ချေးငွေရလိုမှု တရားစွဲဆိုနည်း
ချေးငွေရလိုမှု တရားစွဲဆိုနည်း
======================
ချေးငွေ ရလိုကြောင်း စွဲဆိုမှု တွင် ရလိုသောချေးငွေပေါ်တွင် ငွေပမာဏအလျောက်ထမ်းဆောင်ရသည်။
တရားလိုက သက်သေပြရန်အချက်များ
------------------------------------------------
၁ ။ တရားပြိုင်သည် တရားလိုထံမှ ငွေချေးယူကြောင်း၊ ၂ ။ တရားပြိုင်သည် တရားလိုအားချေးငွေကို အကျေအလည်ပေးဆပ်ခြင်းမပြုကြောင်း ၊
ချေးငွေအတွက် ချုပ်ဆိုသောစာချုပ် (ဥပမာ အော်ဒီမံစာချုပ်) အရ စွဲဆိုသောအမှုမျိုးမှာ ငွေချေးစာချုပ်ချုပ်ဆိုရာတွင် ချေးငွေအလိုက် ချေးယူသူက တံဆိပ်ခေါင်းပေါ်တွင် လက်မှတ်ရေးထိုးရသည်။ ကျသင့်သောတံဆိပ်ခေါင်းပေါ်တွင် လက်မှတ်ရေးထိုးခြင်းမပြုလျင် ၄င်းငွေချေးစာချုပ်သည် သက်သေခံမ၀င်။
(မှတ်ချက်၊ စာချုပ်ကို ဒဏ်တပ်ရိုက်ပြီး (တနည်းအားဖြင့် သိမ်းချုပ် လုပ်ပြီး)သက်သေခံအဖြစ် လက်ခံခွင့်မရှိ၊တံဆိပ်ခေါင်းဥပဒေပုဒ်မ ၃၅ ခြွင်းချက် (က) )
ထိုအခါ မြီရှင်ဖြစ်သူ တရားလိုသည် ငွေချေးစာချုပ်အပေါ် မှီငြိမ်းပြု၍ တရားစွဲဆိုခွင့်မရှိ၊ တရားပြိုင်က ငွေချေးယူကြောင်း တရားလို ကအခြားနည်းဖြင့် သက်သေထူရသည်။ (ဥပမာငွေချေးခြင်းကို သိသူအား သက်သေထူခြင်း)၊ ငွေချေးစာချုပ်ကို မှီး၍ တရားစွဲဆိုရာ၌ ငွေချေးစာချုပ်သည် သက်သေခံမ၀င်ကြောင်းတွေ့ရှိရသည့်အခါ တရားလိုအား မူလချေး ငွေရလိုကြောင်း စွဲဆိုနိုင်ရန်အဆိုလွှာကို လိုအပ်သလိုပြင်ဆင်စေ၍ စီရင်ဆုံးဖြတ်နိုင်သည်၊
(အေအိုင်အာ ၁၉၂၅ ရန်ကုန် စာ ၂၈၂ မောင်ရွှေမြတ်နှင့်မောင်ဘိုးဆင်း ပါ ၂ )
ပျက်ပြယ်သော ငွေချေးစာချုပ်များ
-----------------------------------------
ငွေချေးသူငွေရှင်က ချေးယုသူမြီစားထံမှ အတိုးနှုန်းယူရန် မူလက သဘောတူခဲ့ပါလျက် ယင်းအတိုးနှုန်း ကို ငွေချေးစာချုပ်တွင် မဖေါ်ပြခဲ့လျင်စာချုပ်တခုလုံး ပျက်ပြယ်သည်၊ယင်းစာချုပ်ကိုသာ မှီခိုအားထားကာ ငွေ ရှင်က တရားစွဲဆိုပိုင်ခွင့်မရှိ၊
(၁၉၇၁ မတစ (တရားမ) စာ ၃၈ ကာစီပရာဆပ် နှင့် ဒလစ်ဆင်း)
မြီရှင်တစ်ဦးသည် မြီစားထံမှချေးငွေအတိအကျဖြင့် ရေးသားဖေါ်ပြခြင်း၊အတိုးနှုန်း၊ချုပ်သည့်ရက် စသည် တို့အတွက် ဖြည့်စွက်ခြင်းမပြုဘဲ ကွက်လပ်ထားရှိသည့်အော်ဒီမံစာချုပ်ကို ယူမထားနိုင်၊ယင်းသို့ကွက်လပ်များ ပါသောစာချုပ်မှာ ပျက်ပြယ်သည်၊
(၁၉၇၀ မတစ စာ ၁၁၆ ကာမလင်ဆင်း ပါ ၂ နှင့် ယူစီပေါလ်)
စည်းကမ်းသတ်ကာလ
-----------------------------
သာမန်အားဖြင့် ငွေချေးသည့်နေ့မှ ၃ နှစ် အတွင်းတရားစွဲရမည်။ ငွေချေးသည့်နေ့မှ ၃ နှစ်မကုန်မှီ ငွေ ချေးယူသူက စာဖြင့်ရေးသားထားချက်အပေါ်တွင် ၄င်းကိုယ်တိုင်လက်မှတ်ရေးထိုး၀န်ခံထားလျင် ထိုသို့၀န်ခံ လက်မှတ်ရေးထိုးသည့်နေ့မှစ၍ ၃ နှစ် အတွင်းတရားစွဲဆိုခွင့်ရှိသည်၊
ငွေချေးသည့်နေ့မှ ၃ နှစ်မကုန်မှီ ငွေချေးယူသူက ကြွေးမြီအတွက် ငွေရင်းအချို့ကိုဖြစ်စေ၊အတိုးကိုဖြစ် စေ၊ပေးဆပ်ပြီး ထိုသို့ပေးဆပ်ကြောင်းကို ၄င်းကိုယ်တိုင်စာဖြင့်ရေးသားခဲ့လျင် သို့မဟုတ် စာဖြင့်ရေးသားထား ချက်အပေါ်တွင် ၄င်းကိုယ်တိုင်လက်မှတ်ရေးထိုးခဲ့လျင် ထိုသို့ပေးဆပ်သည့်နေ့မှစ၍ ၃ နှစ်အတွင်း တရားစွဲဆိုခွင့်ရသည်။ ငွေချေးယူသူက ငွေဆပ်ရုံဖြင့် ထိုနေ့မှ စည်းကမ်းသတ်ကာလက်ို အသစ်ထပ်မံရေတွက်ခွင့်မရချေ
(၁၉၄၀ ရန်ကုန်စာ ၆၀၃ ယူဆွတ်ကားရဝါး အများနှင့် မစ္စစ်နီမေးရာ ပါ အများ )
ငွေဆပ်ကြောင်း ငွေချေးယူသူ က ကိုယ်တိုင်စာဖြင့် ရေးရန် လိုသေးသည်။ (လက်မှတ်ရေးထိုးရန်မလို)သို့မဟုတ် အခြားသူတစ်ဦးက ငွေဆပ် ကြောင်းရေးသားထားချက်ပေါ်တွင် ငွေချေးယူသူက ကိုယ်တိုင်လက်မှတ်ရေးထိုးရန် လိုသေးသည်၊
တရားလိုသည် ငွေတိုးချစားသူဖြစ်လျင် ဒီကရီ ချမှတ် မပေးရ။
ဤအမှုများတွင် တရားပြိုင်ဘက်မှ တရားလိုသည် ငွေတိုးချစားသူဖြစ်သဖြင့် ဒီကရီချမှတ်မပေးသင့် ကြောင်း ထုချေတတ်သည်၊ ထိုသို့ထုချေလာလျင် တရားလိုသည်
၁၉၄၅ ခုနှစ် ငွေတိုးချစားသူများ ဥပဒေပုဒ်မ ၂ (၆) တွင် အဓိပါယ်ဖွင့်ဆိုထားသည့် ငွေထုတ်ချေးသောအလုပ်ကို လုပ်ကိုင်သည့် ငွေတိုးချစားသူ ဟုတ်/မဟုတ် စုံစမ်းဆုံးဖြတ်ရသည်၊
ငွေထုတ်ချေးခြင်းကို လုပ်ငန်းတခုအနေဖြင့် လုပ်ကိုင်မှသာ ထိုသူအား ငွေတိုးချစားသူဟု ခေါ်နိုင်မည်ဖြစ် သည်၊လုပ်ငန်းအနေဖြင့် မဟုတ်ဘဲမိတ်ဆွေတစ်ဦးဦးအား ကူညီသည့်အနေဖြင့် တခါတရံသာ ငွေထုတ်ချေးခြင်း ဖြစ်ပါမူ ထိုသူကို ငွေတိုးချစားသူဖြစ်သည်ဟု သတ်မှတ်ခြင်းမပြုနိုင်၊တဘက်မှလည်း ငွေချေးသည့်လုပ်ငန်းတခု တည်းကို အသက်မွေး၀မ်းကျောင်းအလုပ်အဖြစ် လုပ်ကိုင်စားသောက်သူကိုမှသာ ငွေတိုးချစားသူဖြစ်သည်ဟု မဆိုနိုင်၊
(ဥပမာ လူတစ်ယောက်သည် ကုန်သည်အလုပ်ကိုလည်း လုပ်ကိုင်သည့်အပြင် ငွေထုတ်ချေးခြင်းလုပ် ငန်းကိုလည်း လုပ်ဆောင်နေပါမူ ထိုသူသည် ငွေတိုးချေးစားသူဖြစ်သည်၊ သာမန်ကုန်သည်တစ်ယောက်ဖြစ် သည်ဟု မယူဆနိုင်ပေ၊ ၁၉၆၇ မတစ စာ ၁၄၅ ဦးထွန်းရွှေနှင့်ဦး၀င်း )
အခြားလုပ်ကိုင် လုပ်ကိုင်စဉ် မိမ်ိမိတ်ဆွေများအား တစ်နှစ်လျင် နှစ်ကြိမ်၊သုံးကြိမ်ငွေချေးသောသူသည် ငွေတိုးချစားသူဖြစ်သည် ဟု မယူဆနိုင်ပေ၊
(၁၉၄၀ မတစ စာ ၄၄၉ ဘစ်ရ်ှဝါးနတ်ရိုင်း နှင့် ကာရှီနတ်ရိုင်း)
တရားလိုသည် ငွေချေးစားသူဖြစ်ပါက ငွေချေးစားသူအဖြစ် မှတ်ပုံတင်လက်မှတ်မတင်ပြနိုင်လျင် ဒီကရီ ချမှတ်ပေးခြင်းမပြုရ၊ သို့သော်အမှုကို မပယ်ရ၊ တရားလိုအား မှတ်ပုံတင်လက်မှတ်တင်ပြရန် သင့်လျော်လုံ လောက်သောအချိန်ပေးပြီး လက်မှတ်တင်ပြနိုင်သောအခါမှသာ ဒီကရီချပေးရန်ဖြစ်သည်၊
(၁၉၇၀ မတစ စာ ၁၈၅ ဦးထွန်းလှိုင် နှင့် ဦးချစ်လှ)
အရစ်ကျ ပေးဆပ်ခွင့်ပြုခြင်း ။
-------------------------------------
တရားပြိုင်က လျောက်ထားလျင် ချေးငွေကို အရစ်ကျပေးရန်ခွင့်ပြုနိုင်သည်၊ချေးငွေးပေးဆပ်ရန် အမိန့်ချ ရာ၌ အရစ်ကျပေးဆပ်ခွင့်ပြုကြောင်းလည်း ဆုံးဖြတ်နိုင်သည်၊
(တရားမကျင့်ထုံးအမိန့် ၂၀ နည်း ၁၁)
ချေးငွေပေးဆပ်ရန် အမိန့်ချပြီးမှ လျောက်ထားလျင်လည်း ခွင့်ပြုနိုင်သည်၊သို့ သော် အမိန့်ချပြီး ၆ လအတွင်း လျောက်ထားရန်လိုသည်။
(တရားမကျင့်ထုံးအမိန့် ၂၀ နည်း ၁၁)
မူလရုံး၏ ဆုံးဖြတ်ချက်ကိုအယူခံ၀င်လျင် အယူခံရုံး ဒီကရီ ချမှတ်သည့်နေ့မှ ၆ လအတွင်း လျောက်ထားရမည်။
(၁၉၆၅မတစ စာ၁၉၂ (ရုံးချုပ်) မောင်ဘုဒင် နှင့် ဦးခင်မောင် ၊ ၁၉၆၅ မတစ စာ ၉၉၈ (ရုံးချုပ်) ဦးဘိုနီ ပါ ၂ နှင့် ဦးထွန်း ပါ ၂)
ဒီကရီကို အရစ်ကျပေးဆပ်ရန်အမိန့်ချရာ၌ အမှုအကြောင်းခြင်းရာပတ်၀န်းကျင်အခြေအနေများကို သုံး သပ်ရန်လိုသည်၊သူတပါး၏ငွေကို ချေးသောသူသည် ချေးယူသည့်ငွေပြေလည်အောင်ပေးဆပ်ရန် တာ၀န်ရှိ သည်၊အရစ်ကျပေးဆပ်ခွင့်ရနိုင်ရန် သက်သေပြရမည်။
(၁၉၆၄ မတစ စာ ၂၂၇ အေအင်အဗဒူကရင် နှင့် အက်စ် ရှိတ်အီဘရာဟင် )
အမှုအကြောင်းခြင်းရာနှင့် သက်ဆိုင်ရာဥပဒေကို လေ့လာသုံးသပ်ပြီး ဆုံးဖြတ်ချက်ချသော ဒီကရီငွေကို သာအရစ်ကျပေးသွင်းရန် အမိန့်ချမှတ်နိုင်သည်၊နှစ်ဦးနှစ်ဘက်သဘောတူညီချက်ဖြင့် တရားပြိုင်က တရားလို သို့ပေးဆပ်ရန်ရှိသော ငွေများကို မည်သည့်အရစ်ဖြင့်ပေးဆပ်ရမည်၊အရစ်ကျငွေတစ်ရပ်ရပ်ပေးဆပ်ရန် တရား ပြိုင်က ပျက်ကွက်လျင် မပြေကျန်ငွေအားလုံးကို ရရှိရန်အတွက် တရားလိုက ဇာရီပြုလုပ်နိုင်သည်ဟု ဒိကရီချ မှတ်ထားရာတွင် တရားပြိုင်က အရစ်ကျငွေတရစ်ပေးရန် ပျက်ကွက်သဖြင့် တရားလိုက မပြေကျန်ငွေအားလုံးရ ရှိရန် ဇာရီပြုလုပ်သည့်အခါ တရားပြိုင်က အရစ်ကျပေးဆောင်ရန် လျောက်ထားခွင့်မရှိတော့ချေ၊
(၁၉၆၂ မတစ စာ ၇၀ (ရုံးချုပ်) ဘရမာနန်ဒီဘီယာရာ နှင့် ရမ်ဆမှုဂျီချောင်ဒရီ ပါ ၂)
Lawyer's Handbook
Related Posts

ဂရန်သက်တမ်းတိုးလျှောက်ထားနည်း
ဂရန်သက်တမ်းတိုးလျှောက်ထားရန် အကြောင်းအမျိုးမျိုးရှိကြပါသည်၊ ၄င်းတို့မှာ- (၁) ဂရန်အမည်ပြောင်းလျှောက်ထားခြင်း၊ (၂) ဂရန်ဦးပိုင်ခွဲ ( ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲ ဂရန်တစ်ခု၊ နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်ရန် လျှောက်ထားခြင်း)(၃) ဂရန်သက်တမ်းတ...
စာချုပ်ရေးပုံရေးနည်း
စာချုပ်စာတမ်း ရေးသားတဲ့နေရာမှာ ရှင်းလင်းပြေပြစ်တဲ့စကားနဲ့ရေးသားဖို့လိုတယ်။ ချုပ်ဆိုသူတွေရဲ့ ကြံရွယ်ချက်သဘောထားကို ထင်ရှားသိသာစေအောင် ရေးသားရတယ်။ တရားဥပဒေပါ ခဲရာခဲဆစ်စကားလုံးတွေကို ထည့်ရေးဖို့ မလိုပါ။ လိုအပ်တဲ့အချက်တွေကို စေ့စုံကုံလုံအောင် ထည့်သွင်းရေ...

စာချုပ်ချုပ်မည်ဆိုလျှင် မှတ်ပုံတင်ကို မစိစစ်ခဲ့သည့် ကိစ္စ
စာချုပ်ချုပ်ရာတွင် လက်လွတ်စပယ် လုပ်ဆောင်နေကြသော လုပ် ဆောင်ချက်တစ်ခုမှာ စာချုပ်သူတို့၏ အမည် မှတ်ပုံတင်တို့ကို စာချုပ်ချုပ်သူများ ကိုယ်တိုင်က မစိစစ်ဘဲ ချုပ်ဆိုပေးလိုက်ကြသည့် ကိစ္စရပ်ပင် ဖြစ်သည်။စာချုပ်ချုပ်ပေးသူ၊ ရေးပေးသူများသည် စာချုပ်ချုပ်ဆိုသူများ၏...