သတင်းစာထဲတွင် သား/သမီး အဖြစ် အမွေပြတ်စွန့်လွှတ်ခြင်းဟာ တရားဝင်ပါသလား။
13-Aug-21

တောင်းဆိုး ပလုံးဆိုးတာ ပစ်ရိုးထုံးစံရှိသည်။ သားဆိုး သမီးဆိုးကို ပစ်ရိုးထုံးစံမရှိဆိုသော ဆိုရိုးစကားလေးအတိုင်း မိဘများအနေနှင့် မိမိတို့၏ သားသမီး မည်မျှပင် ဆိုးနေစေကာမူ ပစ်ထားရိုးထုံးစံမရှိပေ။
သို့ပေမယ့် ယုတ်မာ ရိုင်းစိုင်းသော သွာနုတ္တရမည်သည့် ခွေးနှင့်အလားသဏ္ဍာန်တူသည့် သားသမီးများကိုမူ တရားဥပဒေက သားသမီးအဖြစ်မှ ရာသက်ပန် စွန့်လွှတ်ဖို့ခွင့်ပြုထားခဲ့ပါသည်။ မည်ကဲ့သို့သော သားသမီးများကိုသွာနုတ္တရ သားသမီးအဖြစ် သတ်မှတ်ခဲ့ကြသနည်းဆိုတာ ကိုတော့ နားလည်ထားသင့်ပါသည်။
မိဘအား ဆဲဆိုသော သားသမီး၊ မိဘအား သွေးထွက်သံယိုဖြစ်အောင် ရိုက်နှက်သော သားသမီး နှင့် မိဘအသက်အား ရန်ရှာကာ ရန်သူသဖွယ် ပြုမှုဆက်ဆံသော သားသမီးတိုဖြစ်ကြပါသည်။
သို့ပေမယ့် ယခုခေတ်တွင် ပြင်ပလောကတွင်သော်လည်းကောင်း၊ ရုပ်ရှင် ဗွီဒီယိုများထဲ၌သော်လည်းကောင်း မိဘများမှ မိမိတို့၏ စကားနားမထောင်ပဲ အိမ်ပေါ်မှ ဆင်သွားသော သားသမီးများနှင့် မိမိတို့ သဘောမတူ မကြည်သူနှင့် အိမ်ထောင်ပြု သွားသော သားသမီး များကို အများအားဖြင့် သားဆိုးသမီးဆိုးဟု သတ်မှတ်ကာ နိုင်ငံပိုင်သတင်းစာများထဲတွင် သားသမီးအဖြစ်မှ စွန့်လွှတ်ကြောင်း အများသိစေရန် ကြေငြာထည့်သွင်းခဲ့ကြသည်။
ထိုသို့ကြေငြာထည့်သွင်းထားလျှင် မိဘနှင့် သားသမီးအဖြစ်မှ ရပ်စဲသွားသည်ဟုလည်း မှတ်ယူနေလျှက်ရှိကြပါသည်။
အမှန်တွင်တော့ အထက်တွင်ဖော်ပြထားသကဲ့သို့ မိမိတို့၏ သားသမီးမှာအမှန်တကယ်သွာနုတ္တရသားသမီးဖြစ်မဖြစ်သေချာစွာလေ့လာ၍ ဖြစ်ခဲ့သည်ဆိုပါက မိမိတို့နေထိုင်ရာမြို့နယ်ရှိ တရားရုံးတော်သို့ သွားရောက်၍ မိမိတို့၏ သားသမီး ဖြစ်သူမှာ အမှန်တကယ်ယုတ်မာရိုင်းစိုင်း၍ သွာနုတ္တရ မည်သော ခွေးနှင့် အလားသဏ္ဍာန်တူသော သားသမီး အဖြစ်သတ်မှတ်၍ ရာသတ်ပန်သားသမီးအဖြစ် မှ စွန့်လွှတ််ခွင့်ပြုပါရန် စာနှင့်ရေးသားလျှောက်ထားရပါမည်။
တရားလို အနေနှင့် မိဘများက ဆောင်ရွက်ရပြီး တရားပြိုင်နေရာ၌ မိမိတို့စွန့်လွှတ်လိုသော သား ( သို့မဟုတ် ) သမီးကိုထည့်ရပါမည်။ ရုံးတော်မှ တရားလိုဖြစ်သူ (မိဘ) နှင့် တရားပြိုင်ဖြစ်သူ ( သား / သမီး ) အား ကျမ်းကျိန်စစ်ဆေးစေ၍ လျှောက်ထားသည့်အတိုင်း မှန်ကန်ပါက ၎င်းသားသမီးများအားသွာနုတ္တရသားသမီးအဖြစ် သတ်မှတ်ပေးမည်ဖြစ်သည်။
သွာနုတ္တရ အဖြစ် အသတ်မှတ်ခံရသော သားသမီးများသည် မိဘများထံမှ အမွေဆက်ခံခွင့်ကို ဆုံးရှုံးမည်ဖြစ်ပါသည်။ ထို့ကြောင့် သတင်းစာထဲတွင် သားသမီးအဖြစ်မှ အမွေပြတ်စွန့်လွှတ်ကြောင်း ကြော်ငြာထည့်သွင်းရုံနှင့် စွန့်လွှတ်ခြင်း အထမမြောက်ကြောင်းနှင့် အမွေဆက်ခံခွင့် ဆုံးရှုံးမည်မဟုတ်ကြောင်း ဗဟုသုတ အနေနှင့် တင်ပြလိုက်ရပါသည်။