မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ အမွေဆက်ခံခြင်း ၊ အမွေခွဲဝေခြင်းဆိုင်ရာ အခြေခံသဘောတရားများ

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ အမွေဆက်ခံခြင်း ၊ အမွေခွဲဝေခြင်းဆိုင်ရာ အခြေခံသဘောတရားများ

       မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ အမွေဆက်ခံခြင်း ၊ အမွေခွဲဝေခြင်းဆိုင်ရာ အခြေခံသဘောတရားများ
သတင်းဆောင်းပါး - ဦးကျော်ကျော် ( တရားရေး )
အမွေခွဲဝေပေးစေလိုမှုတွင် အဓိကရည်ရွယ်ချက်မှာ အမွေရထိုက်သူတို့အား အမွေခွဲဝေပေးရန်ဖြစ်ပေရာ ကွယ်လွန်သူ၏ အမွေကို မည်သူမည်ဝါတို့က ဆက်ဆံခွင့်ရှိသည်။ တရားလိုသည် အမွေဝေစု မည်ရွေ့မည်မျှ ရထိုက်သည် ၊ ကွယ်လွန်သူ ကျန်ရစ်သောအမွေပစ္စည်းများသည် မည်သည့် ပစ္စည်းများ ဖြစ်သည် ၊ ကွယ်လွန်သူပေးရန် ၊ ရရန်ရှိသော ကြွေးမြီများ မည်ရွေ့ မည်မျှရှိသည် စသည်တို့ကို စီစစ်ဆုံးဖြတ်ပြီး တရားလိုနှင့် ဝေစုရလို၍ ရုံးခွန် ထမ်းဆောင်သော တရားပြိုင်တို့အား အမွေခွဲဝေပေးရန် ဖြစ်သည်။ 

 

        တရားလိုသည် အမွေရထိုက်ခွင့် ရှိ မရှိ စီစစ်ရာ၌ ၎င်းကချုပ်ဆိုခဲ့သော စွန့်လွှတ်စာတမ်းသည် တရားဝင်သည် မဝင်သည်ကို အမွေမှုတွင်ပင် အဆုံးအဖြတ် ပေးနိုင်သည်။ ထိုနည်းတူ ကွယ်လွန်သူ၏ အမွေပစ္စည်းများကို စီစစ်ရာ၌ ပစ္စည်းတစ်ရပ်သည် ကွယ်လွန်သူ ကျန်ရစ်သောပစ္စည်း ဟုတ် မဟုတ် အဆုံးအဖြတ်ပေးခွင့် ရှိသည့်အလျောက် ကွယ်လွန်သူ တစ်ချိန်က ပိုင်ဆိုင်ခဲ့သောပစ္စည်းကို ကွယ်လွန်သူကလွှဲပြောင်း ပေးခြင်းမှာ ဥပဒေနှင့် ညီညွတ်ခြင်းရှိ မရှိ အမွေမှုတွင် အဆုံးအဖြတ် ပေးနိုင်သည်ဟု ကောက်ယူ ရပေမည်။ (ဦးသိန်းဟန်နှင့် မငွေပါ ။ ၁၉၈၇ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ-၈၇)


အမွေခံ အစီအစဉ်
        မြန်မာ့ဓလေ့ထုံးတမ်း အမွေခန်းဥပဒေတွင် လူတစ်ယောက် ကွယ်လွန်ပါက ၎င်း၏ အမွေပစ္စည်းများကို အမွေခံ အစီအစဉ်အရ မည်သူမည်ဝါတို့သည် အမွေခံ အမွေစား ဖြစ်ရမည်။ ၎င်းတို့၏ အမွေဝေစုသည် မည်၍မည်မျှ ဖြစ်ရမည်စသဖြင့် အတိအကျ သတ်မှတ်ပြီးဖြစ်ပေသည်။ ထို့ကြောင့် အမွေရှင် သေဆုံးသည်နှင့်တစ်ပြိုင်နက် ဆက်ခံခွင့် ရရှိသည်။ အမွေဆက်ခံသူ၏ အဆိုပါ အခွင့်အရေး ကိုလည်း “အပြီးအပိုင် ရရှိသည့် အကျိုးခံစားခွင့်” (Vested Right) ဟု ခေါ်ဆိုပေသည်။ (ဦးအောင်ခင် နှင့် ဒေါ်ရင်လှပါ ၆ ၊ ၁၉၉၆ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စာမျက်နှာ ၈၁)


     မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ အမွေဆက်ခံခြင်းဆိုင်ရာ ဥပဒေသတစ်ရပ်မှာ ကွယ်လွန်သူနှင့် ဆွေမျိုးဆက်နီးသူကားသူအား အမွေမှပယ်ထုတ်ခြင်း ဖြစ်သည်။ (မနီလာမော်နှင့် ဒေါ်သန်းသန်းပါ ၁၈ ၊ ၁၉၈၄ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စာမျက်နှာ ၁၉)
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ အမွေခံအမွေစားများသည် အမွေပုံပစ္စည်းတွင် အတူပိုင်ဆိုင်သူများ ဖြစ်ကြသော်လည်း ပူးတွဲပိုင်ရှင်များ မဟုတ်ကြပေ။
သားသမီးများသည် မိဘတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း ၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများ သာမက “ကုန်အမှတ်တံဆိပ်” အသုံးပြုခွင့်ကိုပါ အညီအမျှ အမွေဆက်ခံခွင့် ရှိကြသည်။ (မသန်းပါနှင့် ဦးချစ်ဆွေ ၊ ၁၉၆၁ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ (လွှတ်တော်ချုပ်) ၊ စာမျက်နှာ-၁၃၆)
မြန်မာ့ဓလေ့ထုံးတမ်းအရ မိဘတစ်ဦးဦး ကွယ်လွန်ပြီးနောက် ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုလျှင် သားသမီးများသည် ကျန်ရစ်သူ မိဘထံမှ အမွေတောင်းခွင့် ရှိပေသည်။ အကယ်၍ ထိုကဲ့သို့ တောင်းခံခဲ့ခြင်း မရှိလျှင် မိရင်းဖရင်း သေဆုံးသောအခါ မိထွေး ပထွေးထံမှ အမွေတောင်းခွင့် ရှိပေသည်။ အကြောင်းမူ ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုသည်ကို အကြောင်းပြုပြီး သားသမီးတို့က ထိုမိဘထံမှ အမွေတောင်းခံခြင်းမှာ ကွယ်လွန်သူအမိ သို့မဟုတ် အဖ၏ အမွေစားအမွေခံ အဖြစ်ဖြင့် တောင်းခံခြင်း ဖြစ်သည်။ မိရင်းဖရင်း သေဆုံးသွား၍ မိထွေး ပထွေးထံမှ အမွေတောင်းခံခြင်းမှာမူ ကွယ်လွန်သွားသည့် မိရင်းဖရင်း၏ အမွေစား အမွေခံအဖြစ်ဖြင့် တောင်းခံခြင်း ဖြစ်ပေသည်။ (ဒေါ်ခင်မာချိုနှင့် ဦးညွန့်အောင် အမှု ၊ ၂၀၁၈ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စာမျက်နှာ ၁၆)
နှုတ်ဖြင့် ခွဲဝေနိုင်
အမွေပုံကို နှုတ်ဖြင့် သဘောတူ ခွဲဝေနိုင်သည်။ သို့သော် အမွေခွဲဝေယူမှုကို စာဖြင့်ရေးသားထားပြီး ထိုသဘောတူချက် စာတမ်းတွင် တန်ဖိုးငွေကျပ် ၁၀၀ (ယခုကျပ်တစ်သိန်း) ထက်ပိုသည့် မရွှေ့ မပြောင်းနိုင်သော ပစ္စည်းပါဝင်နေပါမူ ထိုစာတမ်းကို မှတ်ပုံတင်အက်ဥပဒေနှင့်အညီ မှတ်ပုံတင်ရန် လိုပေသည်။ (ဦးအောင်ညွန့်နှင့် မောင်အုန်းမြင့် ၊ ၁၉၈၁ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စာမျက်နှာ ၁၂၁)
မိသားစုစီမံမှုဖြင့် အမွေခွဲဝေရာတွင် စာဖြင့် ရေးသားထားပါက ထိုစာတမ်းတွင် တန်ဖိုးငွေကျပ် တစ်ရာထက်ပိုသည့် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းပါဝင်နေလျှင် ထိုစာတမ်းကို မှတ်ပုံတင်ရန် လိုအပ်သည်။ ယခုအမှုတွင် တင်ပြထားသော ကတိစာချုပ်များ ကို စာချုပ်စာတမ်း မှတ်ပုံတင် ဥပဒေနှင့်အညီ မှတ်ပုံတင်ထားကြောင်း မတွေ့ရပေ။ ထို့ပြင် ပစ္စည်းသည် ကန့်ကွက်သူ၏ လက်ဝယ်ရှိ မရှိပြဿနာကို အမွေထိန်းစာ ထုတ်ပေးစေလိုမှု၌ ဆုံးဖြတ်ရန် မလိုအပ်သောကြောင့် အမွေကျန်ပစ္စည်းများကို ခွဲဝေ လက်ရှိရယူပြီးကြောင်း ချေပချက်ကို လက်ခံရန် မသင့်ပေ။ (ဒေါ်တိုးတိုးညွန့်နှင့် ဦးတင်ရွှေပါ ၃ ၊ ၁၉၉၂ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စာမျက်နှာ ၅၅)
အဆိုပါ စီမံမှုကို စာတမ်း ရေးသားထားပြီး တန်ဖိုးငွေကျပ် တစ်ရာထက်ပိုသည့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းပါနေလျှင် မှတ်ပုံတင်ဥပဒေအရ မှတ်ပုံတင်ရန် လိုပေသည်။ (မရှုမွေးနှင့် ဒေါ်ကျေးမျှင် ၊ ၁၉၅၀ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ လွှတ်တော်စာမျက်နှာ ၁၁၁)
နီးစပ်ရာ ဆွေမျိုးသားချင်းများသည် အဆိုပါ ပစ္စည်းများမှာ သေသူနှစ်ဦးပိုင် ပစ္စည်းများဖြစ်သည်ဟု ယုံကြည်လက်ခံပြီး မိသားစုပြေငြိမ်းမှု (Family Settlement) ကို ဖန်တီးသည့် အနေဖြင့် ခွဲဝေရယူကြရန် သဘောတူညီ ကြဟန်ရှိသည်။ ယင်းသို့ မိသားစုပြေငြိမ်းမှုဖန်တီးသည်ကို တရားရုံးများက အားပေးလိုက်လျော လက်ခံ အတည်ပြုလေ့ ရှိကြလေသည်။ (မပန်းစီ(ခ)ဒေါ်ရင်ရင်နှင့် မလှရင်ပါ ၆ ၊ ၁၉၆၃ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စာမျက်နှာ ၈၀၀ (၈၀၈))
မိသားစုစီမံခန့်ခွဲမှု စာချုပ်စာတမ်းများကို မှတ်ပုံတင်လိုက တင်နိုင်သော စာချုပ်စာတမ်း အမျိုးအစား အဖြစ် ပြဋ္ဌာန်းထားသည်။ (စာချုပ်စာတမ်းများ မှတ်ပုံတင်ဥပဒေပုဒ်မ ၁၇(စ))
ဆန္ဒသဘောထားများ ပါဝင်
အမွေပုံကို မိသားစုစီမံခန့်ခွဲမှုအရ ညှိနှိုင်းခွဲဝေ ယူကြရာတွင် အမွေဆိုင်အချင်းချင်း သဘောတူ ညီညွတ်မှုက အဓိကဖြစ်ကြောင်း ၊ အမွေဆိုင်တို့သည် တစ်ရပ်တစ်ကျေးစီတွင် သီးခြားနေထိုင်ကြရာဝယ် တစ်နေရာတည်း၌ စုစည်းဆုံတွေ့ကြရန် လွယ်ကူမည် မဟုတ်ပေ။ ထိုသို့ တညီတညွတ်တည်း စုံစည်းဆုံတွေ့မှသာ မိသားစုစီမံမှု အထမြောက်မည်ဆိုလျှင် အထမြောက်သည့် မိသားစုစီမံမှုတစ်ခုဖြစ်ရန်ခဲယဉ်း ပေလိမ့်မည်။ သို့ဖြစ်၍ အမွေဆိုင် အစုံအလင် ပါဝင်ရမည်ဆိုရာတွင် ၎င်းတို့အားလုံး၏ ဆန္ဒသဘောထားများ ပါဝင်ရမည်ကို ဆိုလိုခြင်း ဖြစ်သည်ဟု ကောက်ယူ သင့်သည်ဟူ၍ ဦးထွန်းရင်ပါ၂နှင့် မဝင်းရီပါ ၈ အမှု ၊ ၁၉၉၄ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စာမျက်နှာ ၇၄ တွင် ထုံးပြုထားသည်။
မိဘတစ်ဦးဦး ကွယ်လွန်ပြီး ကျန်ရစ်သူမိဘ နောက်အိမ်ထောင်ပြုသည့်အခါ ကွယ်လွန်သူနှင့် ရရှိခဲ့သော သားသမီးများသည် ကျန်ရစ်သူမိဘထံမှ ကွယ်လွန်သူမိဘ အစုကို ရရှိသည်။ ယင်းဝေစုကို အမွေယူခဲ့ပါလျှင် ထိုကျန်ရစ်သူ မိဘကွယ်လွန်သော အခါ အမွေတောင်းခွင့်မရှိတော့ပေ။ သို့ရာတွင် အမွေ တောင်းခံခဲ့ခြင်း မရှိခဲ့ပါမူ ကျန်ရစ်သူမိဘ ကွယ်လွန်သောအခါ မိထွေး ၊ ပထွေးထံမှ အမွေတောင်းခံခွင့် ရှိသည်။ (ဦးမြတ်စိုးပါ၄ နှင့် ဒေါ်တင်ကြည် အမှု ၊ ၂၀၀၅ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စာမျက်နှာ ၄၂)
ပစ္စည်းများကို ခွဲဝေပေးခွင့်ရှိ
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ မိဘတစ်ဦးဦး မသေမီ သားသမီးများဖြစ်ကြသည့် အမွေစားအမွေခံ တို့၏ သဘောတူချက်ဖြင့် အမွေပုံပစ္စည်းများကို ခွဲဝေပေးခွင့်ရှိသည်။ ထိုသို့ပြုလုပ်ခြင်းမှာ မိသားစု စီမံမှုဟု ခေါ်သည်။ (မောင်ခွေးသိုး (ဒေါ်ထပ်ကြီး ၏ တရားဝင်ကိုယ်စားလှယ်) နှင့် ဒေါ်မြတ်ကြီး အမှု၊ ၁၉၈၀ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ ၉၂)
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မိသားစုစီမံမှု ဆိုသည်မှာ ပစ္စည်းရှင် မသေဆုံးမီ ပစ္စည်းရှင်နှင့် မိသားစုဝင်တို့၏ သဘောတူညီမှုဖြင့် ပစ္စည်းရှင် သေဆုံးသည့်အခါ အမွေပစ္စည်းများကို မည်သို့ ခွဲဝေယူကြမည် ဆိုသည့် စီမံမှုကို ခေါ်သည်။ မိသားစုစီမံမှု ပြုလုပ်ရာတွင် အမွေပစ္စည်း၌ အခွင့်အရေးရရှိသူများ အားလုံးပါဝင်ရန် လိုသည်။ (ဒေါ်ငွေလှိုင်ပါ ၈ ၊ မောင်ကျော်ဝိန် (ခ) မောင်ကျော်စိန်ပါ ၂ နှင့် ဦးလှဆောင်ပါ ၃ ၊ ဒေါ်ငွေလှိုင်ပါ ၉ အမှု ၊ ၁၉၉၁ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စာမျက်နှာ ၅၀)
ငြင်းဆိုခွင့်မရှိ
အမွေခံတို့၏ သဘောတူညီချက်ဖြင့် ပြုလုပ်သည့် မိသားစုစီမံမှုအတိုင်း ပစ္စည်းခွဲဝေပြီးပါက ထိုစီမံမှုကို ဖောက်ဖျက်ခွင့်မရှိ ၊ ထိုစီမံမှုသည် တရားဥပဒေအရ တည်မြဲခိုင်မာခြင်း မရှိဟု သက်သေခံအက်ဥပဒေပုဒ်မ ၁၁၅ အရ ငြင်းဆိုခွင့် မရှိတော့ပေ။ (ဦးဘမင်းနှင့် ဒေါ်မြမြပါ ၂ အမှု ၊ ၂၀၀၇ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စာမျက်နှာ ၇၅)
အမွေဆိုင်မြေ၌ အမွေဆိုင်တစ်ဦးက ၎င်းတစ်ဦးတည်းပိုင်သည့် နှစ်ထပ်တိုက်ခံအိမ် ဆောက်လုပ်ပြီး အိမ်ငှားထားကာ အိမ်လခများကိုနှစ်ပေါင်း ၄၀ ကျော် တစ်ဦးတည်း ခံစားခဲ့ခြင်းသည် အခြား အမွေဆိုင်များအား ဆန့်ကျင်လက်ရှိထားခြင်း ဖြစ်သည်။ (ဒေါ်သစ်သစ် နှင့် ဒေါ်ရီရီမြင့် ၊ ၁၉၉၇ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စာမျက်နှာ ၁၂၁(၁၂၇) (စုံညီ))
အမွေဆိုင်တစ်ဦးက အမွေပုံပစ္စည်းကို လက်ရှိထားရာတွင် သာမန်အားဖြင့် ဆိုပါက ထိုပစ္စည်းကို အမွေဆိုင်အားလုံး အတွက် လက်ရှိထားသည်ဟု မှတ်ယူရမည် ဖြစ်သည်။ (မမြဲကြင်နှင့် မအေးတင် ၊ ၁၉၆၃ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စာမျက်နှာ ၉၈၃)
မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများသည် သေတမ်းစာ ပြုလုပ်၍ ပစ္စည်း လွှဲပြောင်းပေးခြင်း မပြုလုပ်နိုင်ပေ။ (ဒေါ်မယ်သင်နှင့် ဦးငွေထိန်ပါ၈ အမှု ၊ ၁၉၇၆ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စာမျက်နှာ - ၅၃)
မြန်မာ ဗုဒ္ဓဘာသာတို့အတွက် အမွေထိန်းစာ မထုတ်ဘဲ မနေရဟု ဥပဒေက မဆိုပေ။ ထုတ်ပေးရန် မလိုလျှင် ထုတ်မပေးခြင်းက ပို၍တရားမျှတ မှန်ကန်၏။
ဆက်ခံခွင့်ရှိ
မြန်မာ့ဓလေ့ထုံးတမ်းဥပဒေ ၊ အမွေခန်း ဥပဒေအရ ကွယ်လွန်သူတွင် ခင်ပွန်း သားသမီး မြေးမြစ် အစရှိသော တိုက်ရိုက် အဆက်အနွယ်များ ၊ ကိတ္တိမသားသမီး ၊ လင်ပါ မယားပါ သမီးနှင့် ကိဠိတ (သားသမီး အစရှိသော သူများမရှိလျှင် ထိုသူ၏ အမွေပစ္စည်းများကို ( ၁ ) ညီအစ်ကိုမောင်နှမများ ၊ ( ၂ ) မိဘများ ၊ ( ၃ ) ဘိုးဘွားများ ၊ ( ၄ ) တူ ၊ တူမများ ၊ ( ၅ ) ဘကြီး ဘထွေး ၊ ဦးရီး ( ဦးကြီး ) ၊ ဦးလေး ၊ အရီးကြီး ၊ အရီးလေး ၊ မိကြီး မိထွေး ၊ ( ၆ ) တူ ၊ တူမများ၏ သားသမီးများက ဦးစားပေး အစီအစဉ်အတိုင်း ဆက်ခံခွင့် ရှိကြပါသည်။ (ဦးမြင့်စိုးနှင့် ဦးသန်းစိုးပါ ၄ ၊ ၂၀၀၈ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စာမျက်နှာ ၈၄)
သက်သာခွင့်ကို ခွင့်ပြု
သာမန်ဥပဒေသမှာ အမှုသည်တို့၏ အခွင့်အရေးကို အမှုစွဲဆိုသည့်နေ့၌ တည်ရှိသည့်အတိုင်း ဆုံးဖြတ်ရန် ဖြစ်သည်။ အမှုစွဲဆိုပြီးမှ ရရှိသော အခွင့်အရေးများအပေါ် အခြေခံ၍ အဆုံးအဖြတ် ပေးရန် မဟုတ်ပေ။ သို့ဖြစ်ရာ တရားစွဲဆိုစဉ်က တရားစွဲဆိုရန် အကြောင်း မပေါ်ပေါက်သေးလျှင် တရားစွဲဆိုပြီးမှ ပေါ်ပေါက်သည့် တရားစွဲဆိုနိုင်ရန် အကြောင်းကို အခွင့်ကောင်းယူကာ သက်သာခွင့် တောင်းခြင်းကို သာမန်အားဖြင့် ခွင့်ပြုမည် မဟုတ်ချေ။ သို့ရာတွင် အခြေအနေများ ပြောင်းလဲလာခြင်းကြောင့် မူလတောင်းဆိုသော သက်သာခွင့်မှာ မဆီလျော်တော့လျှင် သို့မဟုတ် အမှုဆိုင်ခြင်းကို တိုတောင်းစေရန်ဖြစ်စေ ၊ အမှုသည်များအကြား တရားမျှတမှု အပြည့်အဝ ဖြစ်စေရန်ဖြစ်စေ ပြောင်းလဲလာသော အခြေအနေများအရ တရားရုံးက အဆုံးအဖြတ်ပေးရန် လိုအပ်လျှင် တရားရုံးသည် အထက်ပါ ဥပဒေသမှ သွေဖည်ကာ ပြောင်းလဲလာသော အခြေအနေများအပေါ် အခြေခံ၍ သက်သာခွင့်ကို ခွင့်ပြုရန်ဖြစ်သည်။ မူလရုံးက ပဏာမဒီကရီချမှတ် ပြီးနောက် အထူးအယူခံ မတိုင်မီတွင် ဦးညွန့်မောင် ကွယ်လွန်သွား၍ အခြေအနေ ပြောင်းလဲသွားခဲ့သည့် မအေးအေးထိုက်တို့၏ ရပိုင်ခွင့် ဝေစု တိုးသွားသည်။ ဤအခြေအနေတွင် မအေးအေးထိုက်တို့နှင့် ဒေါ်ခင်အေးကြည်တို့ အကြား အမှုတိုးပွားခြင်းကို ရှောင်လွှဲရန်နှင့် အမှုသည်အကြား ပြီးပြည့်စုံသည့် တရားမျှတမှု ဖြစ်စေရန် တရားရုံးသည် ပြောင်းလဲသွားသည့် အခြေအနေနှင့် ကိုက်ညီသည့် သက်သာခွင့်ကို ခွင့်ပြုမှသာလျှင် မှန်ကန်မျှတမည် ဖြစ်သည်။ (မအေးအေးထိုက်ပါ ၂ နှင့် ဒေါ်ခင်အေးကြည် (ကွယ်လွန်သူ ဦးညွန့်မောင်၏ တရားဝင်ကိုယ်စား လှယ်) ၊ ၂၀၀၁ ခုနှစ် ၊ မြန်မာနိုင်ငံ တရားစီရင်ထုံး ၊ စာမျက်နှာ-၄၈၀ ( ၄၈၁ ) )
သို့ဖြစ်ရာ ဆွေမျိုးရင်းခြာများ အကြား မလိုလားအပ်သော အငြင်းပွားမှုများဖြင့် အချိန်ကုန် ငွေကုန် အမွေပုံကုန်မှပြီး မဖြစ်ကြရလေအောင် အမွေမှု၏ အခြေခံသဘောတရားများကို အလွယ်တကူ လေ့လာ အသုံးပြုနိုင်စေရန် ရေးသား တင်ပြအပ်ပါသည်

Credit - ဥပဒေရေးရာ

Related Posts

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင်ခွင့် ရှိပါသလား

'နောက်အိမ်ထောင်ပြုလိုက် ရင် ပထမအိမ်ထောင်က အမွေရပိုင် ခွင့် ရှိပါသေးသလား''ဟု မိတ်ဆွေ တစ်ဦးက စာရေးသူထံ လာရောက် ဆွေးနွေးပါသည်။''ဘယ်လိုအခြေအနေမျိုးဖြစ် လို့လဲ၊ ပထမ အိမ်ထောင်နဲ့ လက်ထက် ပွားပစ္စည်းဆိုရင်တော့ ပထမဇနီး ခင်ပွန်းနဲ့ ထက်ဝက်စီအမွေဝေစုရခွင့် ရှိပါ...

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

အမွေရှင်က သူတစိမ်းအားအမွေပစ္စည်းအားလုံးကိုပေးကမ်းခြင်း

မြန်မာဓလေ့ထုံးတမ်းဥပဒေ- ပဋိညာဉ်ဥပဒေပုဒ်မ ၂၃ ပါ “ ဥပဒေ ” ဆိုသောစကားရပ်- မြန်မာနိုင်ငံတရား ဥပဒေများ ဆိုင်ရာဥပဒေပုဒ်မ ၁၃ (၁) - မြန်မာဗုဒ္ဓဘာသာဝင်များအကြား အငြင်းပွားနေသော အမွေဆက်ခံသည့် ကိစ္စနှင့်စပ်လျဉ်းသည့်ဓမ္မသတ်ပါ ပြဋ္ဌာန်းချက်များသည် ဥပဒေဖြစ်သည့်အလျ...

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မိဘအမွေ မဆက်ခံနိုင်သည့်သားသမီးများ

မြန်မာဓလေ့ထုံးတမ်းဥပဒေတွင် မိဘသည် သားသမီးများအားအမွေမှ မပယ်ထုတ်နိုင်ပေ\သို့ရာတွင်အောက်ပါ အကြောင်းသုံးရပ်ကြောင့်သားသမီးများသည် မိဘအမွေ ဆက်ခံနိုင်ခွင့်ဆုံးရှုံးခြင်းခံရပေသည်သူတစ်ပါးအား မွေးစားရန်ပေးအပ်ခံရခြင်းမိဘများကွာရှင်းပြတ်စဲကြပြီးနောက် သားသမီးဖြစ...

Download Yuzanar Land's Mobile Apps

ဘာကြောင့် ယူဇနာမြေ ကို ရွေးချယ်သင့်သလဲ?

  • www.yuzanarland.com ဟာ မိတ်ဆွေအတွက်ပါ။
  • အိမ်၊ ခြံ၊ မြေ ရောင်း / ဝယ် / ငှား ခြင်းလုပ်ငန်းနှင့်အတူ ဆက်နွယ်သော လုပ်ငန်းများစွာကို
  • တစ်ဦးတစ်ယောက်ချင်း သီးခြားလုပ်ကိုင်သော အကျိုးဆောင်များ နှင့်
  • အကျိုးဆောင် ကုမ္ပဏီကြီး များအတွက် သာမက
  • ပိုင်ရှင်ကိုယ်တိုင်များ အတွက်ပါ တိုက်ရိုက် ကြော်ငြာနိုင်ရန်
  • ကိုယ်ပိုင် Dashboard ဖြင့် စိတ်ကြိုက် ပြင်ဆင် ရောင်းဝယ်နိုင်ပြီး
  • မိမိကိုယ်ပိုင် အိမ်ကဲ့သို့သော်၎င်း ရုံးခန်း တစ်ခုကဲ့သို့ သော်၎င်း
  • လွတ်လပ်စွာ ရောင်း ဝယ်နိုင်ဖို အတွက် အထူးစီမံထား သော Online အိမ်၊ ခြံ၊ မြေ ရောင်း၊ ဝယ်၊ ငှား Website ကြီးဖြစ်ပါသည်။
Read More »

ဆက်သွယ်ရန်

Get latest properties in email!

Copyright © 2020 | All rights reserved by Yuzanar Land Real Estate