ကျွန်ုပ် နှင့် ကလေးအုပ်ထိန်းခွင့်ရလိုသော ဖခင်

15-Aug-21 အခြား
ကျွန်ုပ် နှင့် ကလေးအုပ်ထိန်းခွင့်ရလိုသော ဖခင်

ဆောင်းတွင်း နှစ်တနှစ်ရဲ့အစ တပို့တွဲလ ဇန်နဝါရီလ တစ်မနက် ရုံးပိတ်ရက် ရာသီဥတုကလည်း အအေးလှိုင်းဖြတ်လို့ အေးစက်နေသည့် အချိန် စာအုပ်စင်မှာရှိတဲ့ အကြွေးတင်နေသော စာအုပ်များအား လှန်လှော မွှေနှောက်နေစဉ် 

“ဗျိုး ရှေ့နေကြီး” 

အိမ်ရှေ့မှ ခေါ်သံကြောင့် နစ်မြောနေသော မွှေနှောက်မှုကို ခေတ္တရပ်ထားပြီး 

ကျွန်ုပ် - ဟား ကိုတင်မောင်အေး လာဗျာ ထိုင်

ကိုတင် - အေးဗျာ မရောက်တာကြာတော့ အိမ်တောင် မမှတ်မိဘူးရယ် မနည်းရှာလိုက်ရတယ်”

ကျွန်ုပ် - ဟိုတလောက ခင်ဗျား ကလေးမွေးတယ်ကြားတယ် အလုပ်များနေလို့ မလာဖြစ်တာ ခွင့်လွှတ်ဗျာ

ကိုတင် - ရပါရဲ့ဗျာ … ဆရာကြီး မလာတော့ ကျွန်တော်လာရတာပ…

ကျွန်ုပ် - ဆိုပါဦး လာရင်းကိစ္စက အလည်သက်သက်ဘဲလား ”

ကိုတင် - အလည်ရော အကြံလေးလဲ တောင်းချင်လို့ရောပေါ့လေ … အချိန်ကောရရဲ့လား ဆရာသမားရဲ့

ကျွန်ုပ် - အားပါရဲ့ဗျာ ပြောပါဦး

ကိုတင် - ဆရာ အစောက ပြောသလိုဘဲ ကျတော် နဲ့ ကျွန်တော် အမျိုးသမီး လွန်ခဲ့တဲ့ ၆ လလောက်က သမီးလေးတစ်ယောက် မွေးတယ် လေ ဆရာ… မိန်းမ က မီးတွင်းထဲမှာဘဲ ဆုံးသွားတယ် ဆရာ 

ကျွန်ုပ် - ကျတော်မသိလိုက်ပါရောဗျာ စိတ်မကောင်းလိုက်တာ ကလေး မွေးတယ်ဘဲ ကြားမိလိုက်တာ

ကိုတင် - ရပါရဲ့ဗျာ… ဆရာလဲ သိတဲ့အတိုင်းဘဲ ကျွန်တော့်မိန်းမ ဘက်က ချမ်းသာတယ်ဆိုတာကို … အဲဒါ ကလေးကို ယောက္ခမဖြစ်သူက ခေါ်ထားပြီး ပြုစုမယ် ဘာမယ် ပြောတာနဲ့ အဖွား ဆိုတော့ကာ အပ်ထားတာပေါ့နော်.. အခု ကလေးကို ပြန်ခေါ်မလို့ဟာကို ယောက္ခမဖြစ်သူက မပေးနိုင်ဘူး သူတို့မွေးစားလိုက်ပြီ ဆိုပြီး ခေါ်မရဖြစ်နေတယ်ဆရာကြီးရေ အခုဆို ကျတော့်သမီးလေးကို တောင် တွေ့ခွင့်မရ ဖြစ်နေပြီဗျာ … ကူညီနိုင်ရင်ကူညီပါဦး.. ယောက္ခမကတော့် နင်တို့က မပြေလည်တော့ ကလေးကို ပြုစုနိုင်မယ်မဟုတ်ဘူး ဆိုပြီး အကြောင်းပြတယ်ဗျာ… ဘာဘဲဖြစ်ဖြစ်လေ ကျွန်တော်က အဖေဖြစ်သူဘဲဟာ သမီးလေးကို တော့ တွေ့ချင်တာပေါ့ ပြုစုချင်တာ စောင့်ရှောက်ချင်တာပေါ့နော် ဆရာ.. ဘယ်လိုဆောင်ရွက်ရမလဲ ပြောပါဦး…

ကျွန်ုပ် - ခင်ဗျားက ကလေးကို အမွေစားအမွေခံမွေးစားဖို့များ ပေးခဲ့လေသလားဗျ

ကိုတင် - အာ.. ပေးစရာလားဗျာ ကျတော့်ကလေး ကျတော် မွေးနိုင်ပါတယ်ဗျာ

ကျွန်ုပ် - စိတ်မရှိပါနဲ့ဗျာ အဲလိုတွေ ဆောင်ရွက်ထားတာရှိမှာစိုးလုိ့မေးရတာပါ

ကိုတင် - ရပါတယ်ဆရာ.. ကူညီပါဦး

ကျွန်ုပ် - အော် ကိုတင်မောင်အေး နှယ်… ကျတော်ခင်ဗျားကို ရှင်းပြလိုက်ရင် ခင်ဗျား ရှင်းသွားမယ်ထင်ပါတယ်… 

ဒီလိုရှိတယ်ဗျ သားသမီးအုပ်ထိန်းခွင့်နဲ့ပတ်သက်လို့ ၁၈၉၀ ခုနှစ် အိန္ဒိယဥပဒေအမှတ်-၈ အုပ်ထိန်းသူနှင့် အုပ်ထိန်းခံရသူများအက်ဥပဒေ၊ (The Guardians and Wards act)(India Act-VIII, 1890)(1 st july 1890) အရ ဆုံးဖြတ်ကြတယ်ပေါ့ဗျာ ဒီဥပဒေရဲ့ အဓိကရည်ရွယ်ချက်က 

“အရွယ်မရောက်သေးသူ၏ ကောင်းကျိုးချမ်းသာများကို အကျိုးပြုမည်ဆိုခြင်းကို ဦးစားပေး သုံးသပ်ရမည်” လို့ ရည်ရွယ်ပြီး ဒီဥပဒေကို ရေးဆွဲခဲ့ကြတယ်ဗျ..

ကိုတင် - ဟာ… ဒါဆို ငွေချို့တဲ့ တဲ့ ကျတော်တို့ အတွက် ခက်ပြီလားဆရာ

ကျွန်ုပ် - စကားလည်း ဆုံးအောင်နားထောင်ပါဦးလားဗျာ … အရွယ်မရောက်သူ၏ ကောင်းကျိုးချမ်းသာ ဆိုတာ ငွေကြေးကို ဆိုလိုတာမဟုတ်ဘူးဗျ … စီရင်ထုံးတစ်ခုပြောမယ်ဗျ ခင်ဗျားဖြစ်စဉ်နဲ့ ထပ်တူကျသလောက် တော့ရှိတယ် အမှုကတော့

[ ဦးတင်မြင့် နှင့် ဒေါ်ခင်မြင့် ပါ(၂)၊ မြန်မာနိုင်ငံတရားစီရင်ထုံး၊ တရားရုံးချုပ်၊ ၁၉၉၂၊ စာ-၆၅ ] မှာ ဒီလို ဆုံးဖြတ်ထားတယ်ဗျ …

“လျှောက်ထားသူသည် ကလေး၏ ဖခင်အရင်းဖြစ်သည်။ လက်ရှိအားဖြင့် ရွှေဘိုမြို့နယ်စု စီမံကိန်းရုံး၊ ဒု-ဦးစီးမှူးအဖြစ် တာ၀န်ထမ်းဆောင်နေသော ၀န်ထမ်းတစ်ဦးဖြစ်သည်။ ကလေး၏မိခင် သေဆုံးသွားပြီဖြစ်သဖြင့် ဖခင်ဖြစ်သူက ကလေးအား ကြည့်ရှုစောင့်ရှောက်ရန်တာ၀န်ရှိသည်။ ဖခင်မှာ ကလေး၏ သဘာ၀အုပ်ထိန်းသူလည်းဖြစ်သည်။ ကလေးအပေါ်၌ ဖခင်အရင်းထက် ဦးကြီးကသော်လည်းကောင်း၊ အဘွားကသော်လည်းကောင်း၊ ပိုမို၍ စေတနာမေတ္တရှိသည်ဟု မူလရုံးမှသုံးသပ်ခြင်းမှာ လောကသဘာ၀နှင့် ဆန့်ကျင်သည်ဟု ယူဆရမည်ဖြစ်သည်။” လို့ စီရင်ထုံးပြုခဲ့ကြတယ်ဗျ

ကိုတင် - ကျတော် လက်လုပ်လက်စားဖြစ်ရုံနဲ့ ကလေးကို မဆုံးရှုံးရတော့ဘူးပေါ့နော် ဆရာ

ကျွန်ုပ် - အင်း ငွေကြေးဥစ္စာနဲ့ ပတ်သက်လို့ စီရင်ထုံးတစ်ခုက လဲ ဒီလိုဆိုထားသေးတယ်ဗျ

[ဒေါ်ခင်ရီ နှင့် ဦးထွန်းအောင်၊ မြန်မာနိုင်ငံစီရင်ထုံး၊ တရားရုံးချုပ်၊ ၁၉၆၇၊ စာ-၂၀၅] မှာ

“ မိခင်ဖြစ်သူသည် အကျင့်စာရိတ္တ ပျက်ပြားနေသူဖြစ်သည်။ သို့တည်းမဟုတ် ၄င်းအား အုပ်ထိန်းမှုမပေးသင့်ကြောင်း လုံလောက်သည့်အကြောင်းရှိသည်ဟု စွပ်စွဲမှု မရှိပါမူ ဥစ္စာပစ္စည်း ကုံလုံကြွယ်ဝြခင်း မရှိဟု ဆိုသော အကြောင်းကြောင့် ၄င်း၏ သား/သမီး များအား အုပ်ထိန်းခွင့်မရှိ ဟု မဆိုနိုင်ချေ ” ဆိုလိုတာကတော့ ငွေကြေးဥစ္စာ ချို့တဲ့တာက အုပ်ထိန်းခွင့် မဆုံးရှုံးနိုင်ပေမယ့် အကျင့်စာရိတ္တ ချို့တဲ့ရင်တော့ ကလေးအကျိုးအတွက် အုပ်ထိန်းခွင့်အခွင့် အရေး ဆုံးရှုံးရလိမ့်မယ် လို့ စီရင်ထုံးပြုခဲ့ကြတယ်ဗျ

ကိုတင် - အရပ်ထဲမှာ ပြောနေကြတာကြားမိလို့ပါဆရာ… သမီးဆိုရင် ဖခင်အုပ်ထိန်းခွင့်ရပြီး သားဆိုရင် မိခင်အုပ်ထိန်းခွင့်ရတယ် ဆိုတာကရော ဆရာ

ကျွန်ုပ် - ကျတော်လဲကြားဖူးတယ် ကြားဖူးလို့လဲ စာတမ်းတွေ၊ ဥပဒေတွေ၊ ဓမ္မသတ် အချို့မှာ တက်နိုင်သလောက် လိုက်ရှာကြည့်တယ် မတွေ့ဘူးဗျ၊ လက်တွေ့မှာလဲ ဒီလိုမျိုးလဲ မကျင့်သုံးကြဘူးဗျ၊ အယူမှား အမှတ်မှားကြတာလို့ဘဲ ပြောချင်တယ်ဗျ…

တကယ်တော့ အရွယ်မရောက်သေးသူကို အုပ်ထိန်းခွင့်ဆိုတာ များသောအားဖြင့် ဖခင် နဲ့ မိခင်ယှဉ်လာရင်တောင် မိခင်အုပ်ထိန်းခွင့်ပေးတာများတာကို တွေ့ရတယ်ဗျ၊ မိခင်က အကျင့်စာရိတ္တချို့တဲ့သူမဟုတ်ရင် အုပ်ထိန်းခွင့်မရဘူးဆိုတာ မရှိသလောက်ကိုရှားတယ်ဗျ။ မိခင်က နောက်အိမ်ထောင်ပြုထားရင်တောင်မှာ အရွယ်မရောက်သေးတဲ့ သားသမီး အုပ်ထိန်းခွင့် မဆုံးရှုံးသေးဘူးဗျ။

ကိုတင် - ရှင်းပါပြီဗျာ.. အခု ကျတော်ကလေးကို ဘယ်လိုပြန်တောင်းရမလဲ ပြောပါဦးဆရာ

ကျွန်ုပ် - အုပ်ထိန်းသူနှင့် အုပ်ထိန်းခံရသူများအက်ဥပဒေ၊ ပုဒ်မ- ၂၅ အရ လျှောက်ထားတောင်းပေတော့ဗျို့

ကိုတင် - ကျေးဇူးတင်ပါတယ်ဆရာရယ်… အဲဒီအမှုလေး အပ်ပါမယ် ကူညီပေးပါဦး

ကျွန်ုပ် - ရပါတယ်ဗျာ အကောင်းဆုံးဆောင်ရွက်ပေးရမှာပေါ့ဗျာ…

ကျေးဇူးတင်စွာဖြင့်

ဥပဒေ အခွင့်အရေးကို ကောင်းစွာအသုံးချနိုင်ကြပါစေ

ဦးဥက္ကာအေး

၁၆. ၃. ၂၀၁၉

၂၂ း ၅၈

 
Credit-OriginalUploder
 

အခြား စိတ်ဝင်စားစရာ ဆောင်းပါးများ

Related Posts

fbသုံးသူတိုင်းသိထားသင့်တဲ့ဆက်သွယ်ရေး

fbသုံးသူတိုင်းသိထားသင့်တဲ့ဆက်သွယ်ရေး

ပုဒ်မ၆၆ဆိုတာပုဒ်မ၆၆။ မည်သူမဆို အောက်ပါပြုလုပ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၃နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်၂ရပ်လုံးဖြစ်စေချမှတ်ရမည်။ပုဒ်မ၆၆(က)။ ဆက်သွယ်ရေး ကွန်ယက်အတွင်းသို့ ယင်း၏...

ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည်လား??

ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည်လား??

ရာဇဝတ်မှု တစ်ခုဖြစ်လာခဲ့ရင် ရဲစခန်းမှာ တပ်တဲ့ ပုဒ်မ က အတည် မဟုတ်ပါဘူးရဲက အမှုဖြစ်စဥ်ကို စုံစမ်းဖို့ အတွက် သက်ဆိုင်ရာ ပုဒ်မ တစ်ခုတပ်ပြီး စစ်ဆေးခြင်းဖြစ်ပါတယ်စွပ်စွဲခံရသူကို တရားရုံးကို တရားစွဲတင်တော့မည့် အချိန်မှာ စုံစမ်းစစ်ဆေးရေး ရဲအရာရှိရဲ့ တွေ့ရှိခ...

"ဧည့်စာရင်းတိုင်ဖို့ပျက်ကွက်ရင်

"ဧည့်စာရင်းတိုင်ဖို့ပျက်ကွက်ရင်

ပုဒ်မ-၂၇ အရကျပ်တစ်သောင်းထက်မပိုသောငွေဒဏ်ကိုချမှတ်ရမည်။ငွေဒဏ်ပေးဆောင်ရန် ပျက်ကွက်ပါက ထောင်ဒဏ်(၇)ရက်ထက်မပိုသောထောင်ဒဏ်ကျခံစေရန် သက်ဆိုင်ရာတရားရုံးကချမှတ်ရမည်။"အရပ်ထဲလျှောက်ပြောနေကြသလိုဧည့်စာရင်းမတိုင်ရင်ထောင်ဒဏ်(၁)လတန်းချရမယ်တို့ ဘာတို့ဆိုတာ မဟုတ်...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate