မြေအပြီးဝယ်သူနှင့် အရပ်စာချုပ်အကြောင်း သိကောင်းစရာ

မြေအပြီးဝယ်သူနှင့် အရပ်စာချုပ်အကြောင်း သိကောင်းစရာ

မြေအပြီးဝယ်သူနှင့် အရပ်စာချုပ်အကြောင်း သိကောင်းစရာ
ရည်ညွှန်း -
ဦးကျော်ဇေယျ
(အရှေ့ကနေသည်၊
ဥပဒေဆိုင်ရာများနှင့်
အကြံပြုဆွေးနွေးချက်များ)
တစ်ဦး ။ ။
ကျွန်တော်နေတာ ရန်ကုန် တိုးချဲ့မြို့သစ်တစ်ခုကပါ။ အဲဒီမှာ ကျွန်တော် အိမ်ခြံမြေ တစ်ကွက် ဝယ်ပါတယ်။ ဝယ်ဖြစ်တာကလည်း အဲဒီမြို့သစ်မှာရှိတဲ့ အိမ်ခြံမြေ အကျိုးဆောင် တစ်ခုကတစ်ဆင့် ဝယ်ခြင်း ဖြစ်ပါတယ်။ 
အစစအရာရာ အိမ်ခြံမြေ အကျိုးဆောင်ပုဂ္ဂိုလ်ကဘဲ တရားဝင်အောင် ပြုလုပ်ပေးခဲ့ပါတယ်။ အဲဒီလိုဝယ်ပြီး နေထိုင်လာတာ နှစ်အတော်ကြာပါပြီ။ စိတ်အထင် လေးငါးခြောက်နှစ်လောက်တောင် ရှိပါတော့မယ်။ 
ဒီလိုနေလာရင်း ကျွန်တော့်အိမ်ခြံမြေကို ဈေးကောင်းရလာတဲ့အတွက် ရောင်းဖို့ စီစဉ်ပါတယ်။ ဒီတစ်ခါတော့ အိမ်ခြံမြေ အကျိုးဆောင်ကို အားမကိုးတော့ဘဲ ကိုယ့်ဟာကိုယ် ရောင်းပါတယ်။ 
ဝယ်သူက ဈေးလည်းကြိုက်တယ်။ မြေအနေအထားကိုလည်း ကြိုက်ပါတယ်။ ဒါပေမယ့် အရောင်းအဝယ်လုပ်ဖို့ ကျွန်တော်ပိုင်တဲ့ စာရွက်စာတမ်းတွေကို လည်းပြရော ဝယ်သူက ကျွန်တော်ဟာ မြေကို တရားဝင် ဝယ်ယူထားသူ မဟုတ်တဲ့အကြောင်း ပြောလာတဲ့အတွက် အရောင်းအဝယ် ပျက်သွားပါတော့တယ်။ အဲဒါ သူပြောတဲ့အတိုင်း ဟုတ်၊ မဟုတ် စိစစ်ပေးစေချင်ပါတယ်။ 
စာရွက်စာတမ်းတွေကိုလည်း 
တပါတည်း ယူလာခဲ့ပါတယ်။
ကျွန်ုပ် ။ ။
ခင်ဗျားယူလာတဲ့ စာရွက်စာတမ်းတွေအရ ဆိုရင်တော့ ခင်ဗျားဝယ်တုန်းက ချုပ်ခဲ့တဲ့ စာချုပ်ဟာ ဥပဒေနဲ့ မညီဘူးလို့ ဆိုရလိမ့်မယ်။ 
ဒါကြောင့် တရားဝင်ပိုင်သူလို့လည်း ပြောလို့မရဘူးပေါ့။
တစ်ဦး ။ ။
ကျွန်တော်ဝယ်ထားတဲ့ စာချုပ်အပြင် ကိုယ်စားလှယ်လွှဲစာလည်း 
ပါပါတယ်။ ဒါတွေဟာ 
တရားမဝင်ဘူး ဆိုတဲ့ 
သဘောပါလား။
ကျွန်ုပ် ။ ။
အင်း ... ဒီကိစ္စကို ရှင်းရရင် 
မြို့သစ်တွေမှာရှိတဲ့ အိမ်ခြံမြေအကျိုးဆောင် အချို့ရဲ့ ဥပဒေသဘော နားမလည်ရာက ပေါ်ပေါက်လာတဲ့ အကျိုးဆက်လို့ 
ဆိုရလိမ့်မယ်။
သက်ဆိုင်ရာက မြို့သစ်တွေ တိုးချဲ့ပြီး မြေပါမစ်တွေ ချထားပေးလာတယ်။ မြေကွက်ပါမစ်ရတဲ့ သူတွေထဲက အချို့ဟာ အဲဒီပါမစ်မြေကို ရောင်းစားကြတယ်။ ပါမစ်မြေကို ရောင်းဝယ်တော့လည်း အရပ်စာချုပ်ချုပ်ဆိုပြီး ပါမစ်ရထားတဲ့သူက ဝယ်သူကို အထွေထွေ ကိုယ်စားလှယ်လွှဲစာ 
လုပ်ပေးထားလိုက်တယ်။ 
ဒီလုပ်ငန်းတွေကို မြို့သစ်မှာရှိတဲ့ အိမ်ခြံမြေအကျိုးဆောင်တွေ ဆောင်ရွက်ပေးနေကြဖြစ်တယ်။ 
နောက်ပိုင်း ပါမစ်မြေတွေကို ဂရန်အဖြစ် သက်ဆိုင်ရာက 
ပြောင်းလဲတိုးမြှင့်ပေးတယ်။ 
ဒီဂရန်မြေကို ရောင်းဝယ်တဲ့အခါမှာ စောစောက အိမ်ခြံမြေအကျိုးဆောင် အချို့ဟာ ပါမစ်မြေ ရောင်းဝယ်ပုံနည်းအတိုင်း 
အရပ်စာချုပ်ချုပ်၊ ရောင်းသူက 
ဝယ်သူကို ကိုယ်စားလှယ်ပေးဆိုတဲ့ လုပ်နည်းဟောင်းအတိုင်း လုပ်ဆောင်ပေးခဲ့ကြတယ်။
ဝယ်တဲ့သူတွေကိုလည်း အိမ်ခြံမြေအကျိုးဆောင်က ကမကထပြု 
ဝင်ရောက်လုပ်ကိုင် ဆောင်ရွက်ပေးတယ်ဆိုတော့ ဥပဒေအရ ခိုင်မာတယ်။ တရားဝင်တယ်လို့ပဲ 
ထင်ခဲ့ကြ၊ မှတ်ယူခဲ့ကြတာပေါ့ကွယ်။
တစ်ဦး ။ ။
မခိုင်မာဘူး၊ တရားမဝင်ဘူးဆိုတဲ့ သဘောပါလား ခင်ဗျား။
ကျွန်ုပ် ။ ။
မြေဆိုတာ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်တယ်။ တန်ဖိုး (၁ဝဝ နှင့်အထက်) ဖြစ်တဲ့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းကို လွှဲပြောင်းရောင်းချမယ်ဆိုရင် ဥပဒေအရ တရားဝင် မှတ်ပုံတင်ရတယ်။ အခြားမြို့တွေမှာဆိုရင် သက်ဆိုင်ရာ မြေစာရင်းရုံးတွေမှာ မှတ်ပုံတင်ရတယ်။ 
တစ်ဦး ။ ။
မှတ်ပုံတင်တယ်ဆိုတာ ဘယ်မှာ မှတ်ပုံတင်ရပါသလဲ။
ကျွန်ုပ် ။ ။ 
ရန်ကုန်မြို့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ အရောင်းအဝယ်စာချုပ်ကို မှတ်ပုံတင်ရတယ်။ အဲဒါမှ တရားဝင်တယ်။ မှတ်ပုံမတင်ဘဲ လွှဲပြောင်းခြင်းဟာ တရားမဝင်ပါ။
ဒီလို လွှဲပြောင်းနိုင်ဖို့၊ မှတ်ပုံတင်နိုင်ဖို့ မူလဂရန်အမည်ပေါက်သူက သက်ဆိုင်ရာ မြို့တော်မြေယာဌာနမှာ အရောင်းအဝယ်လုပ်ဖို့ မြေပုံနဲ့ မြေရာဇဝင်ကို ကူးရတယ်။ အဲဒီမြေပုံ မြေရာဇဝင်ရယ်၊ ဂရန်ရယ်ပါမှ မှတ်ပုံတင်နိုင်တယ်။ ပြီးတော့ အရောင်းအဝယ်စာချုပ်မှာ ကျသင့်တဲ့ အခွန်တော် တံဆိပ်ခေါင်း ထမ်းဆောင်ရတယ်။ ဒါမှ ဝယ်သူအနေနဲ့ မှတ်ပုံတင်ရုံးနဲ့ မြို့ပြမြေယာစာရင်းတွေမှာ မိမိအမည် ပေါက်မှာပေါ့။
အိမ်ပျက်လို့ ပြင်ချင်လို့ပဲဖြစ်ဖြစ်၊ အိမ်သစ်ဆောက်ချင်လို့ပဲဖြစ်ဖြစ် သက်ဆိုင်ရာကို ခွင့်ပြုချက် လျှောက်ထားတဲ့အခါမှာ အရပ်စာချုပ်ဟာ တရားဝင်မဟုတ်လို့ ခွင့်ပြုချက်လည်း ရနိုင်မှာ မဟုတ်ဘူး။ ဆိုင်သာဆိုင် မပိုင်တဲ့အဖြစ်မျိုးပဲ။
တစ်ဦး ။ ။
ဒီလိုဆို အရပ်စာချုပ်နဲ့ ဝယ်ထားတဲ့သူတွေ ဘယ်လိုလုပ်သင့်တယ်ဆိုတာ အကြံပေးစေချင်ပါတယ်။
ကျွန်ုပ် ။ ။
မူလအမည်ပေါက်တဲ့သူထံက တိုက်ရိုက်ဝယ်တာဆိုရင်တော့ မူလအမည်ပေါက်သူကို မှတ်ပုံတင် စာချုပ်ကြီး ပြန်ချုပ်ပေးဖို့ 
တောင်းဆိုကြည့်ပေါ့ကွယ်။
အဲ ... အဆင့်ဆင့် လက်ပြောင်းပြီး အရပ်စာချုပ်နဲ့ ဝယ်ခဲ့တဲ့သူ 
ဆိုရင်တော့ ခက်ခဲလိမ့်မယ်။ 
တစ်ဦး ။ ။
ကိုယ်စားလှယ်လွှဲစာကကော တရားမဝင်ဘူးလို့ ဆိုချင်ပါသလား ခင်ဗျား။
ကျွန်ုပ် ။ ။
ဂရန်မြေအတွက် ကိုယ်စားလှယ်စာ ပေးမယ်ဆိုရင်လည်း အဲဒီကိုယ်စားလှယ်စာကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်မှ ကိုယ်စားလှယ်စာဟာ တရားဝင်တယ်။ ရိုးရိုးလုပ်ထားတဲ့ ကိုယ်စားလှယ်စာဟာ တရားမဝင်ပါဘူးကွယ်။ ပြီးတော့ ကိုယ်စားလှယ်စာဆိုတာ လွှဲသူအသက်ရှိတုန်းသာ အသုံးတည့်တာပါ။ လွှဲသူ အသက်မရှိတော့တဲ့အခါမှာ ဘာမှ အသုံးဝင်တော့တာမှ မဟုတ်ဘဲ။
အဲဒါကြောင့် နောင်ကို မြေဝယ်မယ်ဆိုရင် ဒီအချက်ကို အထူးသတိပြုကြဖို့ တိုက်တွန်းချင်တယ်။ မှတ်ပုံမတင်ဘဲ မြေအပြီးဝယ်ထားသူတွေ ဥပဒေကို အမှန်တကယ် တတ်သိသူတွေနဲ့ တိုင်ပင်ပြီး မိမိအခွင့်အရေး မဆုံးရုံးရအောင် ပြန်ပြီးအဖတ်ဆယ် လုပ်ဆောင်ကြဖို့ တိုက်တွန်းချင်တယ်။

Credit - ဥပဒေရေးရာ

Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း

ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...

စာချုပ်ရေးပုံရေးနည်း

စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို  မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ

စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

Contact Us

Get latest properties in email!