အကွက်ရိုက်ရောင်းတဲ့ မြေကွက်လေးတွေ တန်တယ် ဆိုပြီး ဝယ်ထားလိုက်တာ...ဘာဖြစ်နိုင်လဲ ?

အကွက်ရိုက်ရောင်းတဲ့ မြေကွက်လေးတွေ
တန်တယ် ဆိုပြီး ဝယ်ထားလိုက်တာ...ဘာဖြစ်နိုင်လဲ ?
မဖြစ်မချင်းတော့ ဘာမှ မဖြစ်ဘူး...
ဖြစ်လာရင်လည်း ဘာမှ ပြန်မရဘူး...
တရားမဝင် မြေကွက်ရိုက်ရောင်းတဲ့ လုပ်ငန်းဟာ
ဥပဒေနဲ့ မလွတ်ဘူးဆိုပေမယ့်
အမြတ် အရမ်းကျန်ပါတယ်။
ကိုယ်ရောင်းလိုက်တဲ့ မြေကွက်ဟာ
ဈေးသက်သာလွန်းရင်လည်း
ဝယ်သူ မယုံကြည်မှာ စိုးတာကြောင့်
ဝယ်သူယုံကြည်လောက်တဲ့ ဈေးအထိ
ဈေးတင်ပြီး ရောင်းကြပါတယ်။
အဲ့ဒါကလည်း တရားမဝင်အကွက်
ရိုက်ရောင်းတဲ့ ဈေးကွက်အတွက်
အမြတ်အစွန်းများစွာကို ရစေပါတယ်။
တစ်ကယ်တော့ တစ်ဧက သိန်း ခုနှစ်ဆယ် ရှစ်ဆယ် တစ်ရာ လောက်နဲ့ ပေးဝယ်ရတဲ့မြေဟာ
အိမ်ဝိုင်းကွက်ရိုက်ပြီး ပြန်ရောင်းရင်
မြေအနေအထားနဲ့ လမ်းအနေအထားပေါ် မူတည်ပြီး
၁၄ ဝိုင်းကနေ ၁၆ ဝိုင်းအထိ ရတာဆိုတော့
တွက်လိုက်ရင် အိမ်ဝိုင်းတစ်ဝိုင်းစာအတွက်
မြေတန်ဖိုးဟာ ခြောက်သိန်းခွဲ ခုနှစ်သိန်းလောက်ပဲ ရှိတာပါ။ အဲ့ဒါကို တစ်ဝိုင်း ဆယ်သိန်းလောက်နဲ့
ပြန်ရောင်းတယ်ဆိုရင် ဝယ်သူတွေအတွက်
"ဈေးချိုလွန်းတယ် ဟုတ်မှ ဟုတ်ပမလား" ဆိုပြီးတော့ သံသယဝင်စရာ ဖြစ်လာပါမယ်။
မယုံကြည်တော့ပါဘူး။
အဲ့ဒီတော့ ဝယ်တဲ့သူတွေ ယုံကြည်အောင်
သိန်း နှစ်ဆယ် အစိတ် သုံးဆယ် လေးဆယ် စသဖြင့် ဈေးတင်ရောင်းကြတာပါ။
အဲ့ဒီလို ရောင်းတဲ့အတွက်
အမြတ်လည်း အရမ်းရပါတယ်။
အဲ့လိုအမြတ်များတော့ တစ်ချို့ စီးပွားရေးသမားတွေက ကိုယ်တိုင် မလုပ်တော့ပါဘူး။
ဥပဒေနဲ့မလွတ်လို့ ပြဿနာအရှုပ်အရှင်းဖြစ်ရင်
ရှောင်ထွက်လို့ ရအောင်လို့ပါ။
အဲ့ဒီတော့ ပွဲစားတွေကို ပါးပါးနပ်နပ်
အသုံးချလာ ကြပါတယ်။
ဘယ်လို အသုံးချသလဲဆိုရင်
အဲ့ဒါမျိုးလုပ်ဖို့ လူလေးငါးယောက်လောက်
စုပြီး အဖွဲ့ဖွဲ့ လိုက် ပါတယ်။ ခေါင်းဆောင် မပါပါဘူး ။ မြေကို စုဝယ်လိုက်ပါတယ်။
အမည်ပေါက် မပြောင်းပါဘူး။
ပြဿနာဖြစ်ရင် ရှောင်ထွက်လို့ ရအောင်လို့ပါ။
အခြားနည်း အသုံးပြုခွင့် လျှောက်ပြပါတယ်။
ခွင့်ပြုမိန့် ကျစရာမလိုပါဘူး။
သက်ဆိုင်ရာလူတွေ သိရင်ရပါပြီ။
ဒါမှ မကျေနပ်တဲ့သူတွေက တိုင်ရင်
အခြားနည်း အသုံးပြုခွင့် လျှောက်ထားတာလို့
ဆင်ခြေပေးလို့ ရအောင်လို့ပါ။
ရောင်းတော့လည်း ပြောအားရှိပါတယ်။
ခွင့်ပြုမိန့်သာ မပါတာ။
အခြားနည်း အသုံးပြုခွင့်
လျှောက်ထားပါတယ် ဆိုပြီးတော့လေ။
မြေယာပုံစံ-၁၀၅ က မြေပိုင်ဆိုင်ခွင့်မှ မဟုတ်တာ။
အဲ့ဒီလို လုပ်ပြီးပြီဆိုရင်
မြေထိုးတဲ့ စက်သမားကိုခေါ်
တစ်ဧက တစ်သိန်းနှုန်း ပေးမယ်။
ပွဲစားလုပ်တဲ့သူတွေကိုလည်း ခင်ဗျား ရောင်းပေးမလား တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းပေးမယ်။
လူရှာပေးတဲ့သူတွေကိုလည်း ခင်ဗျား လူရှာပေးမလား တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းပေးမယ် ... စသဖြင့် လူရှာပြီးရောင်းပါတယ်။
အဲ့ဒါကြောင့် အဲ့လိုအကွက်ရိုက်ရောင်းတဲ့ နေရာသွားလိုက်တာနဲ့ ဘယ်ကနေထွက်လာမှန်း မသိတဲ့သူတွေ... online ကနေ လူရှာပေးတဲ့သူတွေ ပွစိတက်လာတာပါ။ အဲ့လိုလူတွေကလည်း သူတို့နဲ့ရင်းနှီးတဲ့သူတွေ
ခင်မင်တဲ့သူတွေကို စပ်ပေးပြီး
"မြေကွက်တွေဘယ်နားမှာ ရှိတယ် ငါကဘယ်အကွက်ယူထားတာ နင်လည်းယူအုံးမလား တန်တယ်နော်။ နောက်ဆို အဲ့ဈေးနဲ့ရမှာ မဟုတ်ဘူး" စတဲ့စကားတွေနဲ့ သူ့လူတွေကို ဝယ်ချင်လာအောင် စည်းရုံးပါတော့တယ်။ တစ်ဝိုင်းရောင်းထွက်ရင် တစ်သိန်းရတာဆိုတော့ မနည်းဘူးလေ ။ အဲ့ဒီလို စည်းရုံးလို့ ရပြီဆိုတာနဲ့
ပိုင်ရှင်အမည်ခံပြီး ရောင်းပေးမယ့်သူဆီကို
ပိုင်ရှင်ဆိုပြီး ခေါ်သွားတော့တာပါပဲ။
ဟိုကလည်း ပိုက်ဆံရတော့ ပိုင်ရှင်ယောင်ဆောင်ပြီး စာချုပ်ချုပ်ပေးလိုက်ရော။
တစ်ချို့ပွဲစားတွေဆို စာချုပ်မှာ
ပိုင်ရှင်ကိုယ်စားဆိုပြီး လက်မှတ်ထိုး ရောင်းပေးလိုက် တာတွေလည်းရှိပါသေးတယ်။
လတ်တလော ပိုက်ဆံရလို့ လုပ်ပေးလိုက်တာပါ။
တစ်ချို့က မှတ်ပုံတင်၊ အိမ်ထောင်စုဇယားမိတ္တူတွေနဲ့ လုပ်ပေးတာတွေလည်း ရှိပါသေးတယ်။
နာရီပိုင်းအတွင်း ပိုက်ဆံ သိန်းနဲ့ချီရတာကိုး...
တစ်ချို့ကြတော့လည်း ပွဲစားတွေကို ခင်ဗျားက ဒီအကွက်တွေ ရောင်းပေး။
ခင်ဗျားက သင့်သလိုဈေးခေါ်
သိန်း အစိတ်ဝန်းကျင်နဲ့ ဈေးညှိရောင်း
ဈေးအရမ်းမတင်နဲ့ ရေရှည်လုပ်လို့ ရအောင်လို့။
ကျုပ်တို့အဖွဲ့ကို တစ်ဝိုင်းရောင်းထွက်ရင် ၂၃ သိန်းသွင်း ဆိုပြီး အဲ့ဒီလို လုပ်ရောင်းတာတွေ လည်းရှိပါတယ်။ ပြဿနာအရှုပ်အရှင်း ဖြစ်လာရင် အကွက်ရိုက်သူက လွတ်အောင်လုပ်တဲ့သဘောမျိုးပါ။
ပြီးမှ ပိုက်ဆံခွဲယူ ကြတာပါ။
ဝယ်သူတွေက အဲ့ဒါတွေကို မသိကြပါဘူး။
သိန်းနှစ်ဆယ် အစိတ်လောက်နဲ့
မြေကွက်အပိုင်ရမှာ ဆိုတာရယ်…ေမြေယာဥပဒေတွေကို မသိနားမလည်တဲ့
အတွက်ကြောင့်ရယ် ရှိစုမဲ့စုနဲ့ ဝယ်ကြပါတယ်။
ဝယ်သူအများစုက သူတို့ဝယ်တဲ့ မြေနဲ့ပတ်သက်ပြီး မူရင်းအမည်ပေါက်က ဘယ်သူလဲ။
ရောင်းတဲ့သူက ဘယ်သူလဲ။
ဒီပစ္စည်းက ရောင်းသူလက်ထဲ
ဘယ်လိုနည်းနဲ့ ရောက်ရှိ ပိုင်ဆိုင်လာတာလဲ။
သူ့ပိုင်ဆိုင်မှုက တရားဝင်ပိုင်ဆိုင်မှုလား။
မြေရောင်းတဲ့ တောင်သူနဲ့ အရောင်းအဝယ် သဘောအရ အရပ်စာချုပ်ချုပ်ထားလို့ ပိုင်ဆိုင်မှု ရနေတာလားဆိုတာ နားလည်တာ မဟုတ်ပါဘူး။
အဲ့ဒါကြောင့် ဂျင်းထည့်ရောင်းကြတာပါ။
*** တတ်သိနားလည်တဲ့သူနဲ့ သွားဝယ်ရင်
အရောင်းအဝယ် ပျက်တာများပါတယ်။ ***
မဟုတ်တာ လုပ်ရောင်းတာဆိုတော့
နားလည်တဲ့သူကြ လိမ်ရောင်းလို့ မရလို့ပါ။
နားမလည်တဲ့သူတွေကတော့
မျက်ကန်းတစ္ဆေ မကြောက်မို့ ဝယ်ပါတယ်။
တစ်ချို့ အကွက်ရိုက်ရောင်းတဲ့သူတွေဆို
တောင်သူတွေဆီက ဝယ်တုန်းက
စာချုပ်ထဲမှာက ဈေးတစ်မျိုး။
အကွက်ရိုက်ပြီး ပြန်ရောင်းတဲ့စာချုပ်ထဲ
မိတ္တူဆွဲထည့်ပေးဖို့ လုပ်ထားတဲ့
စာချုပ်အတုက ဈေးတစ်မျိုး။
အဲ့ဒီလို ဂျင်းထည့်တာတွေလည်း ရှိပါသေးတယ်။
ဒီမြေယာဟာ ဘယ်လောက်ပဲ တန်တယ်ဆိုတာ
ဝယ်သူအများစုက မသိကြပါဘူး။
အဲ့ဒီတော့ လိမ်ရောင်းလို့ ရပါတယ်။
ပြီးတော့တရားမဝင် အကွက်ရိုက်ပြီး
ပြန်ရောင်းတဲ့သူတွေက စာချုပ်ထဲမှာ
ဘယ်လိုပဲ တာဝန်ယူပေးတယ်ပြောပြော
တစ်ကယ်ပြဿနာ ဖြစ်လာရင်
စာချုပ်မှာ အမည်ခံပြီး ရောင်းတဲ့သူရယ်
သက်သေအနေနဲ့ လက်မှတ်ထိုးတဲ့သူရယ်
ဝယ်သူရယ် အမည်ပေါက်ပိုင်ရှင်ရယ်ပဲ ရှင်းရတာပါ။
မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းဆိုတာ
အရောင်းအဝယ်လုပ်ရင်
ကျသင့်တဲ့ ဝင်ငွေခွန်၊ တံဆိပ်ခေါင်းခွန်တွေ
ထမ်းဆောင်ပြီး
သက်ဆိုင်ရာ မြေစာရင်းဦးစီးဌာနမှာ
မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ချုပ်ရပါတယ်။
အရပ်စာချုပ်နဲ့ ပြီးစလွယ် အရောင်းအဝယ်လုပ်တာတွေဟာ တရားရုံးမှာ သက်သေခံ မဝင်တော့
မြေကို အဖွဲ့ဖွဲ့ပြီး ဝယ်တာက
သူတို့အတွက် ဂျင်းထည့်ဖို့ ဂွင်ဖြစ်နေပါတယ်။
ပြဿနာဖြစ်လာရင် သူတို့ကို ဆွဲထည့်လို့
မရတော့ဘူးလေ။
သူတို့ကို ဆွဲထည့်ရင်တောင် ငြင်းမယ် ရှောင်မယ်
ဝေ့လည်ကြောင်ပတ် လုပ်မယ်။
ဥပဒေကို လက်တလုံးခြားပြီး လွတ်အောင် လုပ်မယ်။ ဘယ်လောက် ကောင်းလဲ။
စာချုပ်ထဲမှာ
အမည်ပါတဲ့သူတွေ
လက်မှတ်ထိုးတဲ့သူတွေ
လက်ဗွေနှိပ်တဲ့သူတွေ ရှင်းကြပေါ့။
အဲ့ဒီလို လုပ်ကြတာပါ။
အမြတ်ကြတော့လည်း တွက်ကြည်ဦး။
တစ်ဝိုင်းကို သိန်းအစိတ်နဲ့ ရောင်းရင်တောင်မှ
ရောင်းပေးတဲ့သူ တစ်သိန်း
လူရှာပေးတဲ့သူ တစ်သိန်း
လက်မှတ်ထိုး သက်သေလုပ်ပေးတဲ့သူ တစ်သောင်းစီ သက်ဆိုင်ရာ ဘာညာသာရကာက ၅ သောင်း
မြေကွက်အတွက် အရင်းက ခုနှစ်သိန်း
စုစုပေါင်း ၁၀ သိန်း နှုတ်လိုက်ရင်
မြေကွက်တစ်ကွက်ကို ၁၅ သိန်း အသားတင် အမြတ်ကျန်ပါတယ်။
ပေ ၂၀ လမ်းနဲ့ ၁၆ ဝိုင်း ရိုက်ထားတဲ့ တစ်ဧကဆို တွက်ကြည့်လိုက်ပါ။
သိန်း ၂၅၀ အသာလေး မြတ်သွားတာပါ။
ငါးယောက်လောက် စုပြီး
တစ်ယောက် နှစ်ဧက လောက်ပဲ လုပ်ဦး။
အနည်းဆုံး တစ်ယောက် သိန်း ၅၀၀ လောက်
မြတ်သွားပါတယ်။
ဒါတောင် တစ်ဝိုင်း သိန်း အစိတ်နဲ့ပဲ ဥပမာထားပြီး
တွက်ပြသေးတာပါ။
တစ်ဝိုင်း သိန်း သုံးဆယ် လေးဆယ်ဆို
ဘယ်လောက် မြတ်မလဲ
စဉ်းစားကြည့်လို့ ရပါတယ်။
အဲ့ဒါကြောင့် အခုချိန်မှာ တရားမဝင်
အိမ်ဝိုင်းကွက်တွေကို ပိုင်ရှင်အမည်ခံရောင်းသူတွေ ပွဲစားတွေနဲ့ ဂျင်းထည့်ရောင်းကြတာပါ။
တစ်ချို့ဆို နိုင်ငံတော်ကပဲ တရားဝင်ခွင့်ပြုထားလို့
မီးရတော့မှာလိုလို ဓာတ်တိုင်တွေ ဟန်ပြစိုက်
ကြိုးတွေသွယ်ပြီး ဂျင်းထည့်တာတွေ လည်းရှိပါတယ်။ မီတာသွားလျှောက်မှ ဓာတ်တိုင်တွေက
ဂျင်းထည့်ထားမှန်း သိရတာတွေလည်း ရှိပါတယ်။
တရားမဝင် အကွက်ရိုက်ရောင်းသူတွေက
သူတို့ အဲ့ဒီလို ဂျင်းထည့်ထားတာတွေ ပေါ်မှာစိုးလို့
သူတို့ဆီက ရောင်းတဲ့မြေကွက်တွေကို ဝယ်ရင်
မြေစာရင်းရုံးမှာ မှတ်ပုံတင်စာချုပ် ချုပ်ရင်
မချုပ်စေချင်ပါဘူး။
ချုပ်ရင်လည်း သိန်းနှစ်ဆယ် အစိတ်နဲ့
ဘယ်လိုမှ မလောက်ပါဘူး။
မြေစာရင်းရုံးမှာ စာချုပ်ချုပ် မှတ်ပုံတင်ရင်
ကိုယ့်ဟာကိုယ် ကုန်ကျစားရိတ် ခံရမယ်
အခွန်တွေ ဆောင်ရမယ်။
ရပ်ကွက်ရုံးမှာ စာချုပ်ချုပ်လဲ တရားဝင်တာပဲ...
စသဖြင့် မဟုတ်မမှန်တဲ့ စကားတွေနဲ့
ဝယ်သူကပဲ အပိုအလုပ်တွေ လုပ်သလို
ဂျင်းထည့်တာပါ။
တစ်ချို့ ဝယ်သူတွေကြတော့လည်း
ဘာမှ နားမလည်ကြပါဘူး။
သူတို့လုပ်ပေးတာတွေကို
အမှန်ထင်နေကြတဲ့ သူတွေလည်း ရှိပါတယ်။
အမှန်တစ်ကယ် ဥပဒေအရ တစ်သိန်းနှင့်အထက်
တန်ဖိုးရှိတဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းမှန်သမျှ
ဝယ်ရင် သက်ဆိုင်ရာ မြေစာရင်းရုံးမှာ
စာချုပ်ချုပ်ပြီး မှတ်ပုံတင်မှ တရားဝင်တာပါ။
အဲ့ဒါမှ နောင်တစ်ချိန် ပြဿနာဖြစ်လာရင်လည်း စာချုပ်ကို မှတ်ပုံတင်ထားတာဆိုတော့
ရှင်းလို့လွယ်တာပါ။
တရားမဝင်အိမ်ဝိုင်းကွက် ရိုက်ရောင်းတဲ့လူတွေက
သူတို့ရောင်းတဲ့ မြေကွက်တွေကို
တရားဝင် မှတ်ပုံတင်စာချုပ် ချုပ်ဝယ်ရင်
သူတို့ လိမ်ထားတာတွေ ဂျင်းထည့်ထားတာတွေ
ပေါ်မှာကြောက်လို့ အဲ့လိုအလုပ်မခံကြပါဘူး။
မသိနားမလည်တဲ့သူတွေကို မိတ္တူကူးထားတဲ့
စာရွက်တွေသာပါတဲ့ အရပ်စာချုပ်တွေနဲ့ ဂျင်းထည့် လိမ်ရောင်းကြတာပါ။
ပွဲစားတွေ ပိုင်ရှင်အမည်ခံရောင်းပေးတဲ့သူတွေက
ဘာမှမဟုတ်တဲ့ ငွေလေးနဲ့ ပြဿနာဖြစ်လာရင်
ခေါင်းခံဖြေရှင်းရမှာကိုလည်း
သူတို့ကိုယ်တိုင် မသိကြပါဘူး။
တရားမဝင် အိမ် ခြံ မြေ ကဏ္ဍမှာ
နားမလည်တဲ့သူတွေကို
အဲ့ဒီလိုအသုံးချ ဖားရိုက်နေကြလို့
မသိသေးတဲ့သူတွေ မခံရအောင်လို့
တင်ပေးလိုက်တာပါ။
မဟုတ်ဘူးဆိုပြီးတော့ ဖင်ပိတ်ပြီး လာမငြင်းကြပါနဲ့...
ကိုယ်တိုင်ခံရမှ
အစိုးရ မတရားဘူး တို့...
တရားမျှတမှု မရှိဘူး တို့...
ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ဝယ်ထားတာတို့...
မျိုးစုံအော်ကြ ဆန္ဒပြကြ...
အဲ့တာတွေမြင်ရင်
သနားရုံအပြင် ဘာမှ မလုပ်ပေးနိုင်ဘူး...
မူရင်းရေးသားသူ
မည်သူဆိုတာမတွေ့ရှိရပါ Crd ပဲတွေ့ရသဖြင့်
ကိုဇေယျာလင်းအကောင့်မှ တင်ပြချက်ကို
ပြန်လည်ကူးယူ ဖော်ပြခြင်းသာ ဖြစ်ပါသည်။
credit #ဥပဒေရေးရာ
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...