခွင့် မရှိတော့ချေ ။ ဦးကိုကြီး နှင့် ဒေါ်မေ ( ၇၆ / ၄ ) ။
" လင်ဖြစ်သူက နှစ်ပါးစုံ ပစ္စည်းကို သိမ်းယူခြင်း "
မြန်မာဓလေ့ထုံးတမ်း ဥပဒေအရ မယားဖြစ်သူသည် သူတစ်ပါးနှင့် ဖောက်ပြန်သည်ဟု ဆိုရုံမျှဖြင့် လင်ယောကျာ်းဖြစ်သူက နှစ်ဦးပိုင်ပစ္စည်းများကို သိမ်းယူထား ပိုင်ခွင့် မရှိပေ ။ လင်သည် တရားရုံး၌ ကွာလိုမှု စွဲဆိုပြီး မယား၌ အပြစ်ရှိကြောင်း ဝန်ခံချက်ကို ရယူပြီးနောက် နှစ်ဦးသဘောတူညီမှုဖြင့် လင်က နှစ်ပါးစုံ ပစ္စည်းကို သိမ်းယူပြီး လင်ခန်း မယားခန်း ပြတ်စဲနိုင်ခွင့် ရှိပေသည် ။ ဒေါ်သိန်းမြ နှင့် ဒေါ်ကျင် ( ၈၄ / ၃၀၂ ) ။
" နှစ်ဦးသဘောတူ ကွာရှင်းမှုကို အခြေပြုခြင်း "
နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲကြောင်း ထင်ရှားလျှင် မယားဖြစ်သူသည် အိမ်ထောင်ရေးပြစ်မှုကို ကျူးလွန်စေကာမူ ပစ္စည်းခွဲဝေရာ၌ နှစ်ဦးသဘောတူ ကွာရှင်းခြင်းကို အခြေပြုသည့် ပစ္စည်းခွဲဝေရေး အရသာ ခွဲဝေရမည် ။ ဦးစံ နှင့် မလှချစ် (၆၆/၅၁၃)။ လင်သည် ပထမ မယား ခွင့်ပြုချက် မရဘဲ ဒုတိယ မယားယူသည့် အပြစ်ကြောင့် ပထမ မယားအား ကွာရှင်းခွင့် ပေးရာတွင် နှစ်ဦးသဘောတူ ကွာရှင်းသည့် နည်းတူ ပစ္စည်းခွဲ ဝေရသည် ။ ဖိုးဟန် နှင့် မတလုပ် ( ၇ ၊ အောက်မြန်မာပြည် ၊ စာ - ၇၉ ) ။
စွန့်ပစ်သည့် အပြစ်ကြောင့် ပထမ မယားအား ကွာရှင်းပြီး ပစ္စည်း ခွဲဝေလျှင် နှစ်ဦးသဘောတူ ကွာရှင်းရာ၌ ပစ္စည်းခွဲဝေသည့် နည်းနှင့် သက်ဆိုင်သည် ။ မဒွန်းငယ် နှင့် မောင်စံထွန်း ( ၁၉၃၈ ၊ ရန်ကုန် ၊ စာ - ၂၂၉ ) ။ ပစ္စည်းရရှိသည့် မုဆိုးဖို နှင့် ပစ္စည်း မရှိသည့် အပျို အကြောင်း ပါပြီး လင်၏ ရက်စက်မှုကြောင့် ကွာရှင်းလျှင် ငယ်လင် ငယ်မယား ၊ နှစ်ဦးသဘောတူ ကွာရှင်းသည့် နည်းတူ ပစ္စည်းခွဲ ဝေသည် ။ မအေးညွှန့် နှင့် မောင်တုန်ဖြူ ( ၂ ၊ အထက်မြန်မာပြည် ၊ ၁၈၉၇ - ၀၁ ၊ စာ - ၃၉ ) ။ လင်မယားနှစ်ဦး ကြိုးပမ်း ရရှိသည့် လက်ထက်ပွားကို မယားက တစ်ဝက် ရထိုက်သည် ။ မမြင့် နှင့် မောင်ထွေး ( ၂ ၊ အထက်မြန်မာပြည် ၊ ၁၉၀၂ - ၀၆ ၊ စာ - ၁၉ ) ။
" လင်၏ ရက်စက်မှု "
လင်ဖြစ်သူသည် ကြီးလေးသော ရက်စက်မှုကို ကျူးလွန်လျှင် မယားဖြစ်သူ၌ ကွာရှင်းခွင့် ရနိုင်သည် သာမက ပါရင်းပစ္စည်း ပါဝင်သည့် လင်မယားနှစ်ဦးပိုင် ပစ္စည်းများမှ လင်ရသင့်သည့် ဝေစုအားလုံး ဆုံးရှုံးသည် ။ ဒေါ်ပု နှင့် မောင်ထွန်းခ ( ၁၉၄၆ ၊ ရန်ကုန် ၊ စာ - ၁၂၅ ) ။
" မုဆိုးဖို နှင့် အပျို လင်မယား "
မုဆိုးဖို နှင့် အပျို နှစ်အတန်ကြာ ပေါင်းသင်းပြီး အပြစ်မရှိဘဲ ကွာရှင်းက ငယ်လင် ငယ်မယား ပစ္စည်းခွဲဝေသည့် နည်းတူ လင်၏ ပါရင်းပစ္စည်း ၁ /၃ ကို မယားက ရရှိသည် ။ မငွေနှစ် နှင့် မောင်ဖိုမှူး ( ၁၁ ၊ အောက်မြန်မာပြည် ၊ စာ - ၅၂ ) ၊
" အိမ်ထောင်ကြီး လင်မယား "
အိမ်ထောင်ကြီး နှင့် လင်မယား ၂ဦး သဘောတူ ကွာရှင်းပါက လက်ထက်ပွား ပစ္စည်းကို နိဿယ နှင့် နိဿိတ သဘောအရ ခွဲဝေခွင့်ရှိသည် ။ ပါရင်းပစ္စည်းမှာ ထိုသဘောနှင့် မသက်ဆိုင် ။ မဆိုင် နှင့် မောင်ရန်ကင်း ( ၂ ၊ အထက်မြန်မာပြည် ၊ ၁၉၁၄ - ၁၆ ၊ စာ - ၂၇ ) ။ သို့သော် မယား ဖောက်ပြန်၍ ကွာရှင်းခြင်း ဖြစ်ပါက ၂ပါးစုံရှိ လင်၏ အခွင့်အရေးများ ဆုံးရှုံးခြင်း ခံရသည် ။ အက် ၊ အေ ၊ အက် ချစ်တီးယား ကုန်တိုက် နှင့် ဦးမောင်ကြီး ( ၁၄ ၊ ရန်ကုန် ၊ စာ - ၃၂၉ ) ။
" ငယ်လင် ငယ်မယား "
ငယ်လင်ငယ်မယား ၂ဦး သဘောတူ ကွာရှင်းပါက ပါရင်းပစ္စည်း ယူဆောင်လာသူက နိဿယက နှစ်စု နိဿိတက တစ်စုရရှိသည်။ မောင်စံဘွင့် နှင့် မသန်းစိန် ( ၄၈ / ၁ ၊ စုံညီ ) ။ ငယ်လင် ငယ်မယား ဖြစ်စေ ၊ အိမ်ထောင်ကြီး ဖြစ်စေ ၊ ၂ဦးသဘောတူ ကွာရှင်းပါက နှစ်ပါးစုံညီ သို့မဟုတ် သာမန်လက်ထက်ပွား ပစ္စည်းတွင် အညီအမျှ ခွဲဝေရ ရှိသည် ။ မဆိုင် နှင့် မောင်ရန်ကင်း ( ၂ ၊ အထက်မြန်မာပြည် ၊ ၁၉၁၄ - ၁၆ ၊ စာ - ၁၂၇ ) ။
" အိမ်ထောင်ကြီး နှင့် အိမ်ထောင် မပြုဖူးသူ "
အိမ်ထောင်ကြီး နှင့် အိမ်ထောင်မပြုဖူးသူ ပေါင်းသင်းပြီး နှစ်ဦးသဘောတူ ကွာရှင်းရာတွင် အိမ်ထောင်ကြီး၏ အထက်ပါ ပစ္စည်းကို နိဿယ နှင့် နိဿိတ သဘောအရ ခွဲဝေရသည် ။ သို့သော် ထိမ်းမြားပြီး ရရှိသည့် ပစ္စည်းမရှိမှ သာလျှင် ဤအတိုင်း ခွဲဝေရသည် ။ မောင်စံဘွင့် နှင့် မသန်းစိန် ( ၄၈ / ၁ ၊ စုံညီ ) ။
" မယား နောက်အိမ်ထောင် ပြုခြင်း "
လင်ထောင်ကျနေစဉ် မယားသည် နောက်အိမ်ထောင်ပြုသဖြင့် မယားသည် လင်မယား ၂ဦးပိုင် ပစ္စည်းများ မှ အခွင့်အရေး ဆုံးရှုံးသည် ။ အောင်ဖြူ နှင့် သက်နှင်း ( ၈ ၊ အောက်မြန်မာပြည် ၊ စာ - ၅၀ ) ။ လင်ငယ်နောက် လိုက်ပြေးပြီး လင်ကြီးအား ပစ်ထားသည့် မယားသည် လင်မယားနှစ်ဦး ကြိုးပမ်းရရှိသည့် ပစ္စည်းများတွင် မည်သည့် အခွင့်အရေးမျှ ရခွင့် မရှိ ။ မောင်တုတ်န နှင့် မခင် ( ၂ ၊ အထက်မြန်မာပြည် ၊ ၁၈၉၂ - ၉၆ ၊ စာ - ၁၁၆ ) ။ သို့သော် ၎င်းတို့သည် အိမ်ထောင်ကြီးများ ဖြစ်ပါက မယားသည် ၎င်း၏ အထက်ပါ ပစ္စည်းကို ရခွင့်ရှိသည် ။ ဦးထန်မှတ် နှင့် ဦးဘသိန်း ( ၆၂ / ၃၄ ) ။
" ဂရန် ပေါက်ခြင်း နှင့် လက်ထက်ပွား ပစ္စည်း "
လင်မယား ကွာရှင်းလိုက်ပြီးနောက် တစ်ဦးဦး အမည်ဖြင့် ဂရန်အမည် ပေါက်လာသည် ဆိုရုံမျှဖြင့် မူလလက်ထက်ပွား ပစ္စည်း၏ အနေအထားမှ ဂရန်အမည်ပေါက် တစ်ဦးတည်းပိုင် ပစ္စည်း ဖြစ်မလာနိုင် ၊ မခွဲဝေရသေးသော လက်ထက်ပွား နှစ်ဦးပိုင် ဂရန်မြေ အဖြစ်သာ တည်နေသည် ။ ဦးသိန်းနိုင် နှင့် ဒေါ်အေးအေး ( ၉၂ / ၁၅၉ ) ။
" ပဏာမ ဒီကရီနှင့် အပြီးသတ် ဒီကရီ "
ယခုကဲ့သို့ စွဲဆိုသည့် အမှုတွင် အမှု စစ်ဆေးပြီးနောက် ပထမဦးစွာ ပဏာမဒီကရီ ချမှတ်ပေးပြီးမှ ဆက်လက် ဆောင်ရွက်ပြီး အပြီးသတ် ဒီကရီ ချပေးမည်ဟု ဥပဒေက မဆိုပေ ။ မူလရုံးက အမှုစစ်ဆေးသည့် အခါကပင် မည်သည့် ပစ္စည်းများကို မည်သူ ရထိုက်သည် မည်သည့်ပစ္စည်းများမှ မည်သူ့ လက်ဝယ် ရှိသည် ၊ မည်သည့်ပစ္စည်း များကို မည်ကဲ့သို့ ခွဲဝေရမည် အစရှိသည်တို့ကို တစ်ပေါင်းတည်း စစ်ဆေး၍ အဆုံးအဖြတ် ပေးပြီး ဖြစ်သည် ။ သို့ဖြစ်၍ မူလတရားရုံးက ချမှတ်သည့် အမိန့်မှာ အပြီးသတ် ဒီကရီပင် ဖြစ်သည် ။ ဦးကိုကြီး နှင့် ဒေါ်မေ ( ၇၆ / ၄ ) ။
( အညွှန်း - ဦးတင်ဝင်း ၊ တရားရုံးချုပ် ၊ တရားမမှု ( ၂၈ ) မျိုး စီရင်ချက် ရေးသားပုံများနှင့် အကျိုး သက်ရောက်စေသည့် အမိန့်များ ၊
စာ - ၄၅ )
Related Posts

"ကာမကိုလိမ်လည်ရယူမှု"
ကိုဖြူ ။ ။ “ရာဇသတ်ကြီးကိုပြင်ဆင်သည့်ဥပဒေ”မှာ ပုဒ်မ -၄၁၇တစ်ခုတည်းကိုပဲ ပြစ်ဒဏ် (၁)နှစ်က(၃)နှစ်တိုးမြှင့်လိုက်တာတွေ့ရတယ်။ ဘာမှုလဲ ဆရာ။ ဘာကြောင့်ပြစ်ဒဏ်တိုးရတာလဲ။ယူတီကေ ။ ။ ကိုဖြူမေးတဲ့ပုဒ်မ (၄၁၇) က လိမ်လည်မှုအတွက်ပြစ်ဒဏ်ဖြစ်တယ်။ ပုဒ်မ ၅၁၁ပါတဲ့ရာဇသတ်ကြီ...

လင် နှင့် မယား ကွာရှင်းခြင်း
ကွာရှင်းပြတ်ဆဲခြင်းမှာ-မြန်မာ ဗုဒ္ဓဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ အစ္စလာမ်ဘာသာများကွာရှင်းပြတ်ဆဲခြင်း၊ ဟိန္ဒူဘာသာများ ကွာရှင်းပြတ်ဆဲခြင်း၊ ခရစ်ယာန်ဘာသာများကွာရှင်းပြတ်ဆဲခြင်း တို့ဟာ တစ်ခုနဲ့တစ်ခု မတူညီကြပါဘူး . . .- ဗုဒ္ဓဘာသာများကွာရှင်းခြင်းဗုဒ္ဓ...

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေပါ တရားဝင်ကွာရှင်းမှု
ဒီလိုကွာရှင်းမှုဟာ တရားဝင်ကွာရှင်းမှု ကွာရှင်း မှုဖြစ်လို့ နှစ်ဦးသဘောတူရင်လုံ လောက်ပြီလို့ ဆိုကြပါတယ် ။ ဒါပေမဲ့ တစ်လင်တစ်မယားဥပဒေ ပေါ် လာပြီး နောက်ပိုင်းမှာ ဒီလိုကွာရှင်ပြီးမှာ တစ်ယောက်ယောက်က နောက်အိမ်ထောင်ပြုရင် နောက်တစ်ယောက် က အမှုဖွင့် အာမခံတ...