ရွာမြေ ကိုဝယ်ထားတာ ခိုင်မာမှု ရှိ၊ မရှိ
ကျွန်တော်က ပြင်ဦးလွင်ဘက်မှာ အကွက်ရိုက်ရောင်းတဲ့
ရွာမြေ ကွက် တစ်ကွက်ကို ၀ယ်ထားသူ တစ်ဦးပါ။
လောလောဆယ်မှာ သွားမနေနိုင်သေးပါဘူး။
ဒါပေမယ့် ရွာမြေ ကိုဝယ်ထားတာ
ခိုင်မာမှု ရှိ ၊ မရှိ ဆိုတာနဲ့ ပတ်သက်ပြီး
ခိုင်မာမှု ရှိ ၊ မရှိ ဆိုတာကို သိပါရစေ ။
ဘယ်လို အခြေ အနေမျိုးမှာ ခိုင်မာမှု ရှိတယ် ၊
ဘယ်လို အနေအထားမျိုးမှာ ခိုင်မာမှု မရှိဘူး
ဆိုတာလေးကိုပါ ရှင်းပြ စေချင်ပါတယ်။
ရွာမြေ လို့ ဆိုပေမယ့် ဘယ်လို ရွာမြေ လဲ စိစစ်ရပါမယ်။
(၁) အဲ့ဒီ ရွာမြေ သည် မြေပုံ ပေါ်မှာ စကားဝါရောင်ဆေးနဲ့
အနားသတ်ထားတဲ့ မူလကပင် တည်ရှိ
နေသည့် ရွာမြေ လား၊
(၂) မူလက လယ်ယာမြေ ဖြစ်ပြီး လန ၃၉
သို့မဟုတ် လယ ၃၀ ခွင့်ပြုမိန့် ကျထားတဲ့ ရွာမြေ လား၊
(၃) တစ်မြို့မှာ တစ်ရွာကို ကျေးရွာဂရန် ပေးရမည်ဆိုသော
စီမံချက်နဲ့ ဂရန်ချထားသည့် ရွာမြေ လား၊
(၄) မူလက လယ်ယာ မြေ ဖြစ်ပြီး ရပ်ရွာ တိုးချဲ့ အသုံးပြုမှု
ကြောင့် ခုမှ အကွက်ရိုက်ထားသည့် ရွာမြေ လား
စိစစ်ကြည့်ရပါ့မယ်။ ရွာမြေ အမျိုးအစား ကွဲတာနဲ့အမျှ
တရားဝင်မှု ၊ မဝင်မှု သုံးသပ် ကြည့်နိုင်ပါတယ်။
မူလစာရင်း မြေပုံအရ တည်ရှိသည့် ရွာအတွင်းက မြေကွက်
သို့မဟုတ် လန ၃၉ (လယ ၃၀) ကျပြီး ရွာမြေ ထဲမှ
အကွက် ဖြစ်ရင်တော့ ပြဿနာ မရှိပါဘူး။
အဲ့ဒီ မြေ တွေက လယ်ယာမြေ ဆိုတဲ့ စကားရပ်မှာ
မပါတော့သည့်အတွက် ဂရန် လျှောက်ခွင့် ရှိသလို
တရားဝင် စာချုပ်ချုပ်ဆို မှတ်ပုံတင်ပြီး
ရောင်းဝယ် လွှဲပြောင်းခွင့် လည်း ရှိပါတယ်။
ခိုင်မာမှု ရှိနိုင်တယ်လို့ ပြောရမှာပါ။
ကျေးရွာတွေ ဂရန် ပေးရေး စီမံချက်မှာပါတဲ့ မြေကွက်
ဆိုလျှင် ဂရန် ပါ ရပြီးဖြစ်လို့ အကောင်းဆုံးပါဘဲ။
သို့သော် လန ၃၉ လည်း မရသေး ၊
လယ ၃၀ လည်း ခွင့်ပြုချက် မရှိသည့် လယ်ယာမြေ
ကို အကွက်ရိုက် ရောင်းတာဆို ပြဿနာ နည်းနည်းရှိပါ့မယ်။
အဲ့ဒီ မြေတွေက လယ်ယာမြေ ဆိုတဲ့ အမျိုး အစားမှာ ပါဖို့များပါတယ်။
လယ်ယာမြေ ကို ခွင့်ပြုချက် မရဘဲ အခြားနည်းသုံးခွင့် မရှိပါဘူး။
ပုံစံ (၇) သမားက ရောင်းသွားတယ်ဆိုလည်း
ပုဒ်မ ၁၂ (ဆ) အရ အရေးယူ အပြစ်ပေးလို့ ရနေပါတယ်။
ပုံစံ (၇) မရ သေးရင် ပုဒ်မ ၁၂ နှင့် မငြိနိုင်ဘူး
ဆိုသော်လည်းအခု နိုင်ငံတော်ပိုင်းက လယ်ယာမြေပေါ်
အခြားနည်းသုံးများကို အရေးယူ ဆောင်ရွက်ဖို့
တွန်းအားပေးနေတဲ့အချိန် ဖြစ်တာကြောင့် တိုင်းဒေသကြီး၊
ပြည်နယ် အစိုးရအဖွဲ့များက အပြစ်ပေးဖို့ အားသန်နေကြပါတယ်။
လယ်ယာမြေ ဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မ ၁၉ အရ
အရေးယူသည့် ကိစ္စတွေမှာ ဥပဒေအားနည်းချက်
စကားရပ် အထားအသို မှားမှုကြောင့်
လက်ရှိ စီရင်ထုံးတွေအရ
ပြည်ထောင်စု တရားလွှတ်တော်ချုပ်အဆင့်မှာ
လွတ်ကောင်းလွတ်နိုင်ပေမယ့်
ပြည်နယ်/တိုင်းဒေသကြီး တရားလွှတ်တော် အထိတော့
အတွယ်ခံရဖို့များမယ်လို့ ကျွန်တော်ထင်ပါတယ်။
အဲ့ဒီမြေကွက်တွေဆို ပြဿနာ ရှိနိုင်ပြီး ခိုင်မာမှုမရှိနိုင်ပါဘူး။
(အောက်တွင်ဖော်ပြထားတာကတော့
လ/ယ ၃၉ ကျပြီးသားမြေကွက်တွေလို့သိရပါတယ်)
Crd: ဥပဒေရေးရာ
Related Posts
ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...
စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...