ပြန်လည်ပေါင်းသင်းလိုမှု
13-Aug-21

မိမိထံမှ အကြောင်းမဲ့ထွက်ခွာသွားသော မယား သို့မဟုတ် လင်ယောက်ျားအား ပြန်လည်ပေါင်းသင်းလိုမှုဖြင့် တရားစွဲဆိုနိုင်သည်။ တရားစွဲဆိုသူ (တရားလို) သည် မိမိတွင် အပြစ်ကင်းကြောင်း ထွက်ခွာသွားသူသာ အပြစ် ရှိကြောင်း သက်သေထင်ရှားပြနိုင်ရပါမည်။
လင်သည်မယားအား နှိပ်စက်ညဉ်းပန်းပြီး တစ်နှစ်နှင့် ၇ လ မျှစွန့်ပစ်ထားသည်။ ထို့နောက် လင်က မယား အပေါ် ပြန်လည်ပေါင်းသင်းလိုမှု စွဲဆိုသည်။ ထိုအမှုတွင် မယားတွင် ငြင်းဆိုပိုင်ခွင့်ရှိသည်ဟု ဆုံးဖြတ်၍ မယားအား အနိုင်ပေးသည်။
( မောင်စိန် နှင့် ခင်သက်ကြီး ၂ ယူဘီအာရ် ၊ ၁၉၄၀ ၊ စာ- ၅)
လင်သည် အခြားမိန်းမနှင့် ကျူးလွန်သည့်အတွက် လင်မယားရန်ဖြစ်ပြီး မယားက တခြားခွဲနေထိုင်သည်။ လင် က ပြန်လည်ပေါင်းသင်းလိုမှု တရားစွဲဆိုရာ လင်သည် မယားအားပြန်ခေါ်ဆိုနိုင်ခွင့် မရှိဟု ဆုံးဖြတ် သည်။
( မသိန်းနွယ် နှင့် မောင်ခ ၊ ၇ ရန်ကုန်၊ စာ - ၄၅၁)
လင်နှင့်မယား ၁၁ နှစ်ပေါင်းသင်းခဲ့ပြီး သားသမီး ၃ ယောက်ရသည်။ လင်ကမယားငယ်ယူသဖြင့် မယားက ညီမ ဖြစ်သူနှင့် အတူသွားနေသည်။ ထို့နောက် လင်ကပြန်လည်ပေါင်းသင်းလိုမှု စွဲဆိုရာ လင်မှာ အပြစ်ရှိ သည် ဖြစ်၍ မယားအား ခေါ်နိုင်ခွင့်မရှိပေ။
(မောင်ကြွယ် နှင့် မကျင်၊ ၈ ရန်ကုန်၊ စာ - ၄၁၁)
လင်တွင် သီးခြားအလုပ်အကိုင်နှင့် ငွေမရှိခြင်းသည် မယားဖြစ်သူ လင့်ထံမှ ထွက်ခွာသွားလောက်အောင် ခိုင်လုံ သည့်အကြောင်းမဟုတ်ပေ။
(မထား နှင့် မောင်အေးမောင် ၊ အေအိုင်အာရ် ၊၁၉၃၁ ၊ရန်ကုန်၊ စာ- ၁၁၁)
လင်ယောက်ျားက မယားအပေါ် ပြန်လည်ပေါင်းသင်းလိုမှု အနိုင်ဒီကရီရရှိခဲ့သည့် အကြောင်းကြောင့် ရာဇဝတ် ရုံးမှ ချမှတ်ထားသည့် အတိုင်း အမိန့်သည် အလိုအလျောက် ပျက်ပြယ်ခြင်းမရှိပေ။ ယောက်ျားက ဒီကရီ ရရှိခဲ့ သည့်အကြောင်းကြောင့် စားစရိတ်အမိန့်ကို ပြောင်းလဲပယ်ဖျက်သင့်ကြောင်း တင်ပြမှသာ ပြောင်းလဲသင့်မသင့် ပယ်ဖျက်သင့် မသင့် ဆိုသော ပြဿနာကို ရာဇဝတ်ရုံးမှ စဉ်းစားဆုံးဖတ်ရန်ဖြစ်ပေသည်။
(မအေးရင်ဖြူ နှင့် မောင်ဉာဏ်ထွန်း ၊ ၁၉၇၀၊ ရုံးချုပ်၊ စာ - ၇၄)
လင်ယောက်ျာတစ်ဦးသည် ဇနီးမယားအား ပြန်လည်ပေါင်းသင်းလိုမှုစွဲဆိုရာတွင် တကယ်ပြန်လည် ပေါင်း သင်း လိုမှု မဟုတ်ဘဲ မယားစရိတ်မပေးလိုသည့် အတွက်ကြောင့် သာဖြစ်သည်ဟု ပေါ်ပေါက်နေပါက တရား သူကြီးသည် မယားစရိတ်အမိန့်ကို ပယ်ချရန် ငြင်းဆိုပြီးလင်ဖြစ်သူက စားစရိတ်ပေးရန် အမိန့်ချမှတ်နိုင် သည်။
ယောက်ျားဖြစ်သူက ဇနီးအားပြန်ခေါ်ပေါင်းသင်ခွင့် တရားမရုံးတွင် တောင်းခံရရှိထား၏ ။ ထိုအမိန့်တည်နေ၏။ ဇနီးဖြစ်သူကလည်း ယောက်ျားနှင့် ခွဲ၍ တစ်သီးတစ်ခြား နေစဉ်အတွင် မယားစရိတ်ကို ရာဇဝတ်ရုံးတွင် တောင်း ခံရရှိထား၏။ ခွဲခွာနေရသည့် ကာလအတွက် ရုံးကခွင့် ပြုခဲ့သော မယားစရိတ်ကို ပေးရန်လင် ယောက်ျားတွင် တာဝန်ရှိ သည်။ မယားအားပြန်ခေါ်ပေါင်းသင်းခွင့်နှင့် တစ်သီးတခြားနေကြစဉ်ကာလအတွက် မယားအား ထောက်ပံံ့ရန် တာဝန်တို့သည် ဆန်ကျင်သည်မဆိုနိုင် ။ တာဝန်နှင့် ရပိုင်ခွင့် ယှဉ်တွဲလျက်ရှိသည်။
(မောင်ဉာဏ်ထွန်း နှင့် မအေးရင်ဖြူ၊ ၁၉၇၁၊ မတစ ၊ စာ - ၉)
ဦးစံကျော်သည် ဒေါ်စိန်စိန်နှင့် နှစ်အတန်ကြာအောင် အဆက်ဖြတ်ခဲ့သည့်အပြင် မယားဖြစ်သူအား ကျွေးမွေး ထောက်ပံ့ခြင်းလည်းမရှိခဲ့ချေ။ သို့ဖြစ်ရာ မယားဖြစ်သူ ဒေါ်စိန်စိန်သည် လင်ဝတ္တရားပျက်ကွက်သော ဦးစံ ကျော် နှင့် ပြန်လည်ပေါင်းသင်းရန် အကြောင်းမဲ့ငြင်းဆန်သည်ဟု မဆိုနိုင်ပေ။ မြန်မာဓလေ့ထုံးတမ်းဥသပဒေ အဆိုအရ မယားခေါ်လိုမှုစွဲဆိုသူ တရားလိုသည်း အပြစ်ကင်းစင်ဖို့လိုသည်။ ထိုအမှုတွင် ဦးစံကျော်သည် မယားဖြစ်သူအား အချိန်အတန်ကြာစွန့်ပစ်ခဲ့ကြောင်း ပေါ်ပေါက်နေသဖြင့် ရန်ကုန်တိုင်းတရားရုံးက အယူခံ တရားလို၏ အမှုကို ပယ်လိုက်ခြင်းမှာ မှားယွင်းချွတ်ချော်သည်ဟု မဆိုနိုင်ပေ။
( ဦးစံကျော် နှင့် ဒေါ်စိန်စိန် ၊ ၁၉၈၁ ၊ ဗဟိုတရားရုံး ၊ စာ - ၂၈)
လင်နှင့်မယားတို့သည် တစ်ဦးနှင့်တစ်ဦး ပေါင်းသင်းရာတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းမှားနှင့် ပဋိညာဉ် တို့ကို အခြုပြုထားခြင်းဖြစ်ရာ လုံလောက်သည့် အကြောင်း မရှိဘဲ လင့်ထံမှဖြစ်စေ မယားထံမှဖြစ်စေ ထွက်ခွာသွားခြင်း မပြုနိုင်ပေ။ လုံလောက်သည့် အကြောင်းမရှိဘဲ ထွက်ခွာသွားလျှင့် အပြစ်မဲ့သူက ပြန်လည် ပေါင်းသင်းလိုမှု စွဲဆိုလျှင် အနိုင်ရမည်ဖြစ်ပါသည်။
[ ဦးဗကြိုင် (ဘီအေ ၊ ဘီအယ်လ် ) ၊ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့် သက်ဆိုင်သော လက်ထပ်ထိမ်းမြားရေး ၊ လင်မယားကွာရှင်းမှုနှင့် ပစ္စည်းခွဲဝေရေး ၊ လင်မယားပြန်လည်ပေါင်းသင်းလိုမှု ၊ သားသမီးအုပ်ထိန်းခွင့် ဥပဒေသိမှတ်ဖွယ်ရာ ၊
၂၀၀၇ မေ ၊ စာ ၄၂ ]