လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇
13-Aug-21

ပုံစံ (၇) မိဘအမည်ပေါက်လယ်ယာမြေကို သားသမီးတွေ ခွဲတဲ့အခါ ပုံစံ ၇ ရအောင်ဘယ်လို လုပ်ရမလဲ
ပုံစံ ၇ က မိဘအမည်ပေါက်ဖြစ်ပါတယ် ။ လက်ရှိမှာ မိဘမရှိတော့တဲ့အတွက် အဲဒီလယ်ယာမြေကို ကျန်တဲ့ သားသမီးက အမွေခွဲလိုပါတယ် ။ လယ် ၁၀ ဧကကို သားသမီး ၃ ယောက်ခွဲတဲ့အခါ ပုံစံ ၇ ရအောင်ဘယ်လို လုပ်ရမလဲဆိုတာကို သိလိုပါတယ် ။
နည်းလမ်း ၂ မျိုးရှိနေပါတယ်။ ပထမက လယ်ယာမြေနည်း ဥပဒေ အခန်း ၄ နည်း ၂၉ အရ လယ်ယာမြေ လုပ် ပိုင်ခွင့်ကို အမွေဆက်ခံခွင့်ရှိကြောင်း အထောက်အထားနှင့်အတူ ပုံစံ ၉ (က)ဖြင့် မြို့နယ် ဦးစီးဌာနရုံးသို့ လျှောက်ထားရန် ဖြစ်ပါတယ်။
လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ ၇ ရရှိပြီးသော ဦးပိုင်များအား အမွေဆက်ခံခြင်းအရ ခွဲစိတ်ပြောင်းလဲပြင်ဆင်ပေးရန် အတွက် ဗဟိုလယ်စီအဖွဲ့မှ (၂၄-၅-၂၀၁၇) ရက်စွဲပါ ညွန်ကြားချက် အမှတ် (၁/၂၀၁၇) အပိုဒ် ၄ ပိုဒ်ခွဲ (က) ပါအချက်များနှင့် အညီလျှောက်ထားရပါမယ်။
အဆိုပါ အပိုဒ် ၄ အပိုဒ်ခွဲ (က) အပိုဒ်ခွဲငယ် ၄ တွင်ဖော်ပြထားချက်အရ အမွေဆက်ခံခွင့်ရှိကြောင်း အထောက်အထားအဖြစ် စီရင်ပိုင်ခွင့်ရှိသာ တရားရုံးမှ ထုတ်ပေးသော အမွေဆက်ခံခွင့် လက်မှတ် မိတ္တူပါရှိရန်ဖြစ်ပါတယ်။
အမွေဆိုင်အချင်းချင်း ခွဲဝေမှု မကျေနပ်ရင် ဆောင်ရွက်ရမည့် ဒုတိယနည်းလမ်းကတော့ လယ်ယာမြေဥပဒေ ပုဒ်မ ၉ ပုဒ်မခွဲ (ဂ) ပါ လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်း နှင့် စပ်လျဉ်း၍ အငြင်းပွားမှု ပေါ်ပေါက်လာ ပါက တည်ဆဲဥပဒေနှင့် အညီသက်ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ်ခံယူနိုင်ခွင့် ရှိကြောင်း ပြဋ္ဌာန်းချက်အရ တရားရုံးသို့ လယ်ယာမြေလုပ်ပိုင်ခွင့်အား အမွေဆက်ခံခွင့် လျှောက်ထားရယူရန်ဖြစ်ပါတယ်။
DVBlawlab နှင့် ဆရာဦးဇော်မင်း (မြေယာဥပဒေနှင့် မြေယာ စီမံခန့်ခွဲရေး လုပ်ထုံးလုပ်နည်းများ အတိုင်ပင်ခံ) အမေး / အဖြေ
မှ ကူးယူတင်ပြပါသည်။