"ကျူးကျော်သူအား နှင်ထုတ်လိုမှု"

13-Aug-21
"ကျူးကျော်သူအား နှင်ထုတ်လိုမှု"
ကျူးကျော်သူအားနှင်ထုတ်လိုမှုနှင့်အိမ်မြေကနှင်ထုတ်လိုမှုများအကြောင်း
အိမ်မြေက နှင်ထုတ်လိုမှုများအကြောင်းကို တင်ပြနေပါတယ်။ 
(၁) အိမ်ရှင်က အိမ်ငှားကို နှင်ထုတ်နည်းအကြောင်း၊
(၂) အခွင့်နှင့်နေသူကို နှင်ထုတ်နည်းအကြောင်း တင်ပြခဲ့ပြီးပါပြီ။
(၃) ကျူးကျော်တဲ့လူကို ကျူးကျော်တဲ့အိမ်၊ မြေ၊ အစိတ်အပိုင်းက နှင်ထုတ်နည်းအကြောင်း ကနေ့တင်ပြမယ်။
အမှုဖြစ်ပွားရခြင်း ။
မိမိပိုင်ဆိုင်၊ လက်ရှိဖြစ်တဲ့ မြေကွက်လပ်၊ မြေကွက်အစိတ်အပိုင်း၊ အိမ်၊ အိမ်အစိတ်အပိုင်းကို အခြားသူက မိမိမသိ၊ သဘောမတူညီဘဲ ၀င်ရောက်၊ ကျူးကျော်၊ အိမ်ဆောက်လုပ်၊ ၀င်းခြံကာရံ နေထိုင်တာမျိုးရှိတတ်ပါတယ်။
ဥပမာ (က) မိမိကို ချထားပေးတဲ့၀န်ထမ်းမြေကွက်၊ ၀ယ်ယူထားတဲ့ မြေကွက်လပ်မှာ ဘယ်ကလူတွေမှန်းမသိဘဲ တဲထိုး နေထိုင်တယ်။
(ခ) ကိုယ့်မြေပေါ်ကိုတော့ တဲမဆောက်ဘူး၊ ကြားလမ်းက မြေပေါ်ထဲဆောက်ပြီး ကိုယ့်မြေကွက်ထဲ အ၀တ် လှန်း၊ ကြက်၊ ၀က်မွေး၊ ခုတင်တွေ ချနေတာလည်း ရှိတယ်။
(ဂ) အိမ်နီးချင်းအိမ်က အဆောက်အအုံက ကိုယ့်မြေထဲကို ကျော်ပြီး၊ ဝဲနေတယ်။ တံစက်မြိတ်ကျူးနေတယ်။
(ဃ) ၀င်းခြံကာရံထားတာက ကိုယ့်မြေ(၄-၅)ပေ သူ့ထဲပါနေတယ်။ မြေတိုင်းကြည့်တောမှ သိတယ်။
(င) သူ့၀င်းထဲပေါက်နေတဲ့ သစ်ပင်ကိုင်းကြီးက ကိုယ့်အိမ်အမိုးပေါ် ရောက်လာပြီး၊ အမိုးတွေ ပျက်ကုန်တယ်။
(စ) အိမ်မြေကို မှတ်ပုံတင်စာချုပ်နဲ့ ၀ယ်လိုက်တာပဲ။ ဒါပေမယ့် အိမ်မြေကို ၀ယ်သူလက်ရောက်မရဘူး။ လက် ရောက် မအပ်ဘူး။ ရောင်းသူ၊ အခြားသူလက်ရှိနေနေတယ်။
(ဆ) နယ်နိမိတ်ချင်းဆက်နေတဲ့မြေမှာ ၀င်းခြံကာရံပြီးနေကြတယ်။ နောင်မြေတိုင်းမှ ကိုယ့်မြေ သူ့ထဲမှာပါနေ တယ်။
(ဇ) နယ်နိမိတ်ချင်း ဆက်စပ်နေတဲ့မြေမှာ သူတစ်ပါး မြေမှန်းသိလျက် မသိဘဲ မိမိပိုင်မြေအဖြစ် အသုံးချခဲ့ရင် ပိုင်ရှင်ကို ဆန့်ကျင် လက်ရှိထားတယ်လို့ ယူဆတယ်။
တရားစွဲဆိုသူ တရားလို ။
(က) အခင်းဖြစ်အိမ်၊ မြေ၊ အစိတ်အပိုင်းဟာ တရားလို ပိုင်ဆိုင်ကြောင်း၊ တရားလိုက သက်သေထင်ရှားပြသရတယ်။ အိမ်၊ မြေ ကို အမွေဆက်ခံပိုင်လာကြောင်း၊ ၀ယ်ယူခြင်း၊ ပေးကမ်းခြင်းကြောင့် ပိုင်ဆိုင်လာကြောင်း၊ စာချုပ်စာတမ်းများနဲ့ သက်သေတင်ပြ ရပါတယ်။
(ခ) အရောင်းအ၀ယ်စာချုပ်အရ ပိုင်ရှင်ဖြစ်လာကြောင်း ပြောဆိုရင်၊ ကျပ်တစ်သိန်းနဲ့အထက် တန်ဖိုးရှိတဲ့ ပစ္စည်းကို၀ယ်ခဲ့တာ ဖြစ်ပါက မှတ်ပုံတင်စာချုပ်နဲ့ ၀ယ်မှသာ အရောင်းအ၀ယ်မြောက်ပါတယ်။ အရပ်စာချုပ်နဲ့ ၀ယ်တာ တရားမ၀င်ဘူး။
(ဂ) အပေးစာချုပ်နဲ့ မိမိပိုင်ဆိုင်ခဲ့တယ်ဆိုရင်၊ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းကို မှတ်ပုံတင်စာချုပ်နဲ့ပေးမှသာ၊ ပေးကမ်းခြင်း အထမြောက်ပါတယ်။ အရပ်စာချုပ်နဲ့ပေးခဲ့ရင် ပေးကမ်းခြင်း အထမမြောက်တဲ့အတွက် ပိုင်ရှင်ဖြစ်မလာနိုင်ဘူး။
(ဃ) မြေပုံ၊ မြေရာဇ၀င်မှာ နာမည်ပေါက်ရုံနဲ့ အမည်ပေါက်သူဟာ မြေပိုင်ရှင်ဖြစ်တယ်လို့ ယူဆခြင်းမပြုနိုင်ဘူး။ (ဦးအောင် သိန်းပါ-၂၊ ၁၉၇၁)
(င) တရားလိုဟာ လက်ရှိပိုင်ဆိုင်မှုကို အခြေပြုပြီး တရားစွဲဆိုနိုင်တယ်။ ကြာမြင့်စွာ လက်ရှိထားခြင်းဟာ ပိုင်ဆိုင်မှုကို သက်သေထူရန် လုံလောက်တယ်။ (မောင်ထွန်းနှင့် မောင်ခန့်အမှု)
(စ) အစိုးရမြေမှာ နေထိုင်ခွင့် လိုင်စင်သူ/ဂရန်ရသူဟာ မြေပေါ်ကျူးကျော်သူကို နှင်ထုတ်ခွင့်ရှိတယ်။
ကျူးကျော်သူတရားပြိုင် ။
(က) ကျူးကျော်၀င်ရောက်နေထိုင်သူကို ကျူးကျော်တဲ့နေ့မှ (၁၂)နှစ်အတွင်း နှင်ထုတ်လိုမှု စွဲဆိုရပါတယ်။
(ခ) ၁၂-နှစ်ကျော်ရင်၊ ကာလစည်းကမ်းသတ် ကျော်လွန်သွားလို့ နှင်ထုတ်ပိုင်ခွင့် အခွင့်အရေးဆုံးရှုံးပါတယ်။
(ဂ) ခွင့်ပြုချက်အရ မြေပေါ်နေသူက ကျူးကျော်သူမဟုတ်ဘူး။ ကာလစည်းကမ်းသတ် ကျော်လွန်ကြောင်း မထုချေနိုင်ဘူး။
(ဃ) ခွင့်ပြုချက်ကို ရုပ်သိမ်းပြီးနောက် ဆက်လက်ပြီး နေထိုင်ရင်တော့ ပိုင်ရှင်ကို ဆန့်ကျင်ရာ၊ ကျူးကျော်ရာ ရောက်တယ်။ (ဦးချစ်ထွန်း အမှု)
(င) ဦးမဲက အိမ်မြေတစ်ခုကို ဦးဖြူသို့ အရပ်စာချုပ်နဲ့ ရောင်းတယ်။ အိမ်မြေဖိုး ဦးဖြူက အပြေပေးချေပြီး အိမ်မြေကို လက်ရောက်ယူထားတယ်။ စာချုပ်ကို မှတ်ပုံမတင်ဘူး။
ဦးမဲက ထိုအိမ်မြေကို ဦးညိုသို့ မှတ်ပုံတင်စာချုပ်နဲ့ထပ်ပြီး ရောင်းချလိုက်တယ်။ ဦးညိုက မိမိသာလျှင် တရား၀င်၊ ၀ယ်သူ ဖြစ်လို့ ပိုင်ရှင်ဖြစ်ကြောင်း၊ ဦးဖြူကို နှင်ထုတ်လိုကြောင်း တရားစွဲဆိုတယ်။
ဦးညို စွဲဆိုတဲ့အမှုကို အရပ်စာချုပ်နဲ့ ၀ယ်သူဦးဖြူက ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေပုဒ်မ-၅၃(က)အရ အောင်မြင်စွာ ခုခံနိုင်တယ်။ ဦးညို အနိုင်မရနိုင်ပါ။
ကာလစည်းကမ်းသတ် ဥပဒေပြဌာန်းချက် ။
ကာလစည်းကမ်းသတ် အက်ဥပဒေ ပထမဇယား၊ အစဉ် (၁၄၂) (၁၄၄)အရ၊ တရားပြိုင်က အိမ်မြေ၊ အစိတ်အပိုင်းမှာ စတင်ကျူးကျော်တဲ့နေ့မှစပြီး (၁၂)နှစ်အတွင်း၊ တရားလိုက တရားစွဲဆိုရပါမယ်။ သတ်မှတ်ကာလအတွင်း တရားမစွဲဆိုရင်၊ တရားလိုရဲ့ နှင်ထုတ်လိုမှုဟာ မအောင်မြင်နိုင်ပါဘူး။ ကာလစည်းကမ်းသတ် ကျော်လွန်တယ်ဆိုပြီး အမှုကို ပလပ်ခံရပါမယ်။
တရားပြိုင်၏ဆန့်ကျင်ဘက် လက်ရှိထားကြောင်း ထုချေချက် ။
(က) ကျူးကျော်ကြောင်း၊ လက်ရောက်ရလိုကြောင်း စွဲဆိုတဲ့အမှုတွေမှာ တရားပြိုင်ကျူးကျော်နေထိုင်လာတာ၊ (၁၂)နှစ် ကျော် လွန်ကြောင်း တရားပြိုင်(ကျူးကျော်သူ) က သက်သေပြရန် တာ၀န်ရှိတယ်။ (ဦးအောင်သန်းပါ-၂ နှင့် ဒေါ်မမကြီး - ၁၉၆၄)
(ခ) လူတစ်ယောက်လက်ရှိဖြစ်တဲ့ အိမ်၊ မြေ၊ အစိတ်အပိုင်းကို အတင်း၀င်ရောက်ကျူးကျော်နေထိုင်ရင်ဖြစ်စေ၊ စွန့်ပစ်ထားတဲ့ မြေကို ၀င်ရောက်နေထိုင်ရင်ဖြစ်စေ၊ တရားလို ဖယ်ရှားခံရတဲ့နေ့ကစပြီး (၁၂)နှစ်အတွင်း တရားစွဲဆိုရပါမယ်။ ကျူးကျော်နေထိုင် တာ (၁၂)နှစ်ကျော်ရင် တရားလိုရဲ့ တရားစွဲဆိုခွင့် ဆုံးရှုံးပါတယ်။
(ဂ) မည်သူမည်ဝါပိုင်တယ် မသိဘဲ မြေကွက်လပ်တစ်ခုကို လက်ရှိနေခဲ့ဖူးသူရဲ့ ခွင့်ပြုချက်အရ ၀င်ရောက်နေထိုင်တဲ့သူဟာ ပိုင်ရှင်ကိုဆန့်ကျင်ပြီး ကျူးကျော်လက်ရှိနေထိုင်တယ်လို့ မဆိုနိုင်ဘူး။ (ဦးချစ်ထွန်းအမှု)
(ဃ) အမွေဆိုင်အိမ်မြေမှာ၊ အမွေဆိုင်တစ်ဦးက လက်ရှိနေထိုင်ခြင်းဟာ ကျန်အမွေဆိုင်များကို ဆန့်ကျင်ပြီး ကျူးကျော်နေ ထိုင်တာမဟုတ်ဘူး။ အမွေဆိုင်များကိုယ်စား နေထိုင်ခြင်းသာ ဖြစ်တယ်။ ကာလစည်းကမ်းသတ် မကျော်လွန်ဘူး။
(င) ကျူးကျော်သူကို နှင်ထုတ်ပိုင်ခွင့်ဟာ တရားပြိုင်ကျူးကျော်တဲ့နေ့ကစပြီး မြေပိုင်ရှင်၊ သို့မဟုတ် မြေလက်ရှိထားသူက ရရှိ တယ်။ ဒီကျူးကျော်တဲ့လူကို ဖယ်ရှားနှင်ထုတ်ပေးရန် တရားစွဲဆိုပိုင်ခွင့်ဟာ ထပ်တလဲလဲပေါ်ပေါက်တဲ့အခွင့်အရေး မဟုတ်ဘူး။ ကျူးကျော်တဲ့နေ့ကစပြီး ပေါ်ပေါက်တယ်။ ကာလစည်းကမ်းသတ်ကိုလည်း အဲဒီနေ့ကစပြီး (၁၂)နှစ် ရေတွက်ရတယ်။ နို့တစ်စာ ပေးတဲ့နေ့၊ ထိုနေ့နောက်ပိုင်း ကျူးကျော်နေသမျှ အဆတ်မပြတ် ပေါ်ပေါက်တယ်ဆိုတာ မဟုတ်ဘူး။ ကျူးကျော်တဲ့နေ့ကို သတိ ထားရမယ်။
(စ) မြေပိုင်ရှင်က မြေကွက်ကြီးထဲ ကျူးကျော်နေထိုင်တဲ့ အိမ်ထောင် (၁၈)စုကို (၁၉၆၂) ခုနှစ်က ရှေ့နေမှတစ်ဆင့် ဖယ်ရှား ပေးရန် နို့တစ်စာ ပေးခဲ့တယ်။ အမှုကို (၁၉၇၇) ခုနှစ်မှ တရားစွဲတယ်။ ကာလစည်းကမ်းသတ် (၁၂)နှစ်ကျော်မှ တရားစွဲဆိုလာ လို့ ပိုင်ရှင်အမှုရှုံးတယ်။
(ဆ) ကျူးကျော်ဆောက်လုပ်ထားတဲ့ အိမ်ကိုဖျက်သိမ်းပြီး နှင်ထုတ်လိုက်မှုကို ပိုင်ရှင်က (၁၉၈၇) ခုနှစ်မှာ စွဲဆိုတယ်။ ကျူး ကျော်နေထိုင်သူက မြေပေါ်မှာ သူ့အဆောက်အအုံကို (၁၉၆၂) က ဆောက်လုပ်ခဲ့ကြောင်း စည်ပင်သာယာအိမ်ခွန်ပြေစာများ တင်ပြထားတယ်။ ဒါကြောင့် ကျူးကျော်သူဟာ (၁၉၆၂) ခုနှစ်ကပင် အချင်းဖြစ်မြေမှာ သူ့ရဲ့အဆောက်အအုံ ဆောက်လုပ်ထား ကြောင်း ထင်ရှားတဲ့အတွက် ကာလစည်းကမ်းသတ် (၁၂)နှစ်ကျော်လို့ မြေပိုင်ရှင်ရဲ့ အမှုရှုံးသွားတယ်။
သူခိုးပေါ် သူဝှက်လုခြင်း ။
လူတစ်ယောက်က အစိုးရပိုင်မြေလွတ်မြေရိုင်းပေါ်မှာ၊ မည်သူမျှ နေထိုင်ခြင်းမရှိလို့ ၀င်ရောက်ပြီး အိမ်ဆောက်လုပ်နေ ထိုင်လာတယ်။ အခြားလူတစ်ယောက်က ဘာအခွင့်အရေးမှမရှိဘဲ မြေပေါ်ကို ဇွတ်၀င်လာပြီး တဲဆောက်နေတယ်။ ပထမကျူး ကျော်သူက ဒုတိယကျူးကျော်သူကို ဘယ်လိုအရေးယူမလဲ။ တုတ်တစ်ပျက်၊ ဓားတစ်ပျက် ပြိုင်ဆိုင်ကြမလား။
စီရင်ထုံးအရ - မူလလက်ရှိဖြစ်သူ/ပထမ ကျူးကျော်သူဟာ၊ ဒုတိယကျူးကျော်သူကို မြေကို လက်ရောက်ပြန်လည်ရယူ လိုမှု တရားစွဲဆို နှင်ထုတ်ခွင့်ရှိတယ်လို့ ဆုံးဖြတ်ထားတာ တွေ့ရပါတယ်။
ကနေ့ မြို့ပြတွေမှာ မြို့သစ်မြေကွက်တွေ ဖော်ထုတ်တယ်။ လူကြီးတွေကို နေရာအကျယ်ကြီးတွေ ချပေးထားတယ်။ အိမ် လည်း မဆောက်ဘူး။ အစောင့်လည်း မရှိဘူး။ အခုတော့ ကျူးတွေ (ကျူးကျော်သူတွေ) ရပ်ကွက်ကြီးတစ်ခုလောက် ရှိလာကြ ပြီ။ အခြေအနေ၊ အချိန်အခါ၊ အခွင့်အလမ်းအရ နှစ်ဦးနှစ်ဖက်မှာ အခွင့်အရေးတွေ ရှိလာနေပါတယ်။ သတိထားနိုင်အောင်လို့။
UTK (မဟာဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ)
Crd ပေးပါတယ်ခင်ဗျား
 

Related Posts

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate