အတူနေသမီးအပျိုကြီးဖြစ်သူအားလက်ရှိနေထိုင်တဲ့အိမ်ကိုအပိုင်ပေးစာချုပ်နဲ့အမွေပေးပြီးကျန်ရှိသောညီမများအားသက်ဆိုင်ခွင့်မရှိတော့ဘူးလားဆိုတဲ့အကြောင်:
13-Aug-21
မေး - ကျမတို့မှာ ညီအမ ၃ ယောက်ရှိပါတယ်။ အမေက အရင်ကွယ်လွန်ပြီး အဖေက နောက်မှ ကွယ်လွန်ပါတယ်။
အဖေ မကွယ်လွန်ခင်မှာ အတူနေသမီး အပျိုကြီးဖြစ်သူကို လက်ရှိနေထိုင်တဲ့ အိမ်ခြံမြေတစ်ခုလုံးကို အပိုင်ပေးစာချုပ်နဲ့ မှတ်ပုံတင်ပြီး ပေးခဲ့ပါတယ်။
အဖေ ကွယ်လွန်ပြီးနောက် ကျန်တဲ့ညီမတွေက ဒီအိမ်ကြီးနံဘေးမှာပဲ အဖီဆွယ်ပြီး နေရပါတယ်။
ကျန်တဲ့ အမွေဆိုင် သမီးတွေအနေနဲ့ ဒီအိမ်နဲ့ပတ်သက်ပြီး သက်ဆိုင်ခွင့် မရှိတော့ဘူးလား ဆိုတာ သိပါရစေ။
ဖြေ - အပိုင်ပေးတာဟာ ဥပဒေနဲ့အညီလား ပထမ စဉ်းစားရတာပေါ့။
စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေပုဒ်မ ၁၆(ခ) အရ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းကို တန်ဖိုးလည်း တစ်သိန်းအထက် ဖြစ်မယ်၊ အဲဒါကို လွှဲပြောင်းရောင်းချမယ် ဆိုရင် မလွဲမသွေ မှတ်ပုံတင်စာချုပ်ချုပ်မှ တရားဝင်မယ်လို့ ပြောထားပါတယ်။ အဲဒီဥပဒေနဲ့အညီ မှတ်ပုံတင် စာချုပ်ပြီးတော့ ပေးလိုက်တဲ့အတွက် ပေးကမ်းခြင်း စာချုပ်ဟာ တည်မြဲခိုင်မာတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ မြန့်မာဓလေ့ထုံးတမ်းဥပဒေမှာ မိဘများ ကွယ်လွန်ဆုံးပါးသွားတဲ့အခါမှာ အမွေပစ္စည်းဟာ တဦးတည်းကပဲ အပြည့်ရပြီး ကျန်ပုဂ္ဂိုလ်တွေက တစိုးတစေ့မျှ မရဘူးဆိုရင် ဒီပေးကမ်းခြင်း ပျက်တယ်လို့ ဆိုထားပါတယ်။ ဒီတော့ ပထမ ပေးကမ်းခြင်းမှာ မိဘရှိနေတော့ ဒီပြဿနာက မပေါ်ဘူး။ ဒါပေမဲ့ မိဘ ဆုံးသွားတဲ့အခါမှာ ဒုတိယပြဿနာက ဝင်လာတယ်။ ကျန်တဲ့သားသမီးက ဘာရသလဲ။ ဘာမှ မရဘူး ဆိုရင်တော့ စောစောကပြောသလို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးမှာ ပေးကမ်းခြင်းစာချုပ်နဲ့ ပေးထားတာသည် အလိုလို ပျက်သွားပါတယ်။ ဖျက်သိမ်းစရာ မလိုဘူး။ ဒါကြောင့် ကျန်တဲ့ နှစ်ယောက်အနေနဲ့က အကျိုးခံစားခွင့် ရနိုင်တယ်။ ဒီမြေကြီးတစ်ခုလုံးဟာ အမွေဆိုင်ပစ္စည်းအဖြစ် မှတ်ယူရမယ်လို့ ဖြေကြားပေးချင်ပါတယ်။