~~သေတမ်းစာ(Will)~~
12-Aug-21

သေတမ်းစာနဲ့ ပတ်သက်ပြီး ဗုဒ္ဓဘာသာဝင်များအနေဖြင့် သေတမ်းစာရေးခွင့်မရှိပါဘူး။ ခရစ်ယာန်၊ဟိန္ဒူနှင့် အစ္စလာမ်ဘာသာဝင်များအနေနှင့် သေတမ်းစာ(Will) ရေးခွင့်ရှိပါတယ်။..
သေတမ်းစာဆိုသည်မှာ.....
သေတမ်းစာဆိုသည်မှာ သေတမ်းစာရေးပိုင်ခွင့်ရှိသူတဦးက ၎င်းသေဆုံးသည့်အခါ ၎င်းပိုင်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းနှင့် မရွေ့မပြောင်းနိုင်သည့် ပစ္စည်းများကို မည်သို့မည်ပုံ ခွဲဝေစေလိုကြောင်း ၎င်း၏ရည်ရွယ်ချက်ကို ထုတ်ဖော်ပေးသည့် ကြေညာစာမ်းဖြစ်ပါတယ်။
သေတမ်းစာကို မိမိသက်ရှိထင်ရှားရှိစဉ် မည်သည့်အချိန်မဆို ရေးသားနိုင်သလို မည်သည့်အချိန်မဆို ပြန်လည် ရုပ်သိမ်းခွင့်ရှိပါသည်။
သေတမ်းစာကို မှတ်ပုံတင်၍လည်း ရသည်၊ မတင်လျှင်လည်း ရပါသည်။ စည်းကမ်းသတ်ကာလမရှိပါ။
သေတမ်းစာပြုလုပ်သူသည် တစုံတယောက်ကိုခေါ်၍ မိမိပြောဆိုသည့်အတိုင်း သေတမ်းစာရေးခိုင်းပြီး သက်သေများ ရှေ့တွင် လက်မှတ်ရေးထိုးနိုင်ပါသည်။
သေတမ်းစာပြုလုပ်သည့်အခါ သေတမ်းစာအရ ဆောင်ရွက်သူ (Executor)တဦးဦး ခန့်ထားရပါမည်။
သေတမ်းစာကို ရူးသွပ်သူ၊ အရွယ်မရောက်သေးသူများ ရေးခွင့်မရှိပါဘူး။
သေတမ်းစာရေးသူ သေဆုံးသည့်အခါ အမွေဆက်ခံခြင်း အက်ဥပဒေ ပုဒ်မ (၂၂၂) အရ သေတမ်းစာဆောင်ရွက်ခွင့် ပေးထားသူ (Executor) ကသာ သက်ဆိုင်ရာတရားရုံးတွင် သေတမ်းစာအတည်ပြုပေးရန် (Probate) လျှောက်ပေးရပါမည်။
သေတမ်းစာရေးသားသူ မည်သူမဆို သေတမ်းစာကို စာအိတ်တွင်ထည့်သွင်း၍ ချိပ်တံဆိပ်ခတ်နှိပ်ပြီး ယင်းစာအိတ်အပေါ်တွင် သေတမ်းစာရေးသားထားသူ အမည်(သို့မဟုတ်) ကိုယ်စားလှယ်ထားရှိလျှင် ကိုယ်စားလှယ်အမည်နှင့်တကွ မည့်သည့်စာချုပ်စာတမ်းမျိုးဖြစ်ကြောင်း ဖော်ပြရေးသားကာ မှတ်ပုံတင် အရာရှိ ထံတွင် ကိုယ်တိုင်ဖြစ်စေ၊ အခွင့်ရ ကိုယ်စားလှယ်ဖြင့်ဖြစ်စေ အပ်နှံတင်ထားခွင့်ရှိသည်။
ထို့နောက် မှတ်ပုံတင်အရာရှိက ချိပ်တံဆိပ်ခတ်နှိပ်ပါရှိသည့် စာအိတ်ကို မီးအာမခံသေတ္တာတွင် ထည့်သွင်း၍ သိမ်းထားပေးရပါမည်။
သေတမ်းစာရှင်ကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏အခွင့်ရကိုယ်စားလှယ်ကဖြစ်စေ အပ်နှံထားသည့် သေတမ်းစာအိတ်ကို ပြန်လည်ပေးအပ်ရန် လျှောက်ထားခွင့်ရှိသည်။ မှတ်ပုံတင်အရာရှိက မှန်ကန်ကြောင်း ကျေနပ်လျှင် သေတမ်းစာအိတ်ကို ပြန်၍ပေးရမည််။
လျှောက်ထားသူရှေ့မှာ သေတမ်းစာအိတ်ကိုဖွင့်၍ စာအိတ်အတွင်း ပါရှိသည့်စာကို စာအုပ်အမှတ်(၃)တွင် ရေးကူးရမည်။ ထို့နောက် မှတ်ပုံတင်အရာရှိက မူလသေတမ်းစာကို သိမ်းထားမြဲသိမ်းထားရမည်။
ဗဟုသုတတခု အနေနဲ့ မှတ်သားစေချင်ပါသည်။
လေးစားစွာဖြင့်
ဦးရဲဇော်သိန်း