" ကျူးကျော်သူ အား နှင်ထုတ်လိုမှု "

05-Jul-23 အခြား
" ကျူးကျော်သူ အား နှင်ထုတ်လိုမှု "

"ကျူးကျော်သူ အား နှင်ထုတ်လိုမှု "


အိမ်မြေက နှင်ထုတ်လိုမှု များအကြောင်းကို  တင်ပြနေပါတယ်။ 


(၁) အိမ်ရှင်က အိမ်ငှားကို နှင်ထုတ်နည်း အကြောင်း ၊
(၂) အခွင့်နှင့် နေသူကို နှင်ထုတ်နည်း အကြောင်း တင်ပြခဲ့ ပြီးပါပြီ ။
(၃) ကျူးကျော်တဲ့ လူကို ကျူးကျော်တဲ့ အိမ် ၊  မြေ ၊  အစိတ်အပိုင်းက  နှင်ထုတ်နည်းအကြောင်း ဒီနေ့တင်ပြမယ် ။


အမှုဖြစ်ပွား ရခြင်း ။


    မိမိပိုင်ဆိုင် ၊  လက်ရှိဖြစ်တဲ့ မြေကွက်လပ် ၊  မြေကွက် အစိတ်အပိုင်း ၊ အိမ် ၊  အိမ်အစိတ် အပိုင်းကို အခြားသူက မိမိမသိ ၊  သဘောမတူညီဘဲ ၀င်ရောက် ၊  ကျူးကျော် ၊  အိမ်ဆောက်လုပ် ၊  ၀င်းခြံကာရံ နေထိုင်တာ မျိုးရှိတတ် ပါတယ် ။
ဥပမာ ( က ) မိမိကို ချထားပေးတဲ့ ၀န်ထမ်းမြေကွက် ၊  ၀ယ်ယူထားတဲ့ မြေကွက်လပ်မှာ ဘယ်က လူတွေမှန်းမသိဘဲ  တဲထိုး နေထိုင်တယ်။
(ခ) ကိုယ့်မြေ ပေါ်ကိုတော့  တဲမဆောက်ဘူး ၊  ကြားလမ်းက မြေပေါ်ထဲ ဆောက်ပြီး ကိုယ့်မြေကွက်ထဲ အ၀တ် လှန်း ၊  ကြက် ၊  ၀က်မွေး ၊  ခုတင်တွေ  ချနေတာလည်း ရှိတယ် ။
(ဂ)  အိမ်နီးချင်းအိမ်က အဆောက်အအုံက ကိုယ့်မြေထဲကို ကျော်ပြီး ၊  ဝဲနေတယ် ။ တံစက်မြိတ် ကျူးနေတယ် ။
(ဃ) ၀င်းခြံ ကာရံထားတာက  ကိုယ့်မြေ ( ၄-၅ ) ပေ သူ့ထဲပါနေတယ် ။  မြေတိုင်း ကြည့်တောမှ သိတယ် ။
(င) သူ့၀င်းထဲ  ပေါက်နေတဲ့  သစ်ပင်ကိုင်းကြီးက  ကိုယ့်အိမ် အမိုးပေါ် ရောက်လာပြီး ၊  အမိုးတွေ ပျက်ကုန်တယ် ။
(စ) အိမ်မြေကို  မှတ်ပုံတင် စာချုပ်နဲ့ ၀ယ်လိုက်တာပဲ ။  ဒါပေမယ့် အိမ်မြေကို  ၀ယ်သူလက်ရောက် မရဘူး ။  လက် ရောက် မအပ်ဘူး ။ ရောင်းသူ ၊  အခြားသူ လက်ရှိနေ နေတယ် ။
(ဆ) နယ်နိမိတ်ချင်း ဆက်နေတဲ့ မြေမှာ ၀င်းခြံ ကာရံပြီး နေကြတယ် ။  နောင်မြေတိုင်းမှ  ကိုယ့်မြေ သူ့ထဲမှာပါနေ တယ် ။
(ဇ) နယ်နိမိတ်ချင်း ဆက်စပ် နေတဲ့မြေမှာ သူတစ်ပါး မြေမှန်းသိလျက် မသိဘဲ မိမိပိုင်မြေအဖြစ် အသုံးချခဲ့ရင် ပိုင်ရှင်ကို ဆန့်ကျင် လက်ရှိထား တယ်လို့ ယူဆတယ် ။


တရားစွဲဆိုသူ တရားလို ။


       (က)အခင်းဖြစ်အိမ် ၊  မြေ ၊  အစိတ်အပိုင်းဟာ တရားလို ပိုင်ဆိုင်ကြောင်း ၊  တရားလိုက သက်သေထင်ရှား ပြသရတယ် ။ အိမ် ၊  မြေ ကို အမွေဆက်ခံ ပိုင်လာကြောင်း ၊  ၀ယ်ယူခြင်း ၊ ပေးကမ်းခြင်းကြောင့်  ပိုင်ဆိုင်လာကြောင်း ၊  စာချုပ်စာတမ်းများနဲ့  သက်သေတင်ပြ ရပါတယ်။
(ခ) အရောင်းအ၀ယ်  စာချုပ်အရ ပိုင်ရှင်ဖြစ် လာကြောင်း ပြောဆိုရင် ၊  ကျပ်တစ်သိန်း နဲ့ အထက် တန်ဖိုးရှိတဲ့ ပစ္စည်းကို၀ယ်ခဲ့တာ ဖြစ်ပါက မှတ်ပုံတင် စာချုပ်နဲ့ ၀ယ်မှသာ အရောင်းအ၀ယ် မြောက်ပါတယ် ။  အရပ်စာချုပ်နဲ့ ၀ယ်တာ တရားမ၀င်ဘူး ။
(ဂ)  အပေးစာချုပ် နဲ့ မိမိပိုင်ဆိုင်ခဲ့ တယ်ဆိုရင် ၊ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းကို မှတ်ပုံတင် စာချုပ်နဲ့ပေးမှသာ ၊ ပေးကမ်းခြင်း အထမြောက်ပါတယ် ။ အရပ်စာချုပ်နဲ့ ပေးခဲ့ရင် ပေးကမ်းခြင်း အထမမြောက်တဲ့အတွက် ပိုင်ရှင် ဖြစ်မလာနိုင်ဘူး ။
(ဃ) မြေပုံ ၊  မြေရာဇ၀င်မှာ  နာမည်ပေါက်ရုံ နဲ့ အမည်ပေါက်သူဟာ မြေပိုင်ရှင် ဖြစ်တယ်လို့ ယူဆခြင်း မပြုနိုင်ဘူး ။ ( ဦးအောင် သိန်းပါ-၂၊ ၁၉၇၁)
(င) တရားလိုဟာ လက်ရှိ ပိုင်ဆိုင်မှုကို အခြေပြုပြီး တရားစွဲဆို နိုင်တယ် ။ ကြာမြင့်စွာ လက်ရှိထားခြင်းဟာ ပိုင်ဆိုင်မှုကို သက်သေထူရန် လုံလောက်တယ် ။ ( မောင်ထွန်း နှင့် မောင်ခန့်အမှု )
(စ) အစိုးရမြေမှာ နေထိုင်ခွင့် လိုင်စင်သူ / ဂရန်ရသူဟာ  မြေပေါ် ကျူးကျော်သူကို  နှင်ထုတ်ခွင့် ရှိတယ် ။
ကျူးကျော်သူ တရားပြိုင်  ။
(က) ကျူးကျော်၀င် ရောက်နေထိုင် သူကို ကျူးကျော် တဲ့နေ့မှ  ( ၁၂ ) နှစ်အတွင်း နှင်ထုတ်လိုမှု  စွဲဆိုရပါတယ် ။
(ခ) ၁၂-နှစ်ကျော်ရင် ၊  ကာလစည်းကမ်းသတ်  ကျော်လွန်သွားလို့  နှင်ထုတ်ပိုင်ခွင့် အခွင့်အရေး ဆုံးရှုံးပါတယ် ။
(ဂ) ခွင့်ပြုချက်အရ မြေပေါ်နေသူက ကျူးကျော်သူ မဟုတ်ဘူး ။ ကာလစည်းကမ်းသတ် ကျော်လွန်ကြောင်း မထုချေနိုင်ဘူး ။
(ဃ) ခွင့်ပြုချက်ကို ရုပ်သိမ်းပြီးနောက် ဆက်လက်ပြီး နေထိုင် ရင်တော့ ပိုင်ရှင်ကို ဆန့်ကျင်ရာ ၊  ကျူးကျော်ရာ ရောက်တယ် ။  ( ဦးချစ်ထွန်း အမှု )
(င) ဦးမဲက အိမ်မြေ တစ်ခုကို ဦးဖြူသို့ အရပ်စာချုပ်နဲ့ ရောင်းတယ် ။  အိမ်မြေဖိုး ဦးဖြူက  အပြေပေးချေပြီး  အိမ်မြေကို လက်ရောက်ယူထားတယ် ။  စာချုပ်ကို  မှတ်ပုံမတင်ဘူး ။
ဦးမဲက ထိုအိမ်မြေကို  ဦးညိုသို့ မှတ်ပုံတင် စာချုပ်နဲ့ထပ်ပြီး ရောင်းချလိုက်တယ် ။  ဦးညိုက မိမိသာလျှင် တရား၀င်  ၊ ၀ယ်သူ ဖြစ်လို့ ပိုင်ရှင် ဖြစ်ကြောင်း ၊  ဦးဖြူကို နှင်ထုတ်လိုကြောင်း တရားစွဲဆိုတယ် ။
ဦးညို စွဲဆိုတဲ့အမှုကို အရပ်စာချုပ်နဲ့ ၀ယ်သူဦးဖြူက ပစ္စည်းလွှဲ ပြောင်းခြင်း အက်ဥပဒေ ပုဒ်မ-၅၃(က)အရ အောင်မြင်စွာ ခုခံနိုင်တယ် ။ ဦးညို အနိုင်မရနိုင်ပါ။


ကာလ စည်းကမ်းသတ် ဥပဒေပြဌာန်းချက် ။


      ကာလ စည်းကမ်းသတ် အက်ဥပဒေ ပထမဇယား  ၊  အစဉ်  ( ၁၄၂ )  ( ၁၄၄ ) အရ  ၊   တရားပြိုင်က  အိမ်မြေ  ၊   အစိတ်အပိုင်းမှာ စတင်ကျူးကျော်တဲ့ နေ့မှစပြီး  (  ၁၂ ) နှစ်အတွင်း  ၊   တရားလိုက  တရားစွဲဆိုရပါမယ်  ။ သတ်မှတ် ကာလအတွင်း တရားမစွဲဆိုရင်  ၊ တရားလိုရဲ့  နှင်ထုတ်လိုမှုဟာ မအောင်မြင် နိုင်ပါဘူး  ။ ကာလ စည်းကမ်းသတ် ကျော်လွန်တယ် ဆိုပြီး အမှုကို ပလပ်ခံရပါမယ်  ။
တရားပြိုင်၏ ဆန့်ကျင်ဘက် လက်ရှိထားကြောင်း  ထုချေချက် ။
( က ) ကျူးကျော်ကြောင်း ၊  လက်ရောက် ရလိုကြောင်း စွဲဆိုတဲ့အမှုတွေမှာ တရားပြိုင် ကျူးကျော် နေထိုင်လာတာ ၊  ( ၁၂ ) နှစ် ကျော် လွန်ကြောင်း တရားပြိုင် ( ကျူးကျော်သူ )  က သက်သေပြရန် တာ၀န်ရှိတယ် ။  ( ဦးအောင်သန်းပါ -၂  နှင့်  ဒေါ်မမကြီး  - ၁၉၆၄ )
( ခ ) လူတစ်ယောက် လက်ရှိဖြစ်တဲ့ အိမ် ၊ မြေ ၊ အစိတ်အပိုင်းကို အတင်း၀င် ရောက်ကျူးကျော် နေထိုင်ရင်ဖြစ်စေ ၊  စွန့်ပစ်ထားတဲ့ မြေကို  ၀င်ရောက် နေထိုင်ရင်ဖြစ်စေ  ၊ တရားလို ဖယ်ရှားခံရတဲ့ နေ့ကစပြီး ( ၁၂ ) နှစ်အတွင်း တရားစွဲဆိုရပါမယ် ။ ကျူးကျော်နေထိုင် တာ ( ၁၂ ) နှစ်ကျော်ရင် တရားလိုရဲ့ တရားစွဲဆိုခွင့် ဆုံးရှုံးပါတယ် ။
( ဂ ) မည်သူမည်ဝါ ပိုင်တယ် မသိဘဲ မြေကွက်လပ်တစ်ခုကို လက်ရှိနေခဲ့ ဖူးသူရဲ့ ခွင့်ပြုချက်အရ ၀င်ရောက် နေထိုင်တဲ့သူဟာ ပိုင်ရှင်ကိုဆန့်ကျင်ပြီး ကျူးကျော် လက်ရှိနေထိုင် တယ်လို့ မဆိုနိုင်ဘူး ။  ( ဦးချစ်ထွန်းအမှု )
( ဃ ) အမွေဆိုင် အိမ်မြေမှာ ၊  အမွေဆိုင်တစ်ဦးက  လက်ရှိနေထိုင်ခြင်းဟာ ကျန်အမွေဆိုင်များကို ဆန့်ကျင်ပြီး  ကျူးကျော်နေ ထိုင်တာမဟုတ်ဘူး ။ အမွေဆိုင်များကိုယ်စား  နေထိုင်ခြင်းသာ ဖြစ်တယ် ။ ကာလစည်း ကမ်းသတ် မကျော်လွန်ဘူး ။
( င ) ကျူးကျော်သူကို နှင်ထုတ် ပိုင်ခွင့်ဟာ တရားပြိုင် ကျူးကျော်တဲ့ နေ့ကစပြီး မြေပိုင်ရှင် ၊  သို့မဟုတ် မြေလက်ရှိ ထားသူက ရရှိ တယ် ။ ဒီကျူးကျော်တဲ့လူကို ဖယ်ရှား နှင်ထုတ်ပေးရန် တရားစွဲ ဆိုပိုင်ခွင့်ဟာ ထပ်တလဲလဲ ပေါ်ပေါက်တဲ့ အခွင့်အရေး မဟုတ်ဘူး ။ ကျူးကျော်တဲ့ နေ့ကစပြီး ပေါ်ပေါက်တယ် ။ ကာလစည်းကမ်းချက် ကိုလည်း အဲဒီ နေ့ကစပြီး  ( ၁၂ ) နှစ် ရေတွက် ရတယ် ။ နို့တစ်စာ ပေးတဲ့နေ့ ၊ ထိုနေ့ နောက်ပိုင်း ကျူးကျော် နေသမျှ အဆတ်မပြတ် ပေါ်ပေါက်တယ်ဆိုတာ မဟုတ်ဘူး ။ ကျူးကျော်တဲ့နေ့ကို သတိ ထားရမယ်။ 
( စ ) မြေပိုင်ရှင်က မြေကွက်ကြီးထဲ ကျူးကျော်နေထိုင်တဲ့ အိမ်ထောင် (၁၈)စုကို (၁၉၆၂) ခုနှစ်က ရှေ့နေမှတစ်ဆင့် ဖယ်ရှား ပေးရန် နို့တစ်စာ ပေးခဲ့တယ်။ အမှုကို (၁၉၇၇) ခုနှစ်မှ တရားစွဲတယ်။ ကာလစည်းကမ်းသတ် (၁၂)နှစ်ကျော်မှ တရားစွဲဆိုလာ လို့ ပိုင်ရှင်အမှုရှုံးတယ်။
( ဆ ) ကျူးကျော် ဆောက်လုပ် ထားတဲ့ အိမ်ကို ဖျက်သိမ်းပြီး နှင်ထုတ် လိုက်မှုကို ပိုင်ရှင်က ( ၁၉၈၇ )  ခုနှစ်မှာ စွဲဆိုတယ် ။ ကျူး ကျော်နေထိုင်သူက မြေပေါ်မှာ သူ့အဆောက် အအုံကို ( ၁၉၆၂ ) က ဆောက်လုပ်ခဲ့ကြောင်း စည်ပင်သာယာ အိမ်ခွန် ပြေစာများ တင်ပြထားတယ် ။ ဒါကြောင့် ကျူးကျော်သူဟာ ( ၁၉၆၂ )  ခုနှစ်ကပင် အချင်းဖြစ်မြေမှာ သူ့ရဲ့ အဆောက်အအုံ ဆောက်လုပ်ထား ကြောင်း ထင်ရှားတဲ့အတွက် ကာလ စည်းကမ်းသတ်  ( ၁၂ ) နှစ်ကျော်လို့  မြေပိုင်ရှင်ရဲ့  အမှုရှုံးသွားတယ် ။


သူခိုးပေါ်  သူဝှက်လုခြင်း  ။


       လူ တစ်ယောက်က အစိုးရပိုင် မြေလွတ် မြေရိုင်းပေါ်မှာ ၊  မည်သူမျှ နေထိုင်ခြင်း မရှိလို့ ၀င်ရောက်ပြီး အိမ်ဆောက် လုပ်နေ ထိုင်လာတယ်။ အခြား လူတစ်ယောက်က ဘာအခွင့်အရေးမှ မရှိဘဲ မြေပေါ်ကို  ဇွတ်၀င်လာပြီး တဲဆောက်နေတယ် ။ ပထမကျူး ကျော်သူက ဒုတိယ ကျူးကျော်သူကို ဘယ်လို အရေးယူမလဲ ။  တုတ်တစ်ပျက် ၊  ဓားတစ်ပျက် ပြိုင်ဆိုင် ကြမလား ။
စီရင်ထုံးအရ - မူလလက်ရှိဖြစ်သူ/ပထမ ကျူးကျော်သူဟာ၊ ဒုတိယကျူးကျော်သူကို မြေကို လက်ရောက်ပြန်လည်ရယူ လိုမှု တရားစွဲဆို နှင်ထုတ်ခွင့် ရှိတယ်လို့ ဆုံးဖြတ်ထားတာ တွေ့ရပါတယ် ။
ကနေ့ မြို့ပြတွေမှာ မြို့သစ် မြေကွက်တွေ ဖော်ထုတ်တယ် ။ လူကြီးတွေကို နေရာအကျယ်ကြီးတွေ ချပေးထားတယ် ။  အိမ် လည်း မဆောက်ဘူး ။ အစောင့်လည်း မရှိဘူး ။ အခုတော့ ကျူးတွေ ( ကျူးကျော်သူတွေ ) ရပ်ကွက်ကြီး တစ်ခုလောက် ရှိလာကြ ပြီ ။ အခြေအနေ ၊ အချိန်အခါ ၊  အခွင့်အလမ်းအရ နှစ်ဦးနှစ်ဖက်မှာ အခွင့်အရေးတွေ  ရှိလာနေပါတယ် ။ သတိထား နိုင်အောင်လို့ ။
UTK  ( မဟာဝိဇ္ဇာ ၊  သိပ္ပံ ၊  ဥပဒေ )
Crd ပေးပါတယ်ခင်ဗျား
 

Related Posts

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

GP/SP နှင့် ပတ်သက်၍ သိထားသင့်သည့် အချက်များ

၁။ "အထူးကိုယ်စားလှယ်လွှဲစာနှင့် အထွေထွေကိုယ်စားလှယ် လွှဲစာများ လုပ်ဆောင်ရာတွင် သိထားသင့်သည့် အချက်များရှိ"အိမ်ခြံမြေရောင်း၀ယ်ရာမှာ ချုပ်ဆိုကြလေ့ရှိတဲ့ အထူးကိုယ်စားလှယ်လွှဲစာ (Special Power) နဲ့အထွေထွေကိုယ်စားလှယ်လွှဲစာ (General Power) တွေ&n...

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

ခေတ်စားလာသော နိုင်ငံတော်အကြည်ညိုပျက်စေမှုအချက်အလက်များ

နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ)ယခုတစ်လော ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆ (ဃ) အစား ခေတ်စားလာသော နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) နှင့် ပတ်သက်၍ သိရှိနိုင်ပါရန် အချက်အလက်အချို့ကို ပြောပြချင်ပါတယ်။နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ...

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

“အိမ်သုံးလျှပ်စစ်မီတာလျှောက်ထားပုံ”

မိတ်ဆွေတစ်ယောက်က မြေကွက်ကလေးဝယ်လို့ အိမ်အသစ်တစ်လုံးဆောက်ပြီးသွားတော့ အိမ်သုံးလျှပ်စစ်မီတာ တပ်ချင်တာ ဘယ်လို ဆောင်ရွက်ရမလဲလို့ မေးလာတာနဲ့ အိမ်သုံးလျှပ်စစ်မီတာ လျှောက်ထားဆောင်ရွက်ပုံကလေးကို တင်ပြလိုက်ရပါတယ်။ အိမ်သုံးလျှပ်စစ်မီတာကို -မိမိနေထိုင်ရာ မ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate