အိမ်မြေ ၀ယ်ယူနေထိုင်ပြီး နှစ်ကာလကြာမှ မှတ်ပုံတင် အရောင်းအ၀ယ် စာချုပ်ချုပ်ဆိုလျှင်
ရုံးခန်း၌ စာရေးသူ ရှိနေစဉ် စာဖတ် ပရိသတ် တစ်ဦးပါဟု မိတ်ဆက် ၍
အသက်ငါးဆယ် ခန့်အရွယ် အမျိုးသားတစ်ဦး ရောက်ရှိ လာပါသည် ။
'' ဟုတ်ကဲ့ ၊ ထိုင်ပါခင်ဗျာ ။ ကျွန် တော်ဘာများ အကူအညီပေးရမလဲ''
ဟုခရီးဦး ကြိုပြု လိုက်ပါသည် ။
''လွန်ခဲ့တဲ့နှစ် အစိတ်လောက်ရှိပြီ ဆရာ ။ အမေ့အမည်ရယ် ၊ ကျွန်တော့်
အမည်ရယ်နဲ့ အခုနေတဲ့ အိမ် မြေကို ဝယ်ခဲ့တယ်''
''ဂရန်မြေလား ၊ ဘယ်လိုမြေ အမျိုးအစားလဲ ''
'' ဂရန်မြေပါ ဆရာ ။ ယာယီ မှတ်ပုံတင် အရောင်းအဝယ် စာချုပ်ချုပ် ဆိုထားပြီး
ဆက်မသွား ဖြစ်တော့ဘူးဆရာ ။ အခုမှ ကြည့်မိပြီး သိရတယ် ။ ဘယ်လို
ဆောင်ရွက်လို့ ရမလဲဆိုတာ သိချင်လို့ပါ ''
''ဘယ်လိုဖြစ်လို့ နှစ်ပေါင်း ၂၅ နှစ်လောက် ကြာသွားရတာလဲ''
''ကျွန်တော်က နိုင်ငံခြားမှာ အလုပ်လုပ်တော့ ဒီကိစ္စကိုလည်း သတိမရတော့ဘူး
ဆရာ ။ အခုမှ ဂရန် သက်တမ်း ကုန်ခါနီးဖြစ်တော့ ကြည့်မိရာကနေ သတိပြုမိရတာပါ ''
''ရောင်းသူက ဘယ်မှာရှိတယ် ဆိုတာ သိပါသလား''
'' ဘယ်ပြောင်း သွားတယ် ဆိုတာလည်း မသိဘူးဆရာ ။ သူကိုယ်တိုင်လည်း သက်ရှိ
ထင်ရှားရှိ မရှိ မသိတော့ဘူး ''
'' ရောင်းသူနဲ့ ဆက်စပ်တဲ့ သားသမီး ဆွေမျိုးတွေလည်း ဘယ်မှာနေ မှန်းမသိဘူးပေါ့ ''
''ဟုတ်တယ်ဆရာ ၊ ကျွန်တော် ကလည်း နိုင်ငံခြားမှာ အနေများ တော့ ဘယ်သူနဲ့မှ
အဆက်အသွယ် မသိဘူး ။ ပိုဆိုးသွားတာက အမေကလည်း ပြီးခဲ့တဲ့လပိုင်းက
ဆုံးသွားတော့ ဘယ်လိုမှ ဆက်စပ် မသိတော့ဘူး''
'' ဂရန် စာချုပ်တော့ မူရင်း ရှိတယ်ပေါ့ ''
'' ဟုတ်ကဲ့ ရှိပါတယ် ။ စာချုပ် စာတမ်းရုံးကို သွားမေးကြည့်တော့ ယာယီစာချုပ်က
သက်တမ်းကာလ ကုန်သွားလို့ ဆက်ချုပ်ဆို မရတော့ဘူး ။ တရားရုံးမှာ တရားစွဲဆောင်
ရွက်ရမယ်ပြောပါတယ် ။ ဒါကြောင့် ဆရာ့ဆီ လာရောက် ဆွေးနွေးတာပါ''
''ဂရန်အမည်ပေါက်က စာချုပ်ပါ ရောင်းသူအမည်ပဲ မဟုတ်လား''
''ဟုတ်ပါတယ် ဆရာ''
'' ရောင်းသူရဲ့ အမွေဆက်ခံသူ သားသမီးတစ်ဦး တစ်ယောက်နဲ့ ဆက်သွယ် မိရင်တော့
လွယ်ကူသွားတာပေါ့ ။ ရောင်းသူကိုယ်တိုင် သက်ရှိ ထင်ရှားရှိနေရင် ပိုအဆင်ပြေတယ် ။
အခုတော့ လိပ်စာလည်းမသိ ဖြစ်နေတယ် ။ ဒီတော့ ပထမဦးဆုံး အနေနဲ့ သတင်းစာထဲမှာ
ရောင်းသူကို စာချုပ်စာတမ်း မှတ်ပုံတင် ချုပ်ဆိုပေးဖို့ အကြောင်းကြားစာ သဘောထည့်
သွင်းကြေညာရမှာဖြစ်တယ် ''
'' လိပ်စာ မသိတော့ ဘယ်လို ထည့်မလဲဆရာ ''
''ယခင်လိပ်စာပဲ ထည့်ရမှာပေါ့ ။ ယခု လိပ်စာ မသိပေါ့ ။ လိပ်စာ သိရင်တော့ တိုက်ရိုက်
နို့တစ်စာပေးပို့ လို့ရတယ်လေ ''
'' ယခင်လိပ်စာက အခုကျွန်တော် တို့ ဝယ်နေတဲ့ အိမ်လိပ်စာပဲ ဆရာ ''
အင်းပေါ့ အဲဒီလိပ်စာကို ယခင် လိပ်စာအဖြစ် ထည့်သွင်း ဖော်ပြရမှာ ဖြစ်တယ် ။
ယခု နေရပ်လိပ်စာ မသိလို့ ဖော်ပြပြီး အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုပေးရန်
ဆက်သွယ်ဖို့နဲ့ သတ်မှတ်ရက် ကျော်က ဥပဒေနဲ့အညီ ဆောင်ရွက်မယ်လို့ ကြေညာရမှာ ဖြစ်တယ် ''
'' သတ်မှတ်ရက် ကျော်သွားရင် တရားစွဲရမှာလား ဆရာ ''
''ဟုတ်ပါတယ် ။ အိမ်မြေ အရောင်းအဝယ် မှတ်ပုံတင် စာချုပ်ချုပ် ဆိုပေးစေလိုမှုအဖြစ်
တရားရုံးမှာ တရားစွဲဆို ရမှာဖြစ်ပါတယ် ။ တစ်ခု အဆင်ပြေသွားတာက ဝယ်ထားတဲ့
အိမ်မြေကို လက်ရောက်ရယူနေထိုင် နေတဲ့အတွက် အရောင်းအဝယ်က အထမြောက်တဲ့
သဘောရှိနေပါတယ်''
'' ဆရာပြောသလို ၊ လက်ရောက် ရယူမနေထားရင် ဘယ်လို ဖြစ်နိုင်ပါသလဲ''
''အဲဒီလို အခြေအနေ မျိုးဆိုရင် မှတ်ပုံတင် အရောင်းအဝယ် စာချုပ်ချုပ်ဆို ပေးရန်အပြင်
ပစ္စည်းလက် ရောက်ပါ စွဲဆိုရပါတယ် ။
အဲဒီမှာ ပြဿနာရှိတာက ကိုယ်မသိလိုက်ပဲ အိမ်မြေပိုင်ရှင်က တစ်ဦးတစ်ယောက် ကို
ရောင်းထားတာတွေ အခြားဆွေ မျိုးများနေထိုင်လျက်ရှိနေတာတွေရဲ့ ကြုံရတတ်တယ်''
'' အဲဒါ မျိုးဆိုရင် နေတဲ့သူပါ ထည့်ပြီး တရားစွဲ ရမှာပေါ့နော် ''
'' ဟုတ်ပါတယ် ။ သူတို့ကလည်း သူတို့ရဲ့ ပိုင်ဆိုင်ခွင့် ၊ နေပိုင်ခွင့်နဲ့ ထုချေတတ် တာကြောင့်
အခက်အခဲရှိ လာတယ် ။ အခုကိစ္စကတော့ မြေနဲ့ အိမ်က မိမိ လက်ဝယ်မှာရှိပြီး နေထိုင်
လျက်ရှိတာကြောင့် ပိုင်ဆိုင်မှုအငြင်း ပွားစရာ မရှိတော့ဘူးပေါ့ ''
''အခုထပ်ပြီး ချုပ်ရင်၊ ယာယီ မှတ်ပုံတင် အရောင်းအဝယ် စာချုပ်ကို ပထမဆုံး ထပ်ချုပ်
ရဦးမှာလား ဆရာ ''
'' အခုခေတ် ကာလမှာတော့ ယာယီမှတ်ပုံတင် အရောင်းအဝယ် စာချုပ်အဆင့် မရှိတော့ဘူး ။
ယခင်က ယာယီ မှတ်ပုံတင် စာချုပ်ပြုလုပ်တယ် ဆိုတာက တံဆိပ်ခေါင်းတွေ ထပ်ကပ် ရန် လို မလို ၊
အိမ်မြေ တန်ဖိုး စိစစ်ရေး အဖွဲ့က ကွင်းဆင်း စစ်ဆေးတာတွေ ၊ အမြတ်ခွန် ထမ်းဆောင်
တာတွေအတွက် ဆောင်ရွက်ဖို့ ယာယီလက်ခံ ထားတာပဲ ဖြစ်တယ် ။ တန်ဖိုး စိစစ်ရေး အဖွဲ့ရဲ့
တင်ပြချက်အရ အမြတ်ခွန် ဆောင်ခြင်း လိုအပ်သည့် တံဆိပ် ခေါင်းထပ်မံ ထမ်းဆောင်ခြင်း
ပြုပြီးမှ ယာယီ မှတ်ပုံတင် စာချုပ်ကို မှတ်ပုံ တင်အရောင်းအဝယ် စာချုပ်အဖြစ် ချုပ်ဆိုပေးတာ
ဖြစ်ပါတယ် ''
'' အခုတော့ အခွန်ဆောင်တာ အရင်လုပ်ရတယ်လို့ ကြားတယ် ဆရာ ''
''ဟုတ်ပါတယ် ။ ပထမဦးဆုံး မြေပုံ မြေရာဇဝင် ကူးရတယ် ။ ပြီးရင် တန်ဖိုးစိစစ်ရေး အဖွဲ့ထံ
တင်ပြရတယ် ။ လိုအပ်တဲ့ ဝယ်ခွန် ထမ်းဆောင်ပြီးမှ စာချုပ်စာတမ်းရုံးမှာ အရောင်းအဝယ် မှတ်ပုံတင်
စာချုပ်ချုပ်ဆို ပေးပါတယ် ''
'' ကျွန်တော်တို့ကိစ္စက တရားစွဲ တယ်ဆိုတော့ ဘယ်သူ့ကို တရားစွဲရမှာလဲ ။ ရောင်းသူကို စွဲရမှာလား ''
''ဟုတ်ပါတယ် ။ သတင်းစာထဲမှာ ဆက်သွယ်ဖို့ အကြောင်းကြား ပေမယ့် အဆက်အသွယ် မရလို့
တရားရုံး မှာ ရောင်းသူကို တရားစွဲဆိုရမှာ ဖြစ်ပါတယ် ''
'' အရောင်းအဝယ် မှတ်ပုံတင် စာချုပ်ချုပ်ဆို ပေးစေလိုမှုအဖြစ် တရားစွဲရမှာပေါ့ ''
''ဟုတ်ပါတယ် ။ တရားရုံးကလည်း သတင်းစာကနေ ရုံးချိန်းလာ ရောက်ဖို့ သမ္မာန်စာ
( အကြောင်း ကြားစာ ) ထည့်သွင်း ကြေညာပါတယ် ။ ကြေညာခကိုတော့ မိမိက တာဝန်ယူ ရမှာဖြစ်တယ်''
'' တရားရုံးကိုလည်း မလာဘူးဆိုရင် ဆရာရယ် ၊ ဘယ်လိုဖြစ်နိုင်သလဲ ''
''တရားသူကြီးက တစ်ဖက် သတ်လျှောက်ထားသူကို စစ်မယ် ၊ သက်သေ စစ်မယ် ၊ စာရွက်စာတမ်းအရ
ဝယ်ယူထားပြီး လက်ရှိ နေလျက်ရှိတာ ပေါ်လွင်မယ် ။ နှစ်ပေါင်း ၂၅ နှစ်အတွင်း ဘာကြောင့်
မလျှောက် ထားရကြောင်း အကြောင်းပြချက် ခိုင်မာရင် ရောင်းသူအဖြစ် တရားရုံးရှိ ဘိလစ်က
တာဝန်ယူလက်မှတ် ရေးထိုးပြီး အရောင်း အဝယ်မှတ်ပုံ တင် စာချုပ်ကို မှတ်ပုံတင်ရုံးမှာ ချုပ်
ဆိုခွင့်ရသွားမှာဖြစ်ပါတယ်''
''ဒါဆိုရင် တရားရုံးက တာဝန် ယူဆောင်ရွက် ပေးတဲ့ သဘောပေါ့''
''မှန်ပါတယ် ။ ဒါကြောင့် တရားရုံးမှာ တရားစွဲ ဆောင်ရွက်ရမယ် ဖြစ်ပါတယ် ''ဟု
အကြံပြုဆွေးနွေး လိုက်ပါသည် ။
Credit to copy
Related Posts
ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...
စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...